Tuesday, January 15, 2013

တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကြမ်းဖက်ထိုးကြိတ်မှု

တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ထိုးကြိတ်မှုနှင့် ပတ်သက်၍ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်နှင့် 'တရားဥပဒေကို စိန်ခေါ်နေမှုများ' ဆွေးနွေးပွဲစီစဉ်သူ ကိုထင်ကျော်တို့ အပြန်အလှန်ရှင်းလင်း PDF

ဇန်န၀ါရီ ၁၃ ရက်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် 'တရားဥပဒေကို စိန်ခေါ်နေမှုများ' ဆွေးနွေးပွဲ မစတင်မီ အဆိုပါပွဲ စီစဉ်သူ ကိုထင်ကျော်နှင့် ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်တို့ အချင်းများ ခိုက်ရန်ဖြစ်ပွားကြပြီး အပြန်အလှန် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
ယင်းဖြစ်စဉ်အပေါ် ရိုးရိုးလေး ကုမ္ပဏီကလည်း Stone ဟိုတယ်တွင် ဇန်န၀ါရီ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြန်လည်ပြုလုပ်ခဲ့ကြောင်း  သိရသည်။
  
ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က 'တရားဥပဒေကို စိန်ခေါ်နေမှုများ' ဆွေးနွေးပွဲစီစဉ်သူ ကိုထင်ကျော်ကို  ပြင်ပသတင်းများ ထွက်ပေါ်နေသကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ၎င်းတို့၏ ဂုဏ်သိက္ခာ ကျဆင်းစေသော စာရွက်စာတမ်းများ (ယခင် မှုခင်းသတင်းဂျာနယ်တွင် ဖော်ပြပြီး) ဝေငှကာ ပုဂ္ဂိုလ်ရေးအရ စော်ကားသည့်အတွက် ကိုထင်ကျော်မှ တရားစွဲထားသည့်အပေါ် ၎င်းမှ ပြန်လည် စွဲဆိုသွားမည်ဖြစ်ကြောင်း ရှင်းလင်းသည်။
 
၎င်းကပင် ''မနေ့က တော်ဝင်နှင်းဆီကို ကျွန်တော်ရောက်တော့ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူ ကိုထင်ကျော်က ကျွန်တော်တို့ မိသားစု ဂုဏ်သိက္ခာ ကျဆင်းစေမယ့် အကြောင်းအရာတွေ၊ ဥပဒေအရ ရှင်းလင်းပြီး ကိစ္စတွေကို သူတို့နာမည်ကြီးဖို့ စာရွက်တွေဝေတယ်။ ဒါကို ကျွန်တော်က သူ့ကို ညှိုနှိုင်းတာပါ။ ညှိနှိုင်းမှုကို သူက လက်မခံဘဲ ကျွန်တော့်ကို တံတောင်ဆစ်နဲ့ ရိုက်ပါတယ်။ကျွန်တော့်တပည့်တွေက ကျွန်တော့်ကို ထိခိုက်မှာစိုးတဲ့အတွက် ၀င်တားလိုက်တဲ့ကိစ္စပါ။ ကိုထင်ကျော်ဆိုတာ နိုင်ငံရေးအရ ခုတုံးလုပ်မှုတွေ ဘယ်လောက်ရှိလဲဆိုတာ တစ်နိုင်ငံလုံး သိပါတယ်'' ဟု ပြောသည်။
အဆိုပါ အခြေအနေအပေါ် တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဆွေးနွေးပွဲစီစဉ်သူ ကိုထင်ကျော်ကို ဆက်သွယ်မေးမြန်းရာ ၎င်းမှ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ၌ တစ်ခါမှ မမြင်ဖူးသောသူတစ်ဦးက ၎င်း၏အမည်မေးမြန်းကာ 'အေး...ငါက ရိုးရိုးလေး သိန်းနိုင်ကွ' ဟု ဆိုကာ ဆဲဆို ထိုးကြိတ်ခဲ့ကြောင်း၊ ၎င်းနှင့်အတူပါလာသူ သုံးဦးကလည်း ၎င်း၏ကုပ်ကိုဆွဲကာ ခါးကို ကန်ကျောက်ခြင်းတို့ကြောင့် ပက်လက်လန်လဲကျသွားကြောင်း၊ ဦးနေထက်သိန်းနိုင်ကို ထီးမိုးပေးသူကလည်း ထီးဖြင့် ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ 'တရားဥပဒေကို စိန်ခေါ်နေမှုများ' ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ်နေစဉ်အတွင်း ယခုလို ဥပဒေမဲ့ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရှင်းပြသည်။
  
ဆက်လက်၍ ကိုထင်ကျော်ကပင် ''ကိုသိန်းနိုင်ဘက်က ပြန်လည် ရှင်းလင်းပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်ဝေတဲ့ စာရွက်တွေက ၂၀၀၇ ခုနှစ်၊ ဇွန် ၂၇ ရက်က ထုတ်ဝေတဲ့ မှုခင်းဂျာနယ်ပါ သူတို့တွေရဲ့ ချဲထီ၊ နှစ်လုံးထီ လောင်းကစားမှုကြောင့်  ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရတဲ့ သတင်းဖြစ်စဉ်တွေကို ဝေငှတာပါ။ ကျွန်တော်တို့ နိုင်ငံရေးအရ ခုတုံးလုပ်ခြင်း မလုပ်ခြင်းဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။ ကျွန်တော် ကိုယ့်စကားကိုယ် တာဝန်ယူပါတယ်။ ပြီးတော့ ကျွန်တော်တို့ ရှစ်လပိုင်း ကိုးလပိုင်း လောက်က ကျိုက်ထီးရိုးသွားတုန်းက ရိုးရိုးလေးကုမ္ပဏီက အင်ဂျင်နီယာ ကိုသိန်းဝင်းဆိုသူက ကျွန်တော်တို့ကို ကုမ္ပဏီအကြောင်းတွေ မပြောပါနဲ့။ ကျွန်တော်တို့ရဲ့ လှုပ် ရှားမှုတွေအတွက် ထောက်ပံ့ပါမယ် ဆိုပြီး အပေးအယူ လာလုပ်တာ တွေရှိပါတယ်။ ကျွန်တော်တို့က ထမင်းစားရုံကလွဲပြီး ဘာမှမယူခဲ့ပါဘူး''ဟု ဆက်လက် ပြောသည်။
ထို့ပြင် ကိုထင်ကျော် သည် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်၏ ကျိုက်ထီးရိုး စေတီတောင်ပေါ်ရှိ အဂတိလိုက်စားမှုများ၊ ငွေကြေး အလွဲသုံးစားမှုများကို  သာသနာရေးဝန်ကြီးဌာနသို့ တိုင်ကြားထားကြောင်း သိရသည်။ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်သည် ကျိုက်ထီးရိုးစေတီတော်တွင် ဟိုတယ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူ ဖြစ်သည်။
ထိုသို့ အကြမ်းဖက် ထိုးကြိတ်မှုကြောင့် 'တရားဥပဒေကို စိန်ခေါ် နေမှုများ' ဆွေးနွေးပွဲမှာ ဖျက်သိမ်းခဲ့ရပြီး ကိုထင်ကျော်က ဗဟန်း ရဲစခန်းတွင် (ပ)၁၄/၂၀၁၃ ပြစ်မှုပုဒ်မ ၂၉၄၊ ၃၂၅၊ ၁၁၄ တို့ဖြင့် ဦးသိန်းနိုင်နှင့် အပေါင်းအပါများအား အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management