လွန်ခဲ့သည့်ရက်ပိုင်းက အမည်မသိလူနှစ်ဦး
ခေါ်ဆောင်သွားခဲ့ရာမှ ပျောက်ခြင်းမလှ ပျောက်ဆုံးနေသော ကိုရဲမင်းဦး
ကိစ္စနှင့်ပတ်သက်၍ ရခိုင်လူမှုရေးအဖွဲ့အစည်းတခုဖြစ်သော ရခိုင်လူငယ်များအဖွဲ့
(Arakan Youths Organization- AYO) အဖွဲ့မှ အပူတပြင်း
စုံစမ်းလျက်ရှိကြောင်း သိရသည်။
မတ်လ၂၇
ရက် နေ့ နေ့လည်၁၂ နာရီ ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းရှိ
ရွှေရသာစားသောက်ဆိုင်တွင် ကိုရဲမင်းဦးကိစ္စ AYO က
သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ
အတွင်းရေးမှူးလည်းဖြစ်၊ AYO အဖွဲ့ဝင်လည်းဖြစ်သော ကိုရဲမင်းဦးမှာ
ဗဟန်းမြို့နယ် ဦးသာသနာ့ကျောင်းတွင်ရှိနေခိုက် မတ်လ (၂၅)ရက်နေ့
ည(၉)နာရီခန့်တွင် ၄င်းအား အမည်မသိ လူနှစ်ဦး လာရောက်ခေါ်ဆောင်သွားခဲ့ရာမှ
ပျောက်ဆုံးသွားခဲ့သဖြင့် ဗဟန်းရဲစခန်း၌ ၁၃/၂၀၁၃ လူပျောက်မှုဖွင့်ကာ
ဆက်လက်စုံစမ်းလျက်ရှိရာ မတ်လ(၂၉)ရက်နေ့ ညနေအထိ စုံစမ်းမရရှိ သေးဟု AYO
အဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။
" အပြင်မှာ
သတင်းတွေမျိုးစုံထွက်နေပေမယ့်၊ အာဏာပိုင်တွေဖက်က အရေးယူထားတယ်၊
မထားဘူးဆိုတာ တရားဝင် ပြောတာမရှိသေးဘူး။ ဖမ်းထားတယ် ဆိုရင်လည်း
ဖမ်းထားတယ်ပေါ့။ ဘာကြောင့်ဖမ်းထားတယ်၊ ဘယ်မှာထားတယ်ဆိုတာ
တရားဝင်ပြောရမှာပေါ့။ အခုဟာက ဘာမှပွင့်လင်းမြင်သာမှုမရှိတော့ အားလုံးက
စိုးရိမ်နေရတာပေါ့ဗျာ" ဟု ကိုဖိုးသားက ဆိုသည်။
၎င်းအား မတ်လ ၂၅ ရက်နေ့တွင်ခေါ်ယူသွားပြီးနောက် ၂၆ ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊နယ်မြေခံ SB များကို AYO မှ စုံစမ်းမေးမြန်းခဲ့သော်လည်း ၄င်းတို့အနေဖြင့် မသိရှိရကြောင်း ဖြေကြားခဲ့သည်ဟု AYO အဖွဲ့ဝင် ကိုမောင်လေးက ရှင်းပြသည်။
အဆိုပါ ကိုရဲမင်းဦးမှာ စီးပွားရေး
တက္ကလိုလ်ဂုဏ်ထူးတန်း နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီး၊ ရွှေဝါရောင်
တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့၍ အကျဉ်းတောင်တွင်း၌
(၄)နှစ်ကျော်နေခဲ့ရပြီးနောက် ပညာဆက်သင်ခွင့် ရပ်ဆိုင်းခံထားရာမှ လက်ရှိတွင်
သမ္မတ၏ခွင့်ပြုချက်နှင့်အတူ ကျောင်းဆက်တက်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
မိသားစုဝင် ဦးလေးဖြစ်သူ ဦးကျော်ကျော်ကလည်း " ဂွမြို့နယ် ပိန္နဲကုန်းရွာမှာနေတဲ့ ကိုရဲမင်းဦးရဲ့ မိဘတွေက သူ့သားကို ကျနော်တို့ဆီမှာ အပ်ထားခဲ့တာပါ။ အခု သားပျောက်နေတာကြားရတော့ နေမကောင်းဖြစ်နေတဲ့ သူ့အဖေဟာ သားအတွက် စိုးရိမ်စိတ်နဲ့ ထမင်းလည်းမစားတော့ဘူး။ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲတော့တာပဲ။ " ဟု ပြောသည်။
ပျောက်ဆုံးနေသည့် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဥိး(ဓါတ်ပုံ- အင်တာနက်)ကိုရဲမင်းဦး ပျောက်နေမှုအား စိုးရိမ်ခြင်းပြသသည့်အနေဖြင့် ရခိုင်လူငယ်များအဖွဲ့(AYO)မှ ဦးဆောင်၍ မတ်လ (၂၇)ရက်နေ့က အနောက်ရွှေဂုံတိုင်လမ်းရှိ " ရွှေရသာ " စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သလို၊ မတ်လ၂၉ရက် နေ့တွင်လည်း ၄င်းပျောက်ဆုံးမှု အပေါ်ပြည်သူ့လွှတ်တော်တရား ဥပဒေ စိုးမိုးရေးကော်မတီ၊ ရခိုင်နိုင်ငံရေး ပါတီများနှင့်ရခိုင်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)၊ နိုင်ငံခြားသံရုံးများသို့ AYO က အသိပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။
ရခိုင်လူငယ်များအဖွဲ့ AYO ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ရက်နေ့တွင် ရခိုင်ပြည်နယ်(၁၇)မြို့နယ်မှ ရခိုင်ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းခဲ့ပြီး၊ အမျိုးဘာသာသာသနာနှင့် ဘေးဒုက္ခရောက်နေသူများကို ကူညီဆောင်ရွက်ရန် ရည်ရွယ်သည်ဟု သိရသည်။


3/29/2013
mykyawthiha.blogspot.com
Posted in:


0 comments:
Post a Comment