မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ဦးစီးကျင်းပမည့် "နှလုံးသားဝယ်
ဘုရားတည်ခြင်း" စာမေးပွဲကို ၂၀၁၃ ဧပြီလ မနက် ၁၀ နာရီတွင် မှော်ဘီမြို့ရှိ
သုဒ္ဓ၀ိပသာနာရိပ်သာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
"ဒီစာမေးပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ဆရာတော်က ဗုဒ္ဓဘာသာဝင်တွေကို
ဘာသာရေးပိုင်းမှာ အားကောင်းလာအောင် ဘာသာစာပေကို မြှင့်တင်တဲ့သဘောပါ
ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဘာသာ၊ သာသနာကို ယုံကြည်စောင့်ရှောက်နိုင်အောင်
ပြုလုပ်တာပါ" ဟု စာမေးပွဲဖြစ်မြောက်ရေး ကော်မတီခေါင်းဆောင် ဦးစိုးတင့်မှ
ပြောကြားသည်။
အဆိုပါ စာမေးပွဲကို ဖြေဆိုလိုသူများသည် အသက် (၁၄) နှင့်အထက်အတွက်
"အရှုံးမရှိသော ဒဿနနှင့်မေတ္တာဖြင့် စီးပွားရှာခြင်း" စာအုပ်နှင့် အသက် (၁၄)
နှစ်အောက်အတွက် "သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများနှင့် သီလအစွမ်း
အံ့မခန်း" စာအုပ်တို့မှ ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်
ပုံစံများကို စာအုပ်ဆိုင်ကြီးများနှင့် စာမေးပွဲဖြစ်မြောက်ရေးအဖွဲ့ ၆/၁၀
ရပ်ကွက်၊ ချင်းတွင်းလမ်း၊ မန္တလေးကျောင်းတိုက်၊ ရွှေပြည်သာတွင်လည်း
လာရောက်ထုတ်ယူနိုင်ကြောင်း ယင်းတာဝန်ရှိသူမှ ပြောကြားခဲ့သည်။
ယင်းစာမေးပွဲကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ကိုယ်တိုင် မေးခွန်းများ
ထုတ်မည်ဖြစ်ကာ ဖြေဆိုပြီးသူများမှ ဆုရရှိသူများကို သတင်းစာများနှင့်
မီဒီယာများတွင် ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပြီး နယ်မှဆုရရှိသူများကိုမူ
ငွေလွှဲပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။
ဆုများအနေနှင့် အသက် ၁၄ နှစ်အထက် လူကြီးအတွက် ပထမဆု ကျပ် ၁၄ သိန်း၊
ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၅ သိန်း၊ အထူးဆု ၁၀ ဆုကျပ် ၁
သိန်းစီနှင့် နှစ်သိမ့်ဆု ၁၀ ဆု ၅ သောင်းစီတို့အား ပေးအပ်မည်ဖြစ်ပြီး၊ အသက်
၁၄ နှစ်အောက် လူငယ်များအတွက် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်း၊
တတိယဆု ကျပ် ၂ သိန်း၊ အထူးဆု ကျပ် ငါးသောင်း ၁၀ ဆု၊ နှစ်သိမ့်ဆု သုံးသောင်း
၁၀ ဆုတို့ကို ပေးအပ်ချီးမြှင့်မည်ဖြစ်သည်ဟု သိရသည်။
ယင်းစာမေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်ခြင်းမှာ ပထမဦးဆုံးဖြစ်ပြီး
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် တစ်ကြိမ်ကျင်းပဖူးသည်ဟု
အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့သည်။ ယင်းစာမေးပွဲများကို
ထပ်မံကျင်းပသွားရန်ရှိပြီး ယခုအကြိမ်တွင် ဆရာတော်၏ စာအုပ်များကိုသာ
ဖြေဆိုရမည်ဖြစ်သော်လည်း နောက်ကျင်းပမည့် အကြိမ်များတွင်မူ
ဆရာတော်နှစ်သက်သည့် စာအုပ်များနှင့် ပြောင်းလဲသွားရန် စီစဉ်ထားသည်ဟု
ပြောကြားခဲ့ပါသည်။
ဗုဒ္ဓဘာသာ အမျိုးသမီးများ လူမျိုးခြားများနှင့် ထိမ်းမြားခြင်းများမှလည်း
လျော့နည်းသွားအောင်၊ ဘာသာခြားသို့မပြောင်းအောင်၊ မိမိဘာသာကို အားသန်အောင်၊
သာသနာကို ယုံကြည်စွာ စောင့်ရှောက်အောင် ကျင်းပရခြင်းဖြစ်သည်ဟု
အဆိုပါစာမေးပွဲ ကျင်းပရခြင်းနှင့် ပတ်သတ်၍ ပြောကြားခဲ့ပါသည်။
စာမေးပွဲလာရောက်ဖြေဆိုသူများကို ဆရာတော်မှ အစားအသောက်
စီစဉ်ကျွေးမွေးမည်ဖြစ်ပြီး ဖြေဆိုရမည့် လူဦးရေ ကန့်သတ်မထားကြောင်းကိုလည်း
ပြောကြားခဲ့သည်။ စာမေးပွဲ လျှောက်လွှာများအား ၁၅ ရက်နေ့၊ မတ်လ ၂၀၁၃ ခုနှစ်
နောက်ဆုံးထားကာ စာမေးပွဲဖြစ်မြောက်ရေးအဖွဲ့ (၆/၁၀) ရပ်ကွက်၊
ချင်းတွင်းလမ်း၊ မန္တလေးကျောင်းတိုက်၊ ရွှေပြည်သာမြို့သို့
လာရောက်ပေးပို့ရမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
6 months ago
0 comments:
Post a Comment