Sunday, January 13, 2013

"တို့ဗမာ အစည်းအရုံး (၁၉၃ဝ)"

၂ဝဝဝ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး)သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်’ မှ “တို့ဗမာ အစည်းအရုံး (၁၉၃ဝ)” ကို ပြန်လည် မွမ်းမံ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။
တို့ဗမာ အစည်းအရုံး (၁၉၃ဝ)
နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့် ဆိုရှယ်လစ်ရေး တို့တွင် ရှေ့တန်းမှ ပါဝင် ခဲ့သော တို့ဗမာ အစည်းအရုံးကြီးကို ၁၉၃ဝ ပြည့်နှစ် မေလ ၃ဝ ရက်နေ့တွင် စတင် ဖွဲ့သည်။ ၁၉၃ဝ ပြည့်နှစ်သည် မြန်မာ တိုင်းရင်းသား တို့၏ နယ်ချဲ့ ဆန့်ကျင်ရေး တပ်ဦး သဖွယ် ဖြစ်သော ဂျီစီဘီအေ အသင်းကြီး အစိတ်စိတ် အမွှာမွှာ ကွားပြား နေသော အချိန် ဖြစ်သည်။ ထို့ကြောင့် နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ အတွက် ထိထိရောက်ရောက်နှင့် စွမ်းစွမ်းတမံ ဆောင်ရွက်မည့် အဖွဲ့အစည်း မျိုးကို အခြေအနေက တောင်းဆို နေချိန် ဖြစ်သည်။ ထို အခြေအနေတွင် သခင် ဘသောင်းက ဦးဆောင်၍ မျိုးချစ် လူငယ် တစုက မြန်မာ တိုင်းရင်းသား တို့၏ ဇာတိသွေး ဇာတိမာန်ကို လှုံ့ဆော် ပေးပြီး တိကျ ပြတ်သားသော ဝါဒ လမ်းစဉ်ဖြင့် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မည့် အဖွဲ့အစည်း တခု ဖွဲ့စည်းရန် ကြံစည် ကြသည်။ အကြံရသည့် အတိုင်း ဆွေးနွေး တိုင်ပင်မှု များလည်း လုပ်ကြသည်။
၁၉၃ဝ ခုနှစ် မေလ ၂၆ ရက်နေ့ မှစ၍ ဖြစ်ပွား လာသော ကုလား - ဗမာ လူမျိုးရေး အဓိက ရုဏ်းသည် စေ့စပ် ပြေငြိမ်း သွားသော်လည်း မြန်မာ လူငယ် များ၏ စိတ်ဓာတ်တွင် မျိုးချစ်စိတ်၊ တို့ဗမာ ဟူသော စိတ်များ စွဲမြဲ ကျန်ရစ် ခဲ့လေသည်။
ကုလား - ဗမာ အဓိက ရုဏ်းကို အကြောင်း ပြု၍ မျိုးချစ်စိတ် ထက်သန် လွန်းသော မြန်မာ လူငယ် အခိျု့သည် ဗိုလ်တထောင် အားကစား ကွင်းတွင် မြန်မာ လူငယ် များ၏ အစည်းအဝေး တခုကို ကျင်းပ ခဲ့ကြသည်။ ထိုအစည်းအဝေးမှ စတင်၍ “တို့ဗမာ … တို့ဗမာ …” ဟူသော အာမေဋိတ် သံကို ပြုကာ လက်ရုံး ဆန့်တန်းပြီး ကြွေးကြော် ခဲ့ကြသည်။
ဗိုလ်တထောင် အားကစား ကွင်းမှ စတင် ကြွေးကြော် လိုက်သော “တို့ဗမာ” ဟူသည့် အသံသည် မကြာမီ မြန်မာပြည် တဝှမ်းသို့ ပံျ့နှံ့ သွားတော့သည်။ ထိုအချိန်တွင် “တို့ဗမာ အစည်းအရုံး” ဟူ၍ ဖွဲ့စည်းခြင်း မရှိသေး။ ကိုဘသောင်း (တက္ကသိုလ်မှ နည်းပြဆရာ)၊ ကိုလှဘော် (ဓာတုဗေဒ ဆရာ)၊ ကိုထွန်းစိန် (တက္ကသိုလ်မှ သင်္ချာနည်းပြ ဆရာ)၊ ကိုအုန်းခင် စသည့် လူငယ် များ၏ စုစည်း မိခြင်းသာ ဖြစ်လေသည်။ ထိုလူငယ် များသည် ကုလား - ဗမာ ရိုက်ပွဲကို အခြေခံ၍ နိုင်ငံပြု စာစဉ် ၁၊ ၂၊ ၃ ဟူ၍ ရိုက်နှိပ် ထုတ်ဝေ လိုက်သည်။ ထိုအမှတ် ၁ စာစဉ်တွင်

ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
ဗမာပြည်ကို ချစ်ပါ
ဗမာစာကို ချီးမြှင့်ပါ
ဗမာစကားကို လေးစားပါ
ဟူ၍ အစချီ ထားကာ စာတမ်း၏ ခေါင်းစီးကို ‘တို့ဗမာ အစည်းအရုံး၏ တိုက်တွန်းချက်’ ဟု ဖော်ပြ ထား၏။ ထိုစာတမ်းကို ထုတ်ဝေ ပြီးသည့် နေ့မှ စ၍ “တို့ဗမာ အစည်းအရုံး၊ ခြံအမှတ် ၃၃၊ ရေတာရှည်လမ်း၊ ဗဟန်းရပ်၊ ရန်ကုန်မြို့” ဟူသော လိပ်စာကို ဖော်ပြ လိုက်သည်။ သို့သော် အစည်းအရုံး ကိုမူ လုံးဝ ဖွဲ့စည်းခြင်း မပြု နိုင်သေး။
ကုလား - ဗမာ ရိုက်ပွဲ ပြီး၍ ၁၂၉၂ ခု နယုန်လ လောက်တွင် မန္ဈလေးမှ ဝိုင်အမ်ဘီ ဆရာတင်နှင့် သခင် လူငယ်များ ဖြစ်လာ ကြမည့် တို့ဗမာ အစည်းအရုံး ဝင်များသည် ရန်ကုန် မြို့တွင် တွေ့ဆုံ ကြကာ “နောင် ဥဒါန်း ဘယ်မကြေစရာ” အစချီ ထားသည့် တို့ဗမာ သီချင်း ကို စပ်ဆို လေသည်။ စပ်ဆိုပြီး မကြာမီ ဝါဆို လပြည့်ကျော် ၁၁ ရက် ညနေတွင် ရွှေတိဂုံ ဘုရား ကုန်းတော် အနောက်မြောက် ထောင့်ရှိ “ဦးစံဒွန်း - ဒေါ်နှစ်” တန်ဆောင်းကြီး၌ တို့ဗမာ သီချင်း ကို တူရိယာ များနှင့် တွဲဖက်ကာ သီဆိုသော အခမ်းအနားကို ကျင်းပ ကြသည်။ ထို့နောက် ရန်ကုန် တက္ကသိုလ်သို့ သွားရောက်၍ သီဆို ကြသည်။ မြစ်ဝ ကျွန်းပေါ် ဒေသ များနှင့် မြန်မာပြည် အရပ်ရပ်သို့ လှည့်၍လည်း တို့ဗမာ သီချင်းကို သီဆို ကြသည်။
ထို့နောက် ဘီအေအေ ကစား ကွင်းတွင် ကျင်းပသည့် အင်္ဂလိပ် - မြန်မာ ဘောလုံး ပွဲတွင် သခင် လူငယ် များသည် တို့ဗမာ သီချင်း ကို နှစ်ကြိမ် တိုင်တိုင် သီဆို၍ အားပေး ကြရာ ခြောက်ဂိုး နှစ်ဂိုးဖြင့် မြန်မာ ဘောလုံး အသင်းက အင်္ဂလိပ် ဘောလုံး အသင်းကို အနိုင် ရရှိ သွားလေသည်။ ၁၉၃၁ ခုနှစ်ထုတ် တက္ကသိုလ် မဂ္ဂဇင်းတွင် တို့ဗမာ သီချင်း ကို ဖော်ပြ ပေးသည်။ မြန်မာ နိုင်ငံတွင် မည်သည့် အဖွဲ့အစည်း မဆို၊ အဖွဲ့အစည်း တည်ထောင် ပြီးကြ မှသာ အဖွဲ့အစည်း၏ သီချင်းကို စပ်ဆို သီကုံးလေ့ ရှိသည်။ (ဥပမာ - အာရှ လူငယ် အစည်းအရုံး၊ ဗမာ့ ဝန်ထမ်း အဖွဲ့) သို့သော် တို့ဗမာ အစည်းအရုံး ကြီးသည်ကား အစည်းအရုံးကို မဖွဲ့မီ၊ အစည်းအရုံး၏ သီချင်းက နာမည် အရင်ကြီး လေသည်။
၁၉၃၃ ခုနှစ် ရောက်သော အခါ ဒိုင်အာခီ ဥပဒေပြု လွှတ်တော် အတွက် ရွှေဘို အရှေ့ပိုင်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် လစ်လပ်၍ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာ တို့ဗမာ အစည်းအရုံးမှ သခင် ဘသောင်း ဝင်ရောက် ယှဉ်ပြိုင်သည်။ ရွေးကောက်ပွဲ အတွက် ရွှေဘိုတွင် တရား ဟောရာမှ တို့ဗမာ အစည်းအရုံးကို ပို၍ လူသိ များလာသည်။ ရွေးကောက်ပွဲ ပြီးသော အခါ တို့ဗမာ အစည်းအရုံးမှ သခင် လူငယ် များကို ရွှေဘိုမှ ၂၄ နာရီ အတွင်း ထွက်သွား ရမည်ဟု အာဏာပိုင် တို့က အမိန့် ထုတ်သည်။ အမိန့်ကို မနာခံ၍ သခင် လူငယ် များကို ဖမ်းသော အခါ တို့ဗမာ အစည်းအရုံးမှာ ပို၍ ထင်ရှား လာသည်။ ဤသို့ဖြင့် ပထမ စိတ်ကူး၊ ထို့နောက် ကြေညာ စာတမ်း၊ သီချင်း တို့ဖြင့် စခဲ့ ရသော တို့ဗမာ အစည်းအရုံးသည် ၁၉၃၅ ခုနှစ် ရောက်သော အခါ ပထမ အကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံကို ရေနံချောင်း မြို့၌ ကျင်းပ နိုင်သည် အထိ အောင်မြင်မှု ရလာသည်။
၁၉၃ဝ ပြည့်နှစ်မှ ၁၉၃၅ ခုနှစ် အတွင်း တို့ဗမာ အစည်းအရုံးကို ပြုစု ပျိုးထောင် ပေးခဲ့ သူများမှာ သခင် ဘသောင်း၊ သခင် ကျော်ထွန်းစိန်၊ သခင် ညီ၊ သခင် ဗတင်၊ သခင် တင်စိန်၊ သခင် တင် (ဝိုင်အမ်ဘီ)၊ သခင် ထွန်းအုပ်၊ သခင် ထွန်းရွှေ၊ သခင် ဗစိန်၊ သခင် ဘရီ၊ သခင် ဘိုးနီ၊ သခင် မောင်မောင်တိုး၊ သခင် လေးမောင်၊ သခင် လှဘော်၊ သခင် သာဒိုး၊ သခင် သိန်းမောင်၊ သခင် သိန်းဟန်၊ သခင် ဟန်၊ သခင် အုန်းခင်၊ သခင်း အုန်းဖေ စသူတို့ ဖြစ်ကြသည်။
တို့ဗမာ အစည်းအရုံး၏ အမျိုးသားရေး ဆိုင်ရာြွေကးကြော်သံမှာ -

ဗမာပြည်သည် …. တို့ပြည်
ဗမာစာသည် …. တို့စာ
ဗမာစကားသည် …. တို့စကား
တို့စာကို …. ချီးမြှင့်ပါ
တို့စကားကို လေးစားပါ
ဟူ၍ ဖြစ်ပြီး စီးပွားရေး ဆိုင်ရာြွေကးကြော်သံမှာ -

ဗမာဆိုင်များ တည်ကြကုန်လော့
ဗမာဆိုင်၌ ဝယ်ကြကုန်လော့
ဟူ၍ ဖြစ်သည်။
တို့ဗမာ အစည်းအရုံး၏ ဆောင်ပုဒ် များမှာမူ -

လာမည့်ဘေး …. ပြေးတွေ့
ဘေးနဲ့ကြုံ …. ရဲဂုဏ်ပြ
သေလျှင်မြေကြီး …. ရှင်လျှင်ရွှေထီး
ကြောက်လွဲ …. ရဲမင်းဖြစ်
ကြောက်မွှေးပါ …. ဇာဂနာနဲ့နုတ်
ကျွန်ဘဝကို …. စက်ဆုတ်ကြ
ဒါတို့ပြေ …. ဒါတို့မြေ
ဟူ၍ ဖြစ်သည်။ တို့ဗမာ အစည်းအရုံးသည် အထက်ပါြွေကးကြော်သံ များဖြင့် လုပ်သား ပြည်သူ တို့၏ ဇာတိသွေး ဇာတိမာန် တက်ြွက လာစေရန် လှုံ့ဆော် ပေးခဲ့သည်။
မြန်မာ နိုင်ငံ၏ အရှင် သခင် အစစ်အမှန်သည် မြန်မာ တိုင်းရင်းသား တို့သာ ဖြစ်သည်၊ ဖြစ်ရ မည်ဟု အားတင်း ပေးသည့် အနေဖြင့် တို့ဗမာ အစည်းအရုံး ဝင်များ၏ အမည် ရှေ့တွင် သခင် ထည့်၍ ခေါ်ခဲ့ ကြသည်။ ဤသို့ သခင် တပ်၍ ခေါ်ခြင်း အားဖြင့် ကိုယ့်မင်းကိုယ့်ချင်း ဘဝဖြင့် နေခဲ့ ရသည်ကို ပြန်လည်၍ သတိ ရစေပြီး သခင်စိတ် ပေါက်စေရန် ဖြစ်သည်။ ထို့ကြောင့် တို့ဗမာ အစည်းအရုံးကို သခင် အစည်းအရုံး ဟူ၍ လည်းကောင်း၊ သခင် အဖွဲ့ ဟူ၍ လည်းကောင်း၊ တို့ဗမာ အစည်းအရုံး၏ ဝါဒကို သခင် ဝါဒ ဟူ၍ လည်းကောင်း ရေးကြ ပြောကြသည်။
တို့ဗမာ အစည်းအရုံး၏ အလံမှာ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ် အလယ်တွင် တူတံစဉ် ပါသည်။ အဝါရောင်သည် ဘာသာ သာသနာနှင့် ပညာ တိုးပွားအောင် ဖော်ဆောင်၍၊ အစိမ်းရောင်သည် ဆန်ရေ စပါး ပြေွါကယ်ဝ စေရမည်ဟု အဓိပ္ပာယ် ဆောင်ကာ၊ အနီရောင်သည် ရဲရင့်ခြင်းကို ရည်ညွှန်း ပါသည်။
တို့ဗမာ အစည်းအရုံး၏ ပထမ ရည်မှန်းချက်မှာ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လုံးဝ လွတ်လပ်ရေး ဖြစ်သည်။ တို့ဗမာ အစည်းအရုံး စတင် ထူထောင် စဉ်က အမျိုးသားရေးကို အခြေခံ ခဲ့သော်လည်း ၁၉၃၆ ခုနှစ် မှစ၍ ဆိုရှည်လစ် ဝါဒကို လက်ခံ ခဲ့သည်။ ထို့ကြောင့် တို့ဗမာ အစည်းအရုံးသည် အတိုးတက်ဆုံးနှင့် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ် အပြင်းထန်ဆုံး အစည်းအရုံး အဖြစ် ထင်ရှား ခဲ့သည်။ ဆိုရှည်လစ် ဝါဒကို လက်ခံ လာသည် နှင့်အမျှ တောင်သူ လယ်သမားနှင့် အလုပ်သမား လူတန်းစား တို့၏ အရေးပါပုံကို လက်ခံ အသိအမှတ် ပြုပြီး ယင်းလူတန်းစား နှစ်ရပ်ကို ပထမဆုံး စနစ်တကျ စတင် စည်းရုံး ခဲ့သည့် အစည်းအရုံးလည်း ဖြစ်သည်။ တို့ဗမာ အစည်းအရုံးကြီးက ဦးဆောင်၍ ဗမာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံးနှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား အစည်းအရုံး တို့ကို ထူထောင် ပေးခဲ့သည်။ ခေတ်ပညာတတ် လူငယ် တို့က ခေါင်းဆောင် သောကြောင့် အတက် အြွကဆုံးနှင့် အလှုပ် အရှားဆုံး ဖြစ်သည် အလျောက် အင်္ဂလိပ် အစိုးရ၏ အငြိုငြင် ခံရဆုံး အဖိနှိပ် ခံရဆုံး အစည်းအရုံးလည်း ဖြစ်သည်။
ခေတ်ပညာတတ် လူငယ် များက မိမိတို့ ကိုယ်ကျိုးကို စွန့်ကာ အနစ်နာခံ၊ ထောင်ကျ ခံ၍ နိုင်ငံနှင့် လူမျိုး အတွက် လုပ်ပြသော အခါ တောင်သူ လယ်သမား၊ လုပ်သမားနှင့် ကျောင်းသား အပါအဝင် လုပ်သား ပြည်သူ အများစုလည်း တို့ဗမာ အစည်းအရုံး၏ အလံတော် အောက်တွင် စည်းရုံး ခဲ့ကြသည်။ တို့ဗမာ အစည်းအရုံး၏ နိုင်ငံရေး တိုက်ပွဲ ဂယက် သည်လည်း တနိုင်ငံလုံး အနှံ့ ပျံ့ခဲ့သည်။
တို့ဗမာ အစည်းအရုံး၏ ဆောင်ရွက်ချက် များမှာ လုပ်သား ပြည်သူ တို့ကို ပညာ ပေးရန် တို့ဗမာ ခုနှစ်ရက် တပတ် သတင်းစာနှင့် တို့ဗမာ သတင်းစဉ် မှတ်တမ်း အပြင် ဒေါင်း သတင်းစာ ကိုလည်း ထုတ်ဝေ ခဲ့သည်။ နဂါးနီ စာအုပ် အသင်း ထူထောင်၍ တိုးတက်သော နိုင်ငံရေး အတွေးအခေါ်နှင့် ဆိုရှယ်လစ် စာပေ များကိုလည်း ဖြန့်ဖြူး ပေးခဲ့သည်။ မျိုးချစ် စိတ်နှင့် ဇာတိသွေး ဇာတိမာန် တက်ြွက စေရန် တိုင်းရင်းသား ယဉ်ကျေးမှုနှင့် စာပေကို အားပေးသည်။ အမျိုးသားနေ့နှင့် ဦးဝိစာရ နေ့ စသော အထိမ်းအမှတ်နေ့ အခမ်းအနားများ ကိုလည်း ဦးစီး၍ ကျင်းပ ပေးသည်။ မြန်မာ နိုင်ငံ၌ ပထမဆုံး မေဒေးနေ့ အခမ်းအနားကို ၁၉၃၈ ခု မေလ ၁ ရက် နေ့တွင် တို့ဗမာ အစည်းအရုံး ကပင် ဦးစီး၍ ကျင်းပ ပေးခဲ့သည်။ ချောက်ရေနံမြေ သပိတ်နှင့် ထောင့်သုံးရာပြည့် အရေးတော်ပုံ များတွင်လည်း ပါဝင်၍ ဦးဆောင် ပေးခဲ့သည်။ ခွဲရေး တွဲရေး ပြဿနာ ပေါ်သော အခါ ခွဲလျှင်လည်း အင်္ဂလိပ် လက်အောက် နေရမည်။ တွဲလျှင်လည်း အင်္ဂလိပ် လက်အောက် နေရ မည်မှာ အတူတူပင် ဖြစ်၍ လုံးဝ လွတ်လပ်ရေး ကိုသာ တောင်းဆို ခဲ့သည်။
အင်္ဂလိပ် အစိုးရက မြန်မာ နိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ပြီး ၉၁ ဌာန အုပ်ချုပ်ရေး သစ် ပေးသော အခါ ယင်းအုပ်ချုပ်ရေးကို အပြင်းအထန် ကန့်ကွက် ခဲ့သည်။ ၉၁ ဌာန အုပ်ချုပ်ရေး တိုက်ဖျက်ရေး ကိုလည်း အစွမ်းကုန် ကြိုးစား ခဲ့သည်။ ကိုယ့်မင်း ကိုယ့်ချင်းတည်း ဟူသော လုံးဝ လွတ်လပ်ရေးကို ဆောင်းဆိုရာ တွင်လည်း ပြည်မနှင့် တောင်တန်း ဒေသ အားလုံးကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့သည်။ စည်းရုံး လှုပ်ရှား ခဲ့သည်။ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် လုံးဝ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တိုက်ပွဲနည်း ဆင်နွဲရန် အထိ ရည်ရွယ်၍ လက်ရုံး တပ်ဖွဲ့ များ ကိုလည်း ဖွဲ့စည်း ခဲ့သည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် ၁၉၃၈ ခုနှစ်တွင် တို့ဗမာ အစည်းအရုံးသည် သခင် ကိုယ်တော်မှိုင်း ဂိုဏ်းနှင့် သခင် ထွန်းအုပ် - သခင် ဗစိန် ဂိုဏ်းဟူ၍ နှစ်ဂိုဏ်း ကွဲသွားသည်။ ထိုသို့ နှစ်ဂိုဏ်း ကွဲသွား သော်လည်း လုံးဝ လွတ်လပ်ရေး ပန်းတိုင်မှာ အတူတူပင် ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် တို့ဗမာ အစည်းအရုံးသည် အင်္ဂလိပ် အစိုးရ၏ မတရားသင်း အဖြစ် ကြေညာ ခံရသည်။ ရဲဘော် သုံးကျိပ်တွင် တဖန် တို့ဗမာ အစည်းအရုံး နှစ်ခု စလုံးမှ အစည်းအရုံးဝင် လူငယ်များ ပြန်လည် ပေါင်းမိကြ ပြန်သည်။ ဂျပန်ခေတ် အတွင်းသို့ ရောက်သော် တို့ဗမာ အစည်းအရုံးနှင့် ဒေါက်တာ ဘမော်၏ ဆင်းရဲသား အဖွဲ့တို့ ပေါင်း၍ တို့ဗမာ ဆင်းရဲသား အစည်းအရုံး အဖြစ် ရှိနေ ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဖဆပလ အဖွဲ့ကြီး ပေါ်ပေါက် လာသော အခါ တို့ဗမာ အစည်းအရုံးဝင် ခေါင်းဆောင် အခိျု့က ဖဆပလ နှင့် ပူးပေါင်း သွားသော်လည်း အခိျု့က တို့ဗမာ အစည်းအရုံးကို ဆက်လက် ဦးဆောင် ခဲ့ကြ သည်မှာ ၁၉၆၂ ခုနှစ် အထိပင် ဖြစ်သည်။ သို့သော် တို့ဗမာ အစည်းအရုံးသည် ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် မထင်ရှား တော့ပေ။ သို့ မထင် ရှားသော်လည်း တို့ဗမာ အစည်းအရုံးနောက် ပေါ်ပေါက် လာကြသော ဖဆပလ အဖွဲ့ အပါအဝင် နိုင်ငံရေး ပါတီ အဖွဲ့အစည်း အသီးသီး၏ နိုင်ငံရေး ခေါင်းဆောင် များနှင့် စစ်ရေး ခေါင်းဆောင် အများစုမှာ တချိန်က တို့ဗမာ အစည်းအရုံး မှပင် ဖြစ်ကြ ပေသည်။ ထို့ကြောင့် တို့ဗမာ အစည်းအရုံးသည် မြန်မာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင် ထိပ်တန်း နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များကို မွေးထုတ် ပေးရုံ မက ဆိုရှည်လစ် စနစ် တည်ဆောက်ရေး ခေါင်းဆောင်များ ကိုလည်း မွေးထုတ် ပေးခဲ့သည့် အစည်းအရုံး ဖြစ်သည်။ ကိုလိုနီခေတ် အတွင်း ကလည်း လုံးဝ လွတ်လပ်ရေးကို တောင်းခဲ့ ရုံမက လွတ်လပ်ရေး ရလျှင် ဆိုရှည်လစ် စနစ် တည်ထောင်ရန် ရည်မှန်း ခဲ့သောကြောင့် နိုင်ငံရေး ခံယူချက် တွင်လည်း အတိုးတက်ဆုံးနှင့် အပြတ်သားဆုံး ဖြစ်ခဲ့သည်။ အခြေခံ လူတန်းစား နှစ်ရပ် ဖြစ်သော တောင်သူ လယ်သမားနှင့် အလုပ်သမား များကို စနစ်တကျ စတင် စည်းရုံး ခဲ့သော အစည်းအရုံးလည်း ဖြစ်သည်။ သက်တမ်း အားဖြင့်လည်း ၁၉၃ဝ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် အထိ ၃၂ နှစ်ခန့် ရှည်ခဲ့သည်။ ဤအချက် များကြောင့် တို့ဗမာ အစည်းအရုံးသည် ကိုလိုနီခေတ် မြန်မာ့ သမိုင်းတွင် ထင်ရှားသည်။
တို့ဗမာ အစည်းအရုံး ညီလာခံများ
တို့ဗမာ အစည်းအရုံး ညီလာခံ များကို အောက်ပါ အတိုင်း ကျင်းပ ခဲ့သည် -

အကြိမ်               နေရာ                          ခုနှစ်
ပထမ                 ရေနံချောင်း                     ၃ဝ-၃-၁၉၃၅ မှ ၁-၄-၁၉၃၅
ဒုတိယ               မြင်းခြံ                            ၂၇-၆-၁၉၃၆ မှ ၂၉-၆-၁၉၃၆
တတိယ              ပြည်မြို့                           ၂၂-၃-၁၉၃၈ မှ ၂၄-၃-၁၉၃၈
စတုတ္ထ               မော်လမြိုင်                      ၇-၄-၁၉၃၉  မှ  ၁ဝ-၄-၁၉၃၉
(သခင် ကိုယ်တော်မှိုင်း)
ပဉ္စမ                  သာယာဝတီ                     ၁၁-၅-၁၉၄ဝ မှ ၁၃-၅-၁၉၄ဝ
(သခင် ကိုယ်တော်မှိုင်း)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management