Friday, October 31, 2014

လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူ ဖမ်းဆီးရမိ



၃၁.၁၀.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် သာကေတမြို့နယ်နေ ဒေါ်ဖြူဖြူထွေးမှ ၎င်း၏ သားဖြစ်သူ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်၊ (၂၃)နှစ်မှာ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ တိရစ္ဆာန်ဥယျာဉ် ၀န်ထမ်းအိမ်ရာအနီး၊ မြန်မာမေဖလားဝါး ဘဏ်ဟောင်းရှေ့ ပလက်ဖောင်းပေါ်တွင် လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲလက်ပြင်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို သိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၆၂၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူသည် ၃၀.၁၀.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် နေအိမ်မှ ထွက်သွားပြီး သူငယ်ချင်းများဖြစ်သည့် ဇော်ရဲအောင်၊ ပြူးကြီးတို့နှင့်အတူ အငှားယာဉ်ဖြင့် ထွက်ခွာသွားကြောင်း စုံစမ်းသိရှိခဲ့ရပါသည်။

စုံစမ်းသိရှိရချက်အရ ဇော်ရဲအောင်နှင့် ပြူးကြီးတို့အား စုံစမ်းရှာဖွေခဲ့ရာ ၃၁.၁၀.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန်တွင် သာကေတမြို့နယ်၊ (၂/မြောက်) ရပ်ကွက်အတွင်းမှ သာကေတမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ တွေ့ရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းသို့ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါသည်။

ဇော်ရဲအောင်နှင့် ပြူးကြီးတို့(၂)ဦးအားစစ်ဆေးဆောင်ရွက်ခဲ့ရာ ၃၀.၁၀.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန် ခန့်တွင် ၎င်းတို့(၂)ဦးသည် သေဆုံးသူ ကျောက်ခဲ(ခ) အောင်ဆက်ပိုင်နှင့်အတူ သာကေတမြို့နယ်အတွင်း အရက်အတူသောက်ခဲ့ကြပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းသို့ အငှားယာဉ်
ဖြင့်လာရောက်ခဲ့ကြကြောင်း၊ အခင်းဖြစ်နေရာ အနီးအရောက် အငှားယာဉ်အား ရပ်တန့် ခိုင်းပြီး အငှားယာဉ်ခပေးရာတွင် (၂၀၀၀)ကျပ်ပေးရမည်ကို သေဆုံးသူမှ (၁၀၀၀)ကျပ်သာပေးသဖြင့် ဇော်ရဲအောင်နှင့်စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများစဉ် ဇော်ရဲအောင်မှ ၎င်းကိုယ်တွင် ၀ှက်ယူလာသည့် အရိုးအသွား (၁၀)လက်မခန့်ရှိ မောင်းခလုတ်ပါ ခေါက်ဓါးဖြင့် သေဆုံးသူ ကျောက်ခဲ(ခ) အောင်ဆက်ပိုင်အား ထိုးခဲ့သဖြင့် ဒဏ်ရာများရရှိ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူကို (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ပေါ်ပေါက်ချက်အရ ဇော်ရဲအောင်၊ (၂၁)နှစ်၊ သာကေတမြို့နယ်နေသူအား အမှုဖြင့်ဖမ်းဆီးအရေးယူ ကာ သက်သေခံဓါးအား သိမ်းဆည်းပြီး ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတင်းရရှိပါသည်။

Friday, April 19, 2013

ခင်ပွန်းနှင့်ယောက္ခမက ကိုယ်ဝန်သည်ဇနီးကို မကောင်းဆိုးဝါးဟု စွပ်စွဲသတ်ဖြတ်



ငယ်ရွယ်သည့် ကိုယ်ဝန်ဆောင်မိန်းခလေးတစ်ဦးကို မကောင်းဆိုးဝါးစီးနေသည်ဆိုသော စွပ်စွဲချက်ဖြင့် သတ်ပစ်လိုက်သည့် မိသားစုတစ်စုကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးတော့မည်ဖြစ်ကြောင်း သိရ သည်။
ခင်ပွန်းသည်နှင့် အခြားမိသားစုဝင် သုံးဦးတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၅၈ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း ရှေ့နေတစ်ဦးကပြောကြားသည်။
မိသားစုလေးဦးအနက်မှ တစ်ဦးသည် အသက် ၂၁ နှစ်အရွယ်ရှိ နာလီယာ မမ်တက်ဇ်အား လည်ပင်းညှစ်နေချိန် တွင် အခြားသုံးဦးက နာလီယာကို ဖမ်းချုပ်ပေးထားကြသည်။ သူတို့က နာလီယာကိုယ်ခန္ဓာထဲတွင် ဝင်ပူးနေ သည့် မကောင်းဆိုးဝါးကို ထိုနည်းဖြင့် ထွက်သွားစေရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ထွက်ဆိုကြသည်။
နာလီယာကို သတ်ဖြတ်ရန် ကြိုးပမ်းနေသူများထဲတွင် ခင်ပွန်းသည် မိုဟာမက် တူဆစ် မမ်တက်ဇ် ကိုယ်တိုင် ပါဝင်ပြီး ဇနီးသည်ကို အသက်ရှူကျပ်ပြီးသေသည်ဟု ထွက်ဆိုခဲ့သူဖြစ်သည်။ အခြား မိသားစုဝင် သုံးဦးမှာ အသက် ၅၁ နှစ်အရွယ်ဖြစ်သည့် မိဘနှစ်ပါး ဗီယာ အူဟတ်နှင့် ဆလမာ အက်စ်လမ်အပြင် အကိုဖြစ်သူ ဟာမက် ဟတ်စန်တို့လည်း ပါဝင်ခဲ့သည်။
တရားရုံးတွင် သုံးလအကြာ အမှုကို ကြားနာခဲ့ရာတွင် နာလီယာကို မိသားစုဝင်အားလုံးက မကြည်ဖြူ မနှစ် သက်ကြကြောင်း၊ ဇနီးသည်ကို မသေမချင်း လည်ပင်းညှစ်သတ်သည်မှာ ပေါ်လွင်ထင်ရှားကြောင်း သတ်မှတ် ဆုံးဖြတ်ကြသည်။
တရားသူကြီး ကိသ်က တရားခံများကို သေဒဏ်အထိချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့် သတ်ရကြောင်း ခိုင်လုံသည့် အထောက်အထားများ မရရှိသေးကြောင်း၊ စွဲချက်တင်ရာတွင်လည်း အမှုနောက် ကွယ်တွင် လူသတ်ရန် လှုံ့ဆော်သော မည်သည့်အကြောင်းအချက်များရှိနေကြောင်းကိုလည်း ရှေ့နေများက တင်ပြရန် အားနည်းနေသေးသောကြောင့် အမိန့်ချရန် ဆိုင်းငံ့ထားလိုက်သည်။
တရားရုံးက ခင်ပွန်းဖြစ်သူ ကိုယ်ခန္ဓာ ပိုလီယိုဝေဒနာခံစားရပြီး အကြောဆွဲနေသည့် မမ်တက်ဇ်၏ ထွက်ဆို ချက်ကို ကြားနာရာတွင် သူနှင့် ဇနီးဖြစ်သူတို့သည် ဇာတိဖြစ်သော ပါကစ္စတန်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇနီးသည် မကွယ်လွန်မီ ၁၄ လအလွန်က လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သူ၏ဇနီး ကွယ်လွန်ချိန်တွင် သူတို့၏ ပထမဆုံးကလေး ကိုယ်ဝန် ၆ လကိုလွယ်ထားကြောင်း သိရသည်။
လက်ရှိ သူတို့မိသားစုသည် ဘာမင်ဟန်မြို့တွင် နေထိုင်နေကြခြင်းဖြစ်ပြီး ဘာမင်ဟန်ဘုရင့်တရားရုံး၏ အမှုရင်ဆိုင်နေခဲ့ရသည်။ အိမ်နီ;ချင်းများ၏ အပြောအရ ကွယ်လွန်သူ နာလီယာသည် ပါကစ္စတန်သို့ ခေတ္တ ပြန်သွားပြီးနောက် ပြန်ရောက်လာသည့်အခါတွင် ကိုယ်ဝန်ရှိသည်ဟုပြောသဖြင့် သံသယဖြစ်နေကြသည် ဆိုသည့်စကားမှာလည်း စဉ်းစားစရာဖြစ်သည်။
သို့သော် မိသားစုများက နာလီယာတွင် ကိုရမ်ကျမ်းတွင် ပြဆိုထားသည့် မကောင်းဆိုးဝါး ပူးကပ်နေကြောင်း ထို့ကြောင့် ထိုမကောင်းဆိုးဝါးထွက်သွားစေရန် လည်ပင်းညှစ်ရခြင်းဖြစ်ကြောင်း  ထွက်ဆိုချက်မှာလည်း လက်ခံနိုင်စရာ မရှိကြောင်း တရားရုံးက သုံးသပ်သည်။
အရှေ့တိုင်းအတွေးအခေါ်များကို မိမိတို့ အနောက်တိုင်း အနေဖြင့် နားလည်ရန်ခက်ခဲကြောင်း၊ သူတို့ နေထိုင် သည့် အဖွဲ့အစည်းအတွင်း မကောင်းဆိုးဝါးများရှိသည်ဟု ယုံကြည်လက်ခံမှုများရှိနေသည်မှာ ထင်ရှားကြောင်း၊ မိသားစုဝင်တစ်ဦးသည် နာလီယာ မကွယ်လွန်မီက မကောင်းဆိုးဝါးများကိုနှင်ထုတ်ရန် အိမ်တွင်း၌ ဆုတောင်း ဝတ်ရွတ်ပွဲများလုပ်ခဲ့သေးကြောင်း ရှေ့နေ ခရစ်တိုဖာ ဟော့တန်ကပြောကြားသည်။ 

ကျောင်းသူများကို စကတ်လှန်ခိုင်းသည့်ဆရာအား ဖမ်းဆီးအရေးယူ



ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။
ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ်ဆိုက်ပေါ် တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ်မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူသို့ ဖော်ထုပ်ပြရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။
ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအားကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်းဆိုကြ သည်။
ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန်ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။
ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။
ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန်ကောင်မလေးများ” ဟုဖော်ပြထားချက်များအပေါ် မိဘများက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
မိဘတစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။
ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်းသိရသည်။ 

လုံခြုံရေးအခြေအနေကြောင့် ဒုက္ခသည်များ အိမ်မပြန်နိုင်သေး



ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ၁ လလောက် ကြာခဲ့ပြီဖြစ်ပေမယ့် မိတ္ထီလာမြို့ ဒုက္ခသည် စခန်း နေ ပြည်သူတွေ အိမ်ပြန်ချင်ကြ ပြီဖြစ်ပေမယ့် လုံခြုံရေး အခြေအနေကြောင့် ပြန်လို့ မရသေးပါဘူး။

သူတို့တွေ အိမ်ပြန် နေချင်ကြပြီ ဖြစ်ပေမယ့် သက်ဆိုင်ရာက စီစဉ်ရေးမှာ အကျပ်တွေ့နေတာကြောင့် အိမ်ပြန်လို့ မရ ဖြစ်နေကြတာပါ။

မိတ္ထီလာမြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ ခိုလှုံနေထိုင်နေတဲ့ ဦးခင်နန်းက သူတို့ အိမ်ပြန်နေချင်ပြီလို့ အခုလို ပြောပါတယ်။

“ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်မြေပဲလေ၊ ကျနော်တို့လည်း နိုင်ငံသားတွေပါ။ ၀န်ကြီးလည်း လာသွားတယ်လေ။ အားလုံး နိုင်ငံသားတွေပဲ၊ ကိုယ့်အိမ်ကိုယ်ပြန်ရမယ်။ ဒါပေမယ့် နည်းနည်းအေးချမ်းတဲ့ထိစောင့်ပေးပါပေါ့။ ကိုယ့်မိခင်အိမ်၊ မိခင်မြေကို ပျက်စီးမသွားဘူးဆိုရင် ပြန်ချင်ကြသူချည်းပဲ။ ဒါပေမယ့် လုံခြုံရေးအရတို့ ရှိနေသေးတယ်ဆိုတော့ ကျနော်တို့မှာ မပြန်ရသေးတာ။ ”

အိမ်ပြန်မနေရတာကလွဲရင် နေရေး၊ ထိုင်ရေး၊ စားရေးနဲ့ ကျန်းမာရေး အစစ ပြည့်စုံ လုံလောက်တယ်လို့ ပြောပါတယ်။

မိတ္ထီလာမြို့မှာ မီးရှို့ဖို့ လုပ်နေသူတွေ ရှိနေသေးပြီး နှစ်ဆန်း ၁ ရက်နေ့က ကြံစည် လုပ်ဆောင်ခဲ့တာ ရှိခဲ့တယ်လို့ မိတ္ထီလာမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးသီဟက ပြောပါတယ်။

“နှစ်ဆန်း ၁ ရက်နေ့ညနေမှာ ဓာတ်ဆီပေပါ ၄ ပေပါလောက်တွေ့တယ်။ နဂိုကလည်း အဲနေရာမှာ တွေ့ပြီးပြီ။ အုန်းလက်ခြောက်တွေ၊ ရေနံချေးတို့၊ ဒီမှာရှိတဲ့ အာဏာပိုင်တွေရော၊ အုပ်ချုပ်ရေးမှူးတွေရော ၀ိုင်းလိုက် လိုက်တာ လူကထွက်ပြေးသွားတယ်။ သင်္ကြန်အတက်နေ့ သပြေ၀ရွာမှာ မီးရှို့မှုတခုဖြစ်တယ်။ အိမ် ၁ အိမ်ပါသွားတယ်။”

အခုလိုမျိုး မီးရှို့ဖို့ ကြံစည်လုပ်ဆောင်တာ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ၈ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လဲ ပြောပါတယ်။

မိတ္ထီလာမြို့က ဒုက္ခသည်တွေ အိမ်ပြန်ပို့ဖို့ ကိစ္စအတွက် တာဝန်ရှိသူတွေ အကျပ်တွေ့နေတယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းထိန်က ပြောပါတယ်။

“အခုက ညရေးညတာတွေမှာ မီးလန့်တာ၊ လုံခြုံရေးလန့်တာတွေက ရှိနေသေးတယ်။ ၁ ပတ်မှာ ၁-၂ ဖြစ်နေသေးတယ်။ အဲတော့ ပြန်ပို့ဖို့ အာဏာပိုင်တွေက တော်တော်စဉ်းစားနေရတယ်။ ကျနော်တို့လည်း ကူစဉ်းစားပေးနေရတယ်။ မဖြစ်မနေတော့ ပြန်ပို့ပေးမှာပါ။ အာဏာပိုင်တွေရော၊ ကျနော်တို့ရော ဦးနှောက်အတော်ခြောက်နေပါတယ်။”

ပျက်စီးသွားတဲ့အိမ်တွေကို လူမှုဝန်ထမ်းဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆောက်ပေးဖို့ ရှိတဲ့ အကြောင်းလဲ ပြောပါတယ်။

မတ် ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာပဋိပက္ခအတွင်း လူ ၄၀ လောက် သေဆုံးပြီး လူဦးရေ ၁ သောင်းလောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြရတာ ဖြစ်ပါတယ်။




ဆိုက်ပရပ်စ် ရွှေထုတ်ရောင်းတဲ့ ဂယက် မြန်မာဈေးကွက် လာရိုက်




ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရောင်းချရန် ပြသထားသည့်ရွှေများ 
ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည် ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလမတိုင်ခင်က  ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀၀၀၀ (ခုနစ်သိန်းလေးသောင်း)  ကျော်ရှိခဲ့ပြီး အရောင်း အ၀ယ် မရှိဖြစ်ခဲ့ကြောင်း၊ ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈၅၀၀ (ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာ) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၇၃၀၀၀ (ခြောက်သိန်းခုနစ်သောင်း သုံးထောင်) ဈေးပေါက်သောကြောင့် သင်္ကြန်မတိုင်မီ ပေါက်ဈေးနှင့် ယှဉ်လျှင် မြန်မာ့ရွှေဈေးနှုန်းသည်  တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။
“ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးကို မူတည်ပြီးဖြစ်ပေါ်နေတာ။ အခု ကမ္ဘာ့ရွှေဈေးတွေ ထိုးဆင်းတော့ မြန်မာ့ရွှေဈေးလည်း လိုက်ဆင်းတယ်။ အခေါက်ရွှေ တကျပ်သားကို ၈၀၀၀၀ လောက်အထိကို ထိုးဆင်းသွားတာ။ အရင် အခေါက် တကျပ်သားကို ခုနစ်သိန်းခွဲလောက် ရှိနေရာကနေ ခြောက်သိန်း ခြောက်သောင်းလောက် အထိကို ဈေးတွေ ထိုးဆင်းတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများ  ကျသွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆိုက်ပရပ်စ်နိုင်ငံတွင် ဘဏ္ဍာရေးနှင့် ငွေကြေး အကျပ်အတည်းများကြောင့် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထုတ်ရောင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ဆိုကြသည်။
ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရွှေများ ဆိုက်ပရက်စ်နိုင်ငံက ဒေါ်လာသန်း ၅၀၀ ဖိုး ထုတ်ရောင်းရန် ရာထားထားရာ အခြား အကြပ်ဆိုက် ဥရောပနိုင်ငံများကလည်း ရွှေ ထုတ်ရောင်းရန် စဉ်းစား သုံးသပ်လာကြသောကြောင့် နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ ရွှေဈေးနှုန်း များ စံချိန်တင်ကျဆင်းခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၅၈ ဒသမ ၃၈ ရှိခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့တွင် ရွှေတအောင်စ လျှင် အမေရိကန် ဒေါ်လာ ၁၃၃၈ အထိ အနိမ့်ဆုံး ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
ရွှေဈေးနှုန်းများ ထိုးကျမှုနှင့်အတူ ၀ယ်သူ၊ ရောင်းသူများဖြင့် ဈေးကွက်စည်ကားနေပြီး အထူးသဖြင့် ရွှေဝယ်သူ များပြားကြောင်း၊ ထို့ပြင် ရန်ကုန်ရွှေဈေးနှုန်းသည် နယ်စပ်ဒေသမှ ရွှေဈေးနှုန်းများထက် မြင့်မားနေသဖြင့် နယ်စပ်ဒေသများမှ ရွှေများ ပြည်တွင်းရွှေဈေးကွက်သို့ ပြန်လည် ၀င်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ရွှေကုန်သည်တဦးက ဆိုသည်။
“ရောင်းတဲ့သူလည်း ငွေလိုတော့ ထုတ်ရောင်းတယ်။ ၀ယ်တဲ့သူတွေကလည်း ဈေးကျနေတဲ့အချိန် တချိန် ဈေးတက်မှာပဲဆိုပြီး ၀ယ်ကြတယ်။ အခုလက်ရှိ ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေဈေးနှုန်းက နယ်စပ်ဒေသက ရွှေဈေးနှုန်းထက် တကျပ်သားကို ၂၀၀၀၀ ကျော် ဈေးမြင့်နေတော့ နယ်စပ်ဒေသက ရွှေတွေ  ရန်ကုန်နဲ့ မန္တလေးဈေးကွက် ကို ပြန်ဝင်နေတယ်” ဟု အဆိုပါ ရွှေကုန်သည်က ဆိုသည်။
ရွှေဈေးနှုန်းများ ထိုးကျနေချိန် အမေရိကန်နှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်နေပြီး သင်္ကြန်ကာလမတိုင်မီက အမေရိကန်တဒေါ်လာ ၈၈၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ ဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် အမေရိကန်တဒေါ်လာလျှင် ၈၉၅ ကျပ် ရှိကြောင်း သိရှိရသည်။
စီးပွားရေးပညာရှင်အချို့ကမူ ရွှေဈေးကျဆင်းမှုသည် ပြည်သူအများစုအပေါ် သက်ရောက်မှုနည်းသော်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် သွင်းကုန်ဈေး မြင့်တက်စေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သက်ဆင် သင်္ကြန် အတာရေလောင်း




ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ကို မစ္စတာ သက်ဆင် အတာရေ လောင်းနေစဉ် (ဓာတ်ပုံ – Thaksin / Facebook)
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်က သင်္ကြန်အကြတ်နေ့ မြန်မာပြည်ကို ရောက်လာခဲ့ပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဖော်ပြထားပါတယ်။
မစ္စတာသက်ဆင်ဟာ တရုတ်ပြည် ဟူနန်ပြည်နယ်က တဆင့် လေယာဉ်နဲ့ မန္တလေးမြို့ကို ရောက်ရှိလာတာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြင်ဦးလွင်(မေမြို့)မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
မေမြို့က နှစ်တရာကျော် သက်တမ်းရှိ ကိုလိုနီခေတ် ဘုရင်ခံအိမ်တော်မှာ ညအိပ်နားနေခဲ့ပြီး သင်္ကြန်အတက်နေ့မှာတော့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ကို အတာရေ ပက်ဖြန်းခဲ့သေးတယ်လို့လည်း မစ္စတာသက်ဆင် က ရေးသားထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘာအကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာတော့ ဖော်ပြထားခြင်း မရှိပါဘူး။
မန္တလေးမြို့ဟာ အလွန်ပူပြင်းပေမယ့် မေမြို့ကတော့ ရာသီဥတု အလွန်ကောင်းမွန်ပြီး နေထိုင်ရတာ နှစ်သက်စရာ ဖြစ်တယ်၊ ရုက္ခဗေဒ ဥယျာဉ်ကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာသက်ဆင် တည်းခိုခဲ့တဲ့ ဘုရင်ခံ နွေရာသီ အိမ်တော်ဟာ အခုအခါမှာတော့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက ၀ယ်ယူပြီး ဆက်လက် ထိန်းသိမ်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ တခြားသော မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေ ပါဝင်တယ် မပါဝင်ဘူး ဆိုတာ မသိရပေမယ့် တပ်မတော် ထိပ်တန်း ခေါင်းဆောင်တချို့ကိုတော့ သင်္ကြန်ကာလ အနားယူခွင့်မပေးဘဲ၊ အသင့်အနေအထားရှိစေ တယ်လို့ စစ်တပ် အသိုင်းအ၀ိုင်းက ဆိုပါတယ်။
အခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့ရဲ့ အတာရေသဘင် ဆင်နွှဲနေတဲ့ ဓာတ်ပုံတွေကို အစိုးရ သတင်းစာတွေမှာ ဖော်ပြပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုတော့ မတွေ့ရပါဘူး။
လေ့လာသူတွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ နှစ်ဦး အခုလိုတွေ့ဆုံတာကို ထူးခြားမှုတခုလို့ မှတ်ချက်ပြုပါတယ်။
မစ္စတာ သက်ဆင်ဟာ ပြီးခဲ့တဲ့လအတွင်းကလည်း  ကိုယ်ပိုင်လေယာဉ်နဲ့ ရန်ကုန်မြို့က တဆင့် ထားဝယ်မြို့ကို သွားရောက်ပြီး ရေ နက် ဆိပ်ကမ်း စီမံကိန်းကို လေ့လာခဲ့ပါသေးတယ်။
အာဏာရှိစဉ်က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးခဲ့တဲ့ မစ္စတာ သက်ဆင်ဟာ ညီမဖြစ်သူ လက်ရှိ ၀န်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် အာဏာ ရခါစကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။
အဲဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံပြီး နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးတွေ ဆွေးနွေး ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
မစ္စတာသက်ဆင်ဟာ ၂၀၀၁ ခုနှစ်က ၀န်ကြီးချုပ် တာဝန်စတင်ယူခဲ့ပြီး ၂၀၀၆ ခုနှစ်မှာတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် ပြည်ပကို တိမ်းရှောင် နေခဲ့ရတာ ဖြစ်ပါတယ်။

ဘင်္ဂလာဒေခ်ျ့တွင် ရခိုင်သချိုင်း အလုခံရ



ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အ၀ကျွန်းဒေသမှ ရခိုင်သချိုင်းမြေ တစ်ခုအား ဒေသအတွင်းမှ အာဏာရှိသူ လူတစ်စုမှ လုယူရန် ကြိုးစားနေကြောင်း ယခုလ ၁၄ ရက်နေ့ထုတ် The Daily Star သတင်းစာတွင် ဓါတ်ပုံနှင့် တကွ သတင်း ဖေါ်ပြသည်။
လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- Star)
လုယူခံရသော သချိုင်းနှင့် စိုက်ထူထားသော မှတ်တိုင်ကို တွေ့ရစဉ်။ 
ဧပြီလ ၆ ရက်နေ့က Jalal ဆိုသူ ဦးဆောင်သော လူပေါင်း ၂၀ နှင့် ၂၅ ခန့်ပါဝင်သော ဒေသခံ ဘင်္ဂလီ လူအုပ်စု တစ်ခုသည် ရခိုင်အခေါ် ရွာသစ်ချေ ကျေးရွာရှိ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော သချိုင်း အလယ်တွင် အဆိုပါ မြေအား သူတို့ပိုင်ကြောင်း အမှတ်အသားပြု ကျောက်တိုင် တစ်ခုအား လာရောက်စိုက်ထူခဲ့သည်ဟု ဆိုသည်။
ရခိုင်အမျိုးသားများပိုင် သင်္ချိုင်းမှာ Done မြစ်ကမ်းနားတွင် တည်ရှိပြီး အကျယ်အ၀န်းမှာ 0.22 ဧက ကျယ်ဝန်းပြီး ၁၉၆၅ ခုနှစ်ကတည်းက ဒေသခံ ရခိုင်များက သချိုင်း အဖြစ် အသုံးပြုလာနေသော နေရာ ဖြစ်ကြောင်း သတင်းစာတွင် ဖေါ်ပြသည်။
ထိုသို့ မှတ်တိုင်စိုက်ပြီးနောက် သချိုင်းမြေအား တူးဖေါ်ရာ ရခိုင်ကျေးရွာသာများက ၀ိုင်းဝန်း ကန့်ကွက် ခဲ့ကြသည်ဟု ဆိုသည်။
သတင်းစာတွင် ရခိုင်အမျိုးသား Momothe ဆိုသူကို ကိုးကားပြီး ဖေါ်ပြရာတွင် သချိုင်းမြေ အမှတ်မှာ ၃၂၀ ဖြစ်ပြီး သချိုင်းမြေ 0.22  အထဲမှ 0.12 ဧကကို Kalapara မြို့နယ် မြေစာရင်း ဦးစီးဌာနမှ Jalal ဆိုသူကို တရားမ၀င် ဌားရမ်းခွင့်  ထုတ်ပေးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဒေသရှိ Tiakhali ကျေးရွာအုပ်စုမှ အ၀ါမီလိဂ် ပါတီ ဥက္ကဌဟောင်း Syed Akhtaruzzaman ခေါ် Kokka Mira ဆိုသူမှ Jalal ဆိုသူနှင့်  မတရား တိတ်တဆိတ် ပူပေါင်းပြီး ရခိုင်သချိုင်းအား သိမ်းယူရန် ကြံစည်ကြိုးစားနေသည်ဟု Momothe က ပြောကြောင်း သတင်းစာက ရေးသားသည်။
သချိုင်းမြေပေါ်တွင် မှတ်တိုင် စိုက်ပြီးနောက် နောက်တစ်နေ့တွင် Momothe ဆိုသူမှ ရခိုင် ကျေးရွာသားများ ကိုယ်စား ပေါတာဝါခါလီ ခရိုင် ကော်မရှင်နာ မင်းကြီးထံ စာရေးသား တိုင်ကြားပြီး ရခိုင်သချိုင်းမြေအား မတော်မရား လုယူသူများ လက်ထဲမှ ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။
ထိုသို့ တိုင်ကြားပြီးနောက် ဥက္ကဌဟောင်း  Kokka Mira ဦးဆောင်သော လူ ၁၀ နှင့် ၁၂ ဦးခန့်သည် မော်တော်ဆိုင်ကယ် သုံးလေးစီးဖြင့် အဆိုပါ ရခိုင်အမျိုးသားများ နေထိုင်ရာ ကျေးရွာများသို့ ရောက်ရှိလာပြီး တိုင်ကြားထားခြင်းကို ရုတ်သိမ်းရန်နှင့် အကယ်၍ မရုတ်သိမ်းပါက သချိုင်းကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ဆိုသည်။
Jalal မိသားစုများ အဆိုအရ ရခိုင်သချိုင်းမြေထဲမှ  0.12 ဧကကို ဒေသအတွင်းရှိ မြေစာရင်းဌာနမှ Jalal နှင့် သူ၏ ဇနီးဖြစ်သူ Jharna Brgum နာမည်ဖြင့် ဌားရမ်းခဲ့သည်ဟု ဆိုသည်။ သို့သော်  သချိုင်းမြေကို ရှင်းလင်း တူးဖေါ်ရာ ရခိုင်ရွာသားများက ကန့်ကွက်နေကြသည်ဟု ဆိုသည်။
နိရဉ္စရာက အဆိုပါ သချိုင်းမြေကိစ္စကို ဒေသခံများအား မေးကြည့်ရာ ယမန်နေ့က ခရိုင် ကော်မရှင်နာ မင်းကြီးမှ ဆုံးဖြတ်ချက်ပေးမည်ဟု ပြောကြားသော်လည်း ယခုအချိန်ထိ ဆုံးဖြတ်ချက် ထွက်မလာသေးကြောင်း၊ ရွာသားများ အနေဖြင့် သချိုင်းမြေ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသလို တိုက်ခိုက်ခံရမည်ကိုလည်း  ပူပင် စိုးရိမ်နေကြကြောင်း ပြောကြားသည်။

ဘော့စ်တွန်မြို့ မာရသွန်ပြေးပွဲ ဗုံးဖောက်ခွဲမှု



ဘော့စ်တွန်မြို့၊ မာရသွန်ပြေးပွဲကျင်းပစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်မြင်ကွင်း (ဧပြီ ၁၆၊ ၂၀၁၃)ဘော့စ်တွန်မြို့၊ မာရသွန်ပြေးပွဲကျင်းပစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည့်မြင်ကွင်း (ဧပြီ ၁၆၊ ၂၀၁၃)



TEXT SIZE 

အမေရိကန်ပြည်ထောင်စု၊ ဘော့စတွန်မြို့ မာရသွန်ပြေးပွဲမှာ ဗုံးဖောက်ခွဲမှုကို ဘယ်သူက ဘာကြောင့်ပဲ ကျူးလွန်၊ ကျူးလွန် အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိပါးတဲ့ လုပ်ရပ်ကျူးလွန်သူကို တွေ့အောင် ရှာဖွေ ဖော်ထုတ် အရေးယူသွားဖို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံ့လွတ်လပ်မှုကို သာမက အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်ကိုပါ ထိခိုက်စေတဲ့ မုန်းတီးမှု၊ မကျေနပ်မှုတွေ အတော်များများရှိနေတယ်ဆိုတာ စက်ဆုတ်ဖွယ်ရာ တိုက်ခိုက်မှု ကနေ အသိပေးလိုက်တာဖြစ်တဲ့အကြောင်း လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်ခေါင်းဆောင် မစ်ခ်ျ၊ မက်ကောနယ် က ပြောပါတယ်။ စက်တင်ဘာ ၁၁ အကြမ်းဖက်မှု နောက်ပိုင်း အတော် အတန် ကာကွယ်ပေးနိုင်ခဲ့ပေမဲ့ အခု ဘော့စ်တွန်မှာဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကြည့်ခြင်းအားဖြင့် လူတိုင်းအနေနဲ့ ခြိမ်းခြောက်မှု အန္တရာယ်ရှိနေသေးတာကို သဘောပေါက်ပြီး မမေ့လျော့ဖို့ လည်း ပြောခဲ့တဲ့အကြောင်း ဒီတစ်ပတ်ရဲ့ အမေရိကန် နိုင်ငံရေးမှာ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။

Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်



 ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓာတ်ပုံဘော်စတွန်ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓာတ်ပုံ


သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊ Boston မြို့ ဘုရားရှိခိုးကျောင်းတခုမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ သမ္မတက တနိုင်ငံလုံး စည်းလုံးပြခြင်းဟာ အကောင်းဆုံး တုံ့ပြန်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဆုတောင်းပွဲအပြီးမှာတော့ Boston ဆေးရုံမှာ ကုသခံနေသူတွေကို သမ္မတအိုဘားမား သွားရောက် အားပေးခဲ့ပါတယ်။

Thursday, April 4, 2013

မြန်မာစစ်တပ် ပစ်ခတ်၍ ထိုင်းစစ်သား တဦးသေဆုံး

ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။ 

မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် မြောက်ပိုင်းတွင် ယင်းသို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကရင် ဒုက္ခသည် ကော်မတီ (Karen Refugee Committee - KRC) က ထိုင်း ရဲသတင်း ရပ်ကွက်ကို ကိုးကား ပြောဆိုသည်။

နယ်စပ်တွင် မြန်မာဘက် အခြမ်းသို့ ရောက်ရှိ လာသော ထိုင်း ရိန်းဂျား စစ်သားကို မြန်မာ စစ်သားများက မြေမြှုပ်မိုင်း ထိထားသည့် ဒဏ်ရာရသူ ၂ ဦးအား ထိုင်းဘက် အခြမ်းသို့ သယ်ဆောင် သွားရန် ပြောဆို ခဲ့ကြောင်း၊ ထိုင်းစစ်သားက သယ်ဆောင်သွားရန် ငြင်းကြောင်း KRC က ပြောသည်။

“မြေမြှုပ် မိုင်းကြောင့် ဒဏ်ရာ ရတဲ့သူ ၂ ယောက်ကို ထိုင်းဘက် အခြမ်း ဆေးရုံကို ခေါ်သွားဖို့ ထိုင်းစစ်သားက ငြင်းလိုက်တော့ ပစ်ခတ်တာပဲ၊ ထိုင်းစစ်သား သေသွားတယ်” ဟု KRC မှ ဝန်ထမ်း တဦးက ပြောသည်။

အခြား NGO မှ ဝန်ထမ်း တဦးကလည်း ဒေသဆိုင်ရာ ထိုင်းစစ်တပ် အရာရှိကို ကိုးကား၍ ပြောဆိုရာတွင် ပစ်ခတ်ခံရသော စစ်သားသည် စစ်ဝတ်စုံ ဝတ်ဆင် မထားကြောင်း၊ ချင်းမိုင် တက္ကသိုလ်မှ ကျောင်းသားများကို သံလွင်မြစ်သို့ လိုက်လံပို့ဆောင် ပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုင်း စစ်သားက မြန်မာ စစ်သားများကို ကျောင်းသားများအား ပြန်လည် ပို့ဆောင်ပြီးလျှင် ပြန်လာမည်ဟု ပြောကြောင်း၊ ထိုသို့ ပြောပြီး မော်တော်ဘုတ်သို့ ပြန်လျှောက် အလာတွင် နောက်ကျောဘက်မှ အချက်များစွာ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ထိုင်းတပ်မှူး တဦးက ပြောသည်။

ဤ ပြဿနာ အတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား ဆွေးနွေးမှု ပြုလုပ်ရန် ရှိကြောင်း၊ မြန်မာ စစ်သားများသည် ထိုစဉ်က အရက် သို့မဟုတ် မူးယစ်ဆေး သုံးစွဲထားပုံ ရကြောင်း ထိုင်းတပ်မှူးက ဆက်လက် ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားပြီး နောက်တွင် မြစ်ကြောင်း တလျှောက် သွားလာမှုများကို ကန့်သတ် လိုက်ပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း မြစ်အနီးရှိ ကရင် ရွာသားများက ပြောသည်။

ညစ်ပတ်သော လူများ၏ အောက်လမ်းနည်းများ..သတိထား.

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား
အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာနိုင်ငံသို့ တိတ်တဆိတ်ဝင် ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်းနာကျင်စေမှုများ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီ လိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အ နေ ဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ် ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင် များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။

ရဲအရာရှိ တစ်ဦး ဂမ္ဘီရဆန်ဆန် မိမိကိုယ် ကို မီးရှို့ပူဇော်ရာမှ မီးလောင်သေဆုံး


နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ နေပြည်တော် ပျဉ်းမနား တွင် ရဲသတင်း တပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးသည် မိမိကိုယ်ကို ဂမ္ဘီရ လောကမှ အထက်ပုဂ္ဂိုလ် များနှင့် အဆက်အသွယ်ရှိသယောင်၊ ၎င်းကိုယ်တိုင်လည်း ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သယောင် အမြင်မှားပြီး မိမိကိုယ်ကို မီးရှို့ပူဇော် ရာမှ သေဆုံး ခဲ့သောဖြစ်ရပ်တစ်ခု သြဂုတ် ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က နေပြည်တော်ပျဉ်းမနား၊ ရွာကောက်အုပ်စု၊ ပန်းခင်း ရပ်ရွှေဗျိုင်းအင်းဘုန်းတော်ကြီးနှင့် ကိုက် ၂၀၀ ကွာဝေးသော လေးကျွန်းစကြာဘုရားရင်ပြင်အုတ်နံရံ အတွင်းဘက်တွင် အမည်မသိ အမျိုးသားတစ်ဦး မီးလောင် ဒဏ်ရာ များနှင့် သေဆုံးနေ ကြောင်းတွေ့ ရှိရ၍ အမှုအား နေပြည်တော်ပျဉ်းမနား သေမှု သေခင်းအမှတ် ၃၆/၂၀၁၂ အရ စုံစမ်းစစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းများအရသိရသည်။ အမှုကို စုံစမ်း စစ်ဆေးရာ သေဆုံး သူမှာ သူများ ပယောဂကြောင့်မဟုတ်ဘဲ မိမိကိုယ်ကို မီးရှို့ကာ ပူဇော်မှုပြုခြင်းဖြစ် ကြောင်း၊ ယင်းသည် နေပြည် တော် ရဲသတင်းတပ်ဖွဲ့(SB)မှ ရဲအုပ်တစ်ဦးဖြစ်ကြောင်းသိရပြီး၊ ယင်းမှာ စိတ်ကျန်းမာရေးကောင်း မွန်မှုမရှိဘဲ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များနှင့် အဆက်အသွယ် ရှိသယောင်ယောင် ကိုယ်တိုင် မီးပူ ဇော်သည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခြင်းဖြစ်သည်ဟုဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အဖမ်းခံရ


 မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး၏ သားဖြစ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရသည်။ 

စစ်ထောက်လှမ်းရေးများနှင့် ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့ တဖွဲ့က အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ပိုင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကုမ္ပဏီကို ၀င်ရောက်စီးနင်း ရှာဖွေပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

အောင်ဇော်ရဲမြင့်သည် ရုပ်ရှင် အသိုင်းအ၀ိုင်းရှိ နာမည်ကျော်များကို မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သံသယရှိသည်ဟု ရဲသတင်း ရပ်ကွက်က ဆိုသည်။ 

စွပ်စွဲခံထားရသူသည် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းထိပ်ရှိ ရဲတံခွန်တာဝါ အဆောက်အဦရှိ ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်သည်။ 

အသက် ၂၉ နှစ်အရွယ် အောင်ဇော်ရဲမြင့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။ 

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦးလည်း အမှုတွင် ပတ်သက်နေမှုဖြင့် အဖမ်းခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမအနေဖြင့် မည်သူမည်ဝါ  ဖြစ်သည်ကို ယခုအထိ အတည်ပြု၍ မရသေးပါ။ 

မြန်မာနိုင်ငံရှိ ရုပ်ရှင် အကျော်အမော်များအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူတို့ သုံးစွဲမှုများ ရှိသည်ကို လူသိများကြသည်။ 

ရန်ကုန်မြို့ လူကုံထံရပ် ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား (နောက်ဆက်တွဲ)


 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တခုတွင် ဖြစ်ပွားသော ပစ်ခတ်မှုတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
အသတ်ခံရသူ အမျိုးသား၏ အမည်မှာ ဦးချာလီဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ကာ ဖူဂျီကော်ဖီဟောက်စ် ပိုင်ရှင်၏ ယောက္ခမ ဖြစ်သည်ဟု သိရသည်။ အခြား သေဆုံးသူများမှာ ဦးချာလီ၏ ဇနီးသည်၊ သမီး ၂ ဦးနှင့် အိမ်ဖော် ၁ ဦးတို့ ဖြစ်သည်။
အခင်းဖြစ်ပွားသော နေရာသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အိမ်အမှတ် (၅၄) နှင့် နီးကပ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့ (၄) ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာနှင့်လည်း နီးနီးကပ်ကပ် တည်ရှိသောနေရာ ဖြစ်သည်။
စစ်အစိုးရ၏ အစောင့်အကြပ်တပ်များ ထူထပ်ရာ အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့် မပြုသော နိုင်ငံတွင် သေနတ်ပစ်ခတ် သတ်ဖြတ်မှုမှာ ရှားပါးလွန်းလှသည်။ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အိမ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သူ ဦးချာလီ၊ ဒေါ်သန်းသန်းမြင့်တို့မှာ ကျောက်ကုန်သည်များ ဖြစ်ကြသည်။ သေသူများ၏ နေအိမ်မှ ကျပ်သိန်း ၂၀၀၀ ခန့် ပျောက်ဆုံးသွားခဲ့သည်ဟု ယုံကြည်ရကြောင်း ရဲသတင်း ရပ်ကွက်က ပြောသည်။ ရန်ကုန်မှ ပေးပို့သော ကြေးနန်းသတင်းများတွင် ကျပ်သိန်း ၁၀၀၀ ပျောက်ဆုံးသည်ဟု ဆိုသည်။

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု သတင်း



ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်ထားသော X2O ရေကစားမဏ္ဍပ်၌ ယနေ့ မွန်းလွဲပိုင်း (၃) နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ကာ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၃၀) ဦး၊ စုစုပေါင်း (၉၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဖက် နီးစပ်သူများက သတင်းပို့လာပါတယ်။
nurseရန်ကုန်ဆေးရုံကြီးပေါ်မှ အရေးပေါ်လူနာတစ်ဦး
ဗုံးပေါက်ကွဲမှုကြောင့် ရေကစားမဏ္ဍပ်မှာ အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြတဲ့ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရသည်ဟုလည်း နအဖ စစ်အစိုးရ သတင်းဌာနက ဖေါ်ပြထားပါတယ်။ အဖျက်အမှောက်သမားများဟာ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေကြစဉ် ယခုကဲ့သို့ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြခြင်းမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်ခြင်းသည် အများပြည်သူအား စော်ကားခြင်း ဖြစ်ကြောင်း၊ ဗုံပေါက်ကွဲမှုနှင့် ပတ်သတ်၍ သတင်းကြားသိသူ ပြည်သူများက မြန်မာတမျိုးသားလုံး တန်ဖိုးထား ပျော်ရွှင်ကြသည့် ရိုးရာသင်္ကြန်ပွဲတော်တွင် ယခုကဲ့သို့ ဖေါက်ခွဲမှု ပြုလုပ်ခြင်းအား အထူးစက်ဆုပ် ရွံရှာ မုန်းတီးလျှက်ရှိကြောင်း ဟုလည်း နအဖ က ဖေါ်ပြထားပါတယ်။
နအဖ စစ်အစိုးရ အနေနဲ့ အဖျက်အမှောက်သမားများအားဖမ်းဆီးရမိရေး တာဝန်ရှိသူများက ကြိုးပမ်းရှာဖွေ ဖေါ်ထုတ်လျှက်ရှိသည်ဟု ဖေါ်ပြထားသော်လည်း ယခုအချိန်ထိ မည်သူမည်ဝါ ဆိုတာ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ အဲဒီ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပြည်တွင်းရှိ မျိုးချစ် တပ်မတော်သားများက ဗုံးခွဲ သူများကို အကြမ်းဖက်သမားများအဖြစ် ရှုံ့ချထားပြီး နအဖ ကိုလည်း ပြစ်တင် ဝေဖန် ထားကြောင်း၊ အမှန်တကယ် ကန်တော်ကြီး ၀န်းကျင် ကရ၀ိတ် အနီးတ၀ိုက်တွင် ယခင်အခါက လှေသဘင် ပွဲတော်များ ကျင်းပခဲ့ရာ နေရာမို့ လုံခြုံရေးတင်းကြပ်ခဲ့တဲ့ နေရာ ဖြစ်သလို ယခုအခါ ရွှေတိဂုံဘုရား သွေးဆေးကန် တ၀ိုက် လုံခြုံရေးတပ်များ ရှိလျက်နှင့် ဗုံးပေါက်ကွဲမှု မဖြစ်သင့်ကြောင်း၊ ယခု ရန်ကုန်တိုင်း လုံခြုံရေးကို တာဝန်ယူထားတဲ့ ပြည်ထဲရေး နဲ့ ရဲသတင်း အထူးတပ်ဖွဲ့မှာလည်း အပြင်စည်း အဝေးစည်း လုံခြုံရေးကွန်ယက်ပေါက်ပြဲနေမှုနဲ့ စီးပွားရေး အကြံအဖန်လုပ်ဖို့သာ စိတ်ကူးနေကြောင်း၊ ရန်ကုန်မြို့ ဗုံးပေါက်ကွဲတိုင်း ဗုံးခွဲတရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသည်မှာ ယခင် ရန်ကုန်တိုင်း တိုင်းမှူး လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ က အစ တာဝန်ပျက်ကွက်ပေါ့ဆမှုတွေ ရှိနေကြောင်း၊ တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူမှုများ မလုပ်နိုင်ခဲ့ကြောင်း သုံးသပ်တင်ပြလာပါတယ်။

တရားခံဘယ်သူလဲ

ဒီနှစ်ထဲမှာ နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာ သတိထား မိပါတယ်။ ဒါပေမယ့် ဒီဗုံးပေါက်ကွဲမှုတွေမှာ လူအသေအပျောက်လည်း မရှိ၊ လက်သည်တရားခံကိုလည်း သက်သေ အခိုင်အမာနဲ့တကွ ဖမ်းဆီး ဖော်ထုတ်အရေးယူနိုင်တာမျိုး မရှိတာကို ပိုပြီး သတိထားမိပါတယ်။

bomb-mdy-naypyitaw400
ဇွန်လကုန်ပိုင်းက မန္တလေးတွင် ကားဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / facebook)
အရင်က မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှု တခုခုဖြစ်ပြီဆိုတာနဲ့ အိပ်ရေးပျက်ရတဲ့ ညတွေအကြောင်း ပြန်တွေးမိပါတယ်။ 

အဲဒီကာလတွေက အကျဉ်းစံ နေ့ရက်တွေရဲ့ ညဥ့်နက်သန်းခေါင် အချိန်တွေမှာ ကျနော်တို့လို နိုင်ငံရေး အကျဉ်းသား တချို့ကို ခေါင်းစွပ်နဲ့ လာထုတ်လေ့ရှိပါတယ်။ အဲဒါကတော့ ပြင်ပကမ္ဘာမှာ ဗုံးပေါက်ကွဲမှု ဖြစ်တိုင်းပါ။

လက်နက်မှု၊ တရားမ၀င်အသင်းနဲ့ဆက်သွယ်မှု စတဲ့ စွပ်စွဲမှုတွေနဲ့ ထောင်ဒဏ် ကျခံနေရတဲ့ ကျနော်တို့လို လူတွေကို အဲဒီတုန်းက စစ်ထောက်လှမ်းရေးတွေ၊ နောက်ပိုင်း ရဲသတင်း အထူးတပ်ဖွဲ့တွေက ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်ပြီး မေးမြန်းပါတယ်။

ဗုံးကွဲတာသိလား၊ ဘယ်သူ့လက်ချက်ဖြစ်နိုင်လဲ၊ ဘယ်သူတွေက ဘယ်ပုံစံ လုပ်နိုင်သလဲ၊ ကျနော်တို့နဲ့ စစ်သင်တန်း အတူ တက်ခဲ့ဖူးတဲ့သူတွေရဲ့ နာမည်၊ ပုံပန်းသဏ္ဍန် စသဖြင့် မေးမြန်းတာပါ။  

စစ်ကြောရေးစခန်းမှာတင် စစ်ကြောမေးမြန်းခံရတာ မဟုတ်ဘဲ ထောင်ကျနေစဉ်အချိန်မှာလည်း မေးမြန်းစစ်ကြောတာ ခံရပါတယ်။ လုံခြုံရေး အထပ်ထပ်နဲ့ ထောင်ကျနေတဲ့အချိန်၊ ထောင်ပြင်ပမှာ ဗုံးကွဲမှုအကြောင်း သိသလား ဆိုတဲ့ မေးခွန်း လာမေးတိုင်း အဖြေမရှိတဲ့ အခက်အခဲကို အမြဲ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒီလို လာရောက်မေးမြန်းခံရတာတွေထဲမှာ ထူးခြားတဲ့၊ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ စစ်မေးမှုတခုအကြောင်း သတိ ရမိပါတယ်။ 

လာရောက်မေးမြန်းသူက အရင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လက်ရုံး တဆူလည်းဖြစ်၊ အဲဒီတုန်းက န၀တ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦးရဲ့သားသမက်လည်းဖြစ်တဲ့ ဗိုလ်မှူး မောင်မောင်ကျော်နဲ့ အဖွဲ့ဖြစ်ပါတယ်။

ညဘက် ၁၁ နာရီလောက်မှာ ကျနော်တို့ကို ထုံးစံအတိုင်း ခေါင်းစွပ်နဲ့ လာထုတ်သွားပြီး အင်းစိန်ထောင် မိန်းဂျေးလ် အ၀ိုင်းကြီး အတွင်း (ထောင်အလယ်မှာရှိတဲ့ ဗဟိုမျှော်စင်ကင်း) မှာ စစ်တာပါ။ ကျနော်နဲ့အတူ အဲဒီတုန်းက သေဒဏ် ၂ မှု၊ ထောင်ဒဏ် ၂၁ နှစ် ၆ လ ကျခံနေရတဲ့ ကိုတိုက်ယဉ်ပါပါတယ်။

ဗိုလ်မှူးမောင်မောင်ကျော်ရဲ့ဇနီး ဒေါ်ချိုနွယ်ဦး သေဆုံးသွားခဲ့ရတဲ့၊ အိမ်တိုင်ရာရောက် လာပို့ခဲ့တဲ့ ပါဆယ်ဗုံး အကြောင်း မေးမြန်းခံရတာပါ။ 

သေဆုံးသူကိုယ်တိုင် မှာကြားထားတဲ့ ကက်တလောက် စာအုပ်ပါဆယ်ထုပ်ကနေ ပေါက်ကွဲသွားခဲ့တာလို့ သိခဲ့ရတယ်။ ရုပ်အလောင်း အစအနတောင်မရတဲ့၊ အင်းအားအလွန်ပြင်းတဲ့ ဗုံးတလုံး ဆိုတာ သူတို့ ရှင်းပြလို့ သိခဲ့ရတယ်။ 

ထုံးစံအတိုင်း ဘယ်သူ့လက်ချက် ဖြစ်နိုင်တယ်ဆိုတဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်း ကူညီပေးဖို့ တောင်းခံ လာခဲ့ပါတယ်။ 

ဗုံးကွဲမှု အခြေအနေ သဲလွန်စ၊ အစအန သိရရင်တော့ ကူညီနိုင်တယ်လို့ ကျနော်တို့ ဖြေကြားခဲ့ပါတယ်။

ဗိုလ်မှူးမောင်မောင်ကျော်တို့ ဘက်ကလည်း ကျနော်တို့ ပူးပေါင်းကူညီနိုင်တယ် ဆိုတဲ့ စကား ကြားရတဲ့အတွက် ဇနီးသည် ဗုံးခွဲလုပ်ကြံခံရတဲ့ တရားခံ သိလိုဇောနဲ့ သဲလွန်စ အချက်အလက်တွေကို သူ့လုပ်ပိုင်ခွင့်နဲ့ ပေးသိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေအိမ်ကနေ ရခဲ့တဲ့ သဲလွန်စ ဗုံးဆံ (စပရင်တာ) တချို့ကို လေ့လာကြည့်ရှုရာမှာ တချို့ စပရင်တာစတွေမှာ အင်္ဂလိပ်အက္ခရာ B နဲ့ A ကို တွေ့လိုက်ရတဲ့နောက် ကျနော်တို့က ဒီဖြစ်ရပ်မှာ မြန်မာ့ တပ်မတော်က ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ စစ်လက်နက် ပစ္စည်းတွေမှာ Burma Army လို့ အဓိပ္ပာယ်ရတဲ့ B နဲ့ Aကို ရိုက်နှိပ်ထားတတ် တာကြောင့် ဖြစ်ပါတယ်။ 

လုံခြုံရေး တင်းကျပ်ဖို့နဲ့ စစ်ရေးတင်းမာမှုတွေ အတွက် ဗုံးဖောက်ခွဲမှုတွေကို နိုင်ငံရေးလက်နက် တခုအဖြစ် စစ်အာဏာရှင် အစိုးရကိုယ်တိုင် အကွက်ချ အသုံးပြုခဲ့တာဟာ န၀တ အတွင်းရေးမှူး ၂ ရဲ့ သမီး ဒေါ်ချိုနွယ်ဦးကို ဗုံးခွဲလုပ်ကြံမှုက ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ တခြား သာဓကများစွာလည်း ရှိပါသေးတယ်။

ဒါပေမယ့် ဗုံးကွဲမှုတိုင်းမှာ လက်သည် တရားခံတွေနဲ့တကွ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိဘဲ အတိုက်အခံ အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုသာ လုပ်ကြံဖန်တီး စွပ်စွဲ ဖမ်းဆီး ထောင်ချပြသလေ့ရှိပါတယ်။

မဟုတ်မမှန် လုပ်ကြံဖမ်းဆီး ထောင်ချခံထားရသူတွေထဲမှာ ထင်ရှားတဲ့ အမှုတခုကတော့ ၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်တွေဖြစ်ကြတဲ့ သန်းဇော်၊ ညီညီဦးနဲ့ မိုးကျော်သူတို့ ၃ ဦးကို သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲတဲ့ တရားခံတွေအဖြစ် ဖမ်းဆီး သေဒဏ်ချမှတ်ခဲ့တဲ့ အမှုပါပဲ။

စွပ်စွဲခံရသူ ၃ ဦးလုံးဟာ သေနတ်နှင့် ယမ်းလို့ဆိုတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လက်နဲ့တောင် တို့ထိဖူးခြင်း မရှိတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း စိုးစဉ်မျှ မရှိတာကို သူတို့ ၃ ယောက်နဲ့ အတူတူ နေထိုင်ခဲ့စဉ်က ကျနော် အတိအလင်းသိခဲ့ရပါတယ်။ 

ပိုဆိုးတာက ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဗိုလ်မှူးကိုကိုနိုင် (ခေါ်) သိန်းဦး (ခေါ်) ရန်မျိုးနိုင် ဆိုသူက မြို့တော်ခန်းမနဲ့ သန်လျင်ရေနံချက်စက်ရုံတွေကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့ ၀န်ခံပြောကြားခဲ့ပြီး မတရား စွပ်စွဲခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒီကိစ္စကို စစ်ထောက်လှမ်းရေးတွေက တရားခံအစစ်ဖြစ်တဲ့ ကိုကိုနိုင်နဲ့ အပေးအယူလုပ်ခဲ့ပြီး မပေါက်ကြားဖို့ ပြောဆိုခဲ့တယ်လို့ ကိုကိုနိုင်ကိုယ်တိုင် ပြောပြခဲ့ပါတယ်။ မတရားစွပ်စွဲ သေဒဏ်ချမှတ် ခံထားရတဲ့ သန်းဇော်နဲ့ ညီညီဦး တို့ကတော့ ၂၃ နှစ် ကျော်လာတဲ့ အခုအထိ အကျဉ်းထောင်ထဲမှာပဲ ရှိနေဆဲပါ။ 

သူတို့လို မတရားစွပ်စွဲခံရပြီး ဖမ်းဆီး ထောင်ချခံထားရတဲ့ သူတွေ အကျဉ်းထောင် တွေထဲမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး အတိုက်အခံတွေလည်း ဗုံးဖောက်ခွဲမှုတွေ စီမံလုပ် ဆောင်ခဲ့တာ မရှိခဲ့ဘူးလို့ မဆိုလိုပါဘူး။ စဉ်ဆက်မပြတ် ဖိနှိပ်ခံနေရတာတွေကြောင့် ဗုံးခွဲတိုက်ခိုက်တဲ့ လမ်းကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အကြမ်းဖက်လုပ်ဆောင်မှုတွေကို ကမ္ဘာ့နိုင်ငံတွေက ဆန့်ကျင်မှု အရှိန် မြင့်လာတဲ့နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းတွေဘက်မှာလည်း အခက်အခဲတွေ ရှိလာပါတယ်။ 

နည်းပညာ မကျွမ်းကျင်မှု၊ ငွေကြေးမတတ်နိုင်မှု၊ နယ်မြေ မကျွမ်းကျင်မှု စတာတွေကြောင့် စနစ်ကျတဲ့၊ ကျယ်ပြန့်တဲ့ မကြာခင်ကဖြစ်ပေါ်ခဲ့တဲ့ အချိန်ကိုက် ဖျက်အားပြင်း ဗုံးခွဲမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ မထင်ပါဘူး။ 

ဗုံးကွဲမှုတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်းရင်းတွေ ရှိနေပေမယ့်  မကြာခင်က ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ အလွန်စနစ်ကျတဲ့ ဗုံးဖောက်ခွဲမှုရဲ့ နောက်ကွယ်မှာတော့ နိုင်ငံရေးမှ တပါး တခြားအကြောင်းရင်း မရှိနိုင်ဘူးလို့ ဆိုချင်ပါတယ်။

ဒေါ်ဘောက်ဂျာ ရှောင်တိမ်းနေရ

 မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေး လက်မှတ်ထိုး လှုပ်ရှားမှုတွင်ပါဝင်သူ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာကို ရဲတပ်ဖွဲ့က ဖမ်းမည်ဆိုသည့် သတင်းရသဖြင့် ရှောင်တိမ်း 
နေရသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ယခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးသို့ တက်လာစဉ် မြစ်ကြီးနားမြို့မှ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စရဖနှင့်နီးစပ်သူတဦးက ဒေါ်ဘောက်ဂျာ၏ နေအိမ်နှင့် ဘူတာရုံများတွင် ရဲများစောင့်နေကာ သူ့ကို ရှောင်တိမ်းရန် အကြောင်းကြားလာခြင်းကြောင့် လက်ရှိ လမ်းခရီးတနေရာတွင် ပုန်းရှောင်နေရသည်ဟု ပြောသည်။

“တယောက်က သတင်းလှမ်းပေးတာ။ သူက ဘယ်မှာရောက်နေတာလဲလို့ မေးတော့ ကျမ မန္တလေးမှာပါလို့ ပြော
လိုက်တာ။ အဲဒီအခါကျတော့ ပြန်မလာနဲ့ဦးတဲ့။ ဒီမှာက အိမ်မှာ၊ ဘူတာတွေမှာရော ရဲတွေက စောင့်နေတယ်။ ဘူတာမှာ ရုတ်ရုတ် ဖြစ်ကုန်မှာစိုးလို့ ခဏရှောင်လိုက်ပါလို့ ဆိုပြီးပြောလို့ ရှောင်နေတာ”ဟု သူက မဇ္စျိမကို ပြော
သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဖားကန့်မြို့နယ် အောင်ရာရွာရှိ ဒေါ်ဘောက်ဂျာ၏ နေအိမ်ကို ရဲသတင်း တပ်ဖွဲ့ဝင်များက လာရောက် မေးမြန်းမှုများ ပြုလုပ်စဉ်ကလည်း ဒေါ်ဘောက်ဂျာကို ကြိုတင် သတင်းပေးခဲ့ခြင်း
ကြောင့် ရှောင်တိမ်းနေခဲ့ရသေးသည်ဟု သူက ဆိုသည်။

မန္တလေးမြို့ရှိ ရှေ့နေ ဦးမြင့်သွင်၏ နေအိမ်တွင်လည်း ယခုလ ၂၆၊ ၂၇ ရက်များတွင် ရဲတပ်ဖွဲ့က ဒေါ်ဘောက်ဂျာ
ရှိမရှိ လာရောက် မေးမြန်းခြင်းနှင့် စောင့်ကြည့်မှုများရှိနေသည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“သူ ရှောင်တိမ်းနေရတယ်။ အတိအကျတော့ မဟုတ်သေးဘူး။ ရဲက ဘာလုပ်ချင်တာလဲ မသိသေးဘူး။ အဲဒါကြောင့် ကျနော်လည်း စုံစမ်းနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ပုဂံ၊ မုံရွာ စသည့် ဧရာဝတီ မြစ်ကြောင်းတလျှောက်ရှိ ပြည်နယ်
နှင့် တိုင်းများမှ ပြည်သူလူထုအား မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်မှု ကန့်ကွက် လက်မှတ်ထိုးရေး လှုပ်ရှား များ လုပ်ဆောင်နေသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ NDF ပါတီရုံးချုပ်တွင် ပါတီစည်းရုံးရေး သင်တန်းများကို ရှေ့နေများ
နှင့် အတူ တောင်သူများအား သင်တန်းပေးရန် စီစဉ်ထားသော်လည်း သင်တန်းသို့ မသွားရောက်နိုင်တော့ကြောင်း
ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

ရန်ကုန်မြို့တွင် မြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရေး လက်မှတ်ထိုး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သဖြင့် ကချင်ပြည်နယ်တွင်လည်း အလားတူ လှုပ်ရှားမှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်ခြင်းကြောင့် အာဏာပိုင်များမှ မိမိကိုဖမ်းရန် ကြိုးစားခြင်းဟု ဒေါ်ဘောက်ဂျာက ယူဆကြောင်း မဇ္ဈိမကိုပြောသည်။

ဖားကန့်မြို့ ခရစ်ယာန် ဘုရားကျောင်းများတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဧရာဝတီမြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ ကန့်ကွက်သည့် လက်မှတ်ရေးထိုးခိုင်းမှု ရှိမရှိ မေးမြန်းစစ်ဆေးမှုများ ရှိနေသည်ဟုလည်း 
ဒေါ်ဘောက်ဂျာ က မဇ္ဈိမကို ပြောသည်။

မြစ်ဆုံရေကာတာ ဆောက်လုပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်လာမှုများ ဖြစ်ပေါ်လာပြီးနောက်၊ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ထိုစီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခံယူသွားမည်ဟု ဆိုသည်။ 

သို့သော် NDF ပါတီရုံးချုပ်မှ မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်ရေးသည် လွတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် မလုံလောက်ဘဲ ပြည်သူလူထု၏ ဆန္ဒကိုပါခံယူသင့်ကြောင်း ပါတီသဘောထားကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်ဘောက်ဂျာသည် ဦးဌေးမြင့် ပိုင်ဆိုင်သည့် ယုဇန ကုမ္ပဏီမှ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုမှ တောင်သူများ၏ မြေများ သိမ်းယူမှုတွင် တောင်သူများ နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်ပေးသူ ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် 
အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်းတန်း
ခဲ့ပြီး၊ အမှုကိုပြန်လည် ရုပ်သိမ်းခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management