Wednesday, January 16, 2013

၂၀၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသရန် စီစဉ်သွားမည်

၂၀၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသရန် စီစဉ်သွားမည်

၂၀၁၃ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသရန် စီစဉ်သွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သတင်းရရှိသည်။
ယင်းကဲ့သို့ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲပြသနိုင်ရန်အတွက် ကြုံ တွေ့ရနိုင်သည့် အခက်အခဲများ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များကို ရုပ်ရှင်လောကသားများအား ညှိနှိုင်းဆွေးနွေးပြီး နောက်အများ၏ သဘောတူညီချက်ဖြင့် ယင်းကဲ့သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့ ၂၀၁၃ ခုနှစ်အတွင်းမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲသွားဖို့ စီစဉ်ထားပြီးပါပြီ။ အဲဒီလိုပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ရာမှာလည်း ရုပ်ရှင်လောကသားတွေကို ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပြီးတော့ အများ သဘောဆန္ဒနဲ့ ဆုံးဖြတ်ခဲ့တာပါ။ ပထမအဆင့် သဘောတူညီပြီးသွားပြီဖြစ်တဲ့အတွက် နှစ်ရှည်ငှားရမ်းထားတဲ့ ရုပ်ရှင်ရုံတွေကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖို့နဲ့ ရုပ်ရှင်ရုံတွေကို အဆင့်မြှင့်တင်ဖို့ ခေါ်ယူမေးမြန်းသွားပါမယ်။ တကယ်လို့ အဲဒီလို ဒစ်ဂျစ်တယ် ပြောင်းလဲဖို့၊ ရုံကိုအဆင့်မြှင့်ဖို့အထိ မလုပ်နိုင်ဘူးဆိုရင် နှစ်ရှည်ငှားရမ်းထားတဲ့ ရုံတွေကို ပြန်အပ်ဖို့ အကြောင်းကြားပါမယ်။ အဲဒီလို ပြန်အပ်လာတဲ့ ရုံတွေရှိလာတဲ့အခါမှာ ရုပ်ရှင်လောကသားတွေထဲက ရုပ်ရှင်လုပ်ငန်းကို တကယ်လုပ်ကိုင်ချင်သူတွေကို ဖိတ်ခေါ်ပြီး အများပိုင်သဘောမျိုးနဲ့ စုပေါင်းလုပ်ကိုင်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီလို ပြောင်းလဲမှုတွေ လုပ်ပြီးသွားပြီဆိုရင်တော့ ရုပ်ရှင်လောကသားတွေပိုင်တဲ့ ရုံတွေလည်းရှိလာပြီဆိုရင်တော့ ရုံတင် ပြသမှုစနစ်တွေကိုလည်း ပြောင်းလဲသွားမှာပါ။ ဒီအခါမှာပရိသတ်တွေလည်း အဆင့်မြင့်မြင့် ကြည့်ရှုခွင့်ရမှာ ဖြစ်သလို အခုလို ဇာတ်ကားတစ်ကားတည်း ပြနေတဲ့စနစ်အစား ရုံပြိုင်ပြသတဲ့ စနစ်မျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်'' ဟု ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူး ဦးဝင်းကြည်က ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ ရုပ်ရှင်ရုံအများစုမှာ ဖလင်စနစ်ဖြင့် ပြသလျက်ရှိနေပြီး ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ စနစ်အစား ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပြသရန် စီစဉ်လာခြင်း ဖြစ်သည်။ ဒစ်ဂျစ်တယ် ပြသမှုစနစ်သို့ ပြောင်းလဲပြီးသွားပါက မြန်မာရုပ်ရှင် ဇာတ်ကားများအားလုံးကိုလည်း ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ရိုက်ကူးရမည်ဖြစ်သည်။ ''အခုလို ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းဖို့ ဆုံးဖြတ်တာက တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ပထမဆုံးအချက်ကတော့ ကွာလတီ ပိုကောင်းသွားမှာပါ။ ဖလင်နဲ့ရိုက်တဲ့ ဇာတ်ကားဆိုရင် ဖလင်ကုန်ကျစရိတ်ကို ချွေတာရတဲ့အတွက် အကြိမ် ကြိမ် ပြန်ရိုက်နိုင်တဲ့ အခွင့်အရေးမရှိဘူး။ဒစ်ဂျစ်တယ်စနစ်မှာဆိုရင်တော့ မကောင်းမချင်း စိတ်တိုင်းကျ ပြန်ရိုက်နိုင်တဲ့ အခွင့်အရေးရှိနိုင်တယ်။ ပြသတဲ့အခါမှာလည်း အသံစနစ်၊ရုပ်ထွက်တဲ့စနစ် စတဲ့အပိုင်းအားလုံးမှာ ကွာလတီကောင်းသွားမယ်။ ကုန်ကျစရိတ်ပိုင်းမှာဆိုရင်လည်း ပထမပိုင်းမှာသာ ဒီကအစပိုင်းလုပ်မှာဖြစ်တဲ့အတွက် ပစ္စည်းပိုင်းဆိုင်ရာတွေ ရင်းနှီးမြှုပ်နှံမှု လုပ်ရမယ်။ နောက်ပိုင်းမှာကတော့ ပိုပြီးသက်သာနိုင်ပါတယ်။ ဖလင်နဲ့ ရိုက်တဲ့စရိတ်ထက်ကို အများကြီးလျော့ သွားနိုင်တဲ့အတွက် အခြားကုန်ကျ စရိတ်တွေဘက်ကို ပိုသုံးလာနိုင်ပါတယ်။ ဒီအတွက် ဇာတ်ကားအတွက် လိုအပ်တဲ့ အခြားသော ကုန်ကျစရိတ်ပိုင်းမှာ ပိုအသုံးပြုလာနိုင်မှာပါ။ ဒါကြောင့် ရေရှည်အတွက် သင့်တော်တဲ့ နည်းလမ်းတစ်ခုပါပဲ'' ဟု ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်ခြင်းနှင့်ပတ်သက်၍ ဒါရိုက်တာရီဇော်က သုံးသပ်ခဲ့ပါသည်။
လက်ရှိပြသလျက်ရှိသည့် ရုပ်ရှင်ရုံများအနက် အကြီးဆုံး ရုပ်ရှင်ရုံ အုပ်စုဟု ဆိုရမည့် မင်္ဂလာကုမ္ပဏီ အုပ်စုမှလည်း ၎င်းတို့ပိုင် ရုပ်ရှင်ရုံများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသနိုင်ရန် စတင်စီစဉ်လျက်ရှိကြောင်း သိရပါသည်။ မကြာမီတွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံလုပ်ငန်းရှင်များသို့ မိမိတို့ ပြသလျက်ရှိသည့် ရုပ်ရှင်ရုံများအား ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲ ပြသနိုင်ရန်အတွက် အကြောင်းကြား သွားမည်ဖြစ်ပြီး ပြောင်းလဲရန် အခက်အခဲရှိသည့် နှစ်ရှည်ငှား ရုပ်ရှင်ရုံလုပ်ငန်းရှင်များအားလည်း ပြန်လည်အပ်နှံသွားရန် တိုက်တွန်းသွားမည်ဟု သိရှိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ ၁၁၆ ရုံရှိပြီး ရုပ်ရှင်ဇာတ်ကား ပုံမှန်ပြသလျက်ရှိသည့်ရုံမှာ ၆၀ ကျော်ခန့်သာ ရှိသည်ဟု သိရှိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management