၂၀၁၁ ခုနှစ်အတွင်း အထူးခြားဆုံးသတင်း၁၂ပုဒ်ကို 7Day News စာဖတ်ပရိသတ်များအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
(၁) နိုင်ငံတော်သမ္မတနှင့် ဒေါ် အောင်ဆန်းစုကြည်တွေ့ဆုံခြင်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့၏ သြဂုတ်လ ၁၉ ရက်က တွေ့ဆုံမှုမှာ ၂၀၁၁ ခုနှစ်အတွင်း စိတ်လှုပ် ရှားစရာအကောင်းဆုံး အခိုက်အတန့်တစ်ခုဖြစ်ခဲ့သည်။ အစိုးရ ခေါင်းဆောင်နှင့် အတိုက်အခံ ခေါင်းဆောင်တို့အကြား နှစ်ပေါင်း ၂၀ အတွင်း အကောင်းဆုံးတွေ့ ဆုံမှုဖြစ်သည်။ ရွေးကောက်ပွဲအလွန်ကာလတွင် ပြည်တွင်းနှင့် ပြည်ပမှစောင့်ကြည့်သူများ အံ့သြလောက်သည့် ပြောင်းလဲမှုများ၏ အစလည်းဖြစ်သည်။ သူတို့နှစ်ဦး
တွေ့ဆုံပုံက လွန်ခဲ့သည့် နှစ်ပေါင်း၂၂နှစ်ကျော်က တောင်အာဖရိကမှ လူဖြူသမ္မတ ဒီကလပ်နှင့် လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားတို့၏ တွေ့ဆုံမှုကဲ့သို့ပင် ဆင်တူပြီး အရေးလည်းပါခဲ့သည်။ ၂၀၁၁ သြဂုတ်လ ၁၉ ရက်တွင်အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကြီးကိုချိတ်ထားသော ခန်းမအတွင်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့်ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင်ညစာဖြင့်ပါ ဧည့်ခံခဲ့သေးသည်။ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုအပေါ် ၀မ်းမြောက်ကျေနပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားခဲ့သည်။ ထိုတွေ့ဆုံမှု၌ပင် ခေါင်းဆောင်နှစ်ဦးကြား၌ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့သည်။
(၂) သမိုင်းတွင်သော သမ္မတ၏ ဧရာဝတီဆုံးဖြတ်ချက်
စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကသမိုင်းတွင်မည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသော ဧရာ ၀တီမြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း ဆက်လက်တည်ဆောက်ခြင်းမပြုဘဲရပ်ဆိုင်းရန် သမ္မတက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမေရိ ကန်ဒေါ်လာသုံးဘီလီယံကျော် တန်ဖိုးရှိသော အဆိုပါစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် သမ္မတဦးသိန်းစိန်မှာလူထု၏ ယုံကြည်မှုနှင့်ထောက်ခံမှုများစွာရရှိခဲ့သည်။ မြန်မာနိုင်ငံရှေ့ရေးအတွက် အရေးကြီးသော အဆိုပါဆုံးဖြတ်ချက်ကြောင့် တစ်နိုင်ငံလုံးပျော်ရွှင်ခဲ့ကြပြီး ၂၀၁၁ ခုနှစ်၏ အထူးခြားဆုံးအခိုက်အတန့်တစ်ခုလည်းဖြစ်ခဲ့သည်။
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်
ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကလည်း သမိုင်းဝင်မည့် ဆုံးဖြတ်ချက်တစ်ခု ကို နိုဝင်ဘာ ၁၈ ရက်တွင် ချမှတ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော၊ ၁၉၉၀ ရွေးကောက်ပွဲတွင် လူထုဆန္ဒတစ်ခဲနက်ဖြင့် အောင်ပွဲခံခဲ့သော အဆိုပါပါတီက ၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲနှင့် နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ထိုဆုံး ဖြတ်ချက်မှာလည်း ၂၀၁၁ ခုနှစ်အတွင်း အထူးခြားဆုံး အခိုက်အတန့်တစ်ခုဖြစ်ခဲ့သည်။
(၄) အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းဝင်မိန့်ခွန်း
နိုဝင်ဘာ ၁၈ ရက်သည် မြန်မာနိုင်ငံအတွက် မင်္ဂလာသတင်းကြီး သုံးခုပေါ်ထွက်ခဲ့သောနေ့ဖြစ်သည်။ ကမ္ဘာ့စူပါပါဝါ အမေရိကန် သမ္မတအိုဘားမားက နိုဝင်ဘာ ၁၇တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၂၀ ခန့် ဖုန်းပြောခဲ့သည်။ ထို့နောက်အင်ဒိုနီးရှားနိုင်ငံ ဘာလီမှ အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား၏ ပထမ ဆုံးမိန့်ခွန်းကို ပြောကြားခဲ့သည်။အမှောင်မိုက်ဆုံးကာလများ အလွန်တွင် မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုများ(Flicker of Progress) မြန်မာနိုင်ငံ၌ မြင်တွေ့ခဲ့ရပြီဟု အိုဘားမားကဆိုသည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား စတင်တွေ့ ဆုံဆွေးနွေးမှု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူအချို့ လွှတ်ပေးမှု၊ မီဒီယာနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးမှု၊ ဥပဒေပြုကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးမှုတို့ကို အမေရိ ကန်က အသိအမှတ်ပြုပြီး ပြောင်း လဲမှုများ ထပ်မံပြုလုပ်ရန် မြန်မာ အစိုးရကိုလည်း တိုက်တွန်းခဲ့ သည်။ မိန့်ခွန်းပြောကြားစဉ် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် မြန်မာ နိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
(၅) ဟီလာရီကလင်တန် မြန်မာ နိုင်ငံသို့ လာရောက်ခြင်း
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်မှာ နှစ်ပေါင်း ၅၆ နှစ်အတွင်း အမေ ရိကန်၏ အဆင့်မြင့်ဆုံးအရာရှိ တစ်ဦးအဖြစ် မြန်မာနိုင်ငံသို့
လာရောက်ခဲ့သည်။ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၂ ရက်အထိ ဟီလာရီကလင်တန်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့မှ အဆင့်မြင့်ပုဂိုလ်များနှင့်တွေ့ဆုံ
ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများကို ခြွင်းချက်မရှိလွှတ်ပေးရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဖြစ်ပေါ်နေသော ပဋိပက္ခများ ကို အဆုံးသတ်ပေးရန်၊ တရားမျှတသောရွေးကောက်ပွဲများ ကျင်းပပေးရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည်နှင့်အမျှ အမေရိကန် အစိုးရကလည်း ဖြေလျှော့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် အဆင်သင့်ရှိကြောင်း အမေရိကန်မူဝါဒကို ချပြခဲ့သည်။
(၆) ပထမဆုံးအကြိမ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးရရှိခြင်း
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပသော အာဆီယံထိပ် သီးအစည်းအဝေးကနိုဝင်ဘာ ၁၈ ရက်၌ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မည့် ဆုံးဖြတ်ချက်တစ်ခု ကိုချမှတ်ပေးခဲ့ပြန်သည်။ အာဆီ ယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌရာထူးပေးရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။ မြန်မာ အစိုးရအတွက် အဆိုပါရာထူးမှာ နိုင်ငံတကာနယ်ပယ်တွင် မိမိနှင့်ထိုက်တန်သောနေရာ၊ ဂုဏ်သိက္ခာကို ပြန်လည်ရယူသည့်အနေဖြင့် အရေးကြီးသလို အာဆီယံကလည်း မြန်မာနိုင်ငံအပေါ် ၎င်းတို့ ၏ ယုံကြည်မှုကိုသက်သေပြလိုက် သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်၍ သမိုင်းဝင်အဆုံးအဖြတ်ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းနေပြီဆိုသော မြန်မာနိုင်ငံအတွက်လည်း အာဆီယံဥက္ကဋ္ဌရာထူးက အားဆေးတစ်ခွက်ဖြစ်သည်။
(၇) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀ ၀န်းကျင်ကို လွှတ်ပေးခြင်း
နိုင်ငံတော်သမ္မတ ဦးသိန်း စိန်အစိုးရလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ်ပြုခဲ့သော်လည်း အောက်တိုဘာ ၁၂ရက်တွင် ယုံကြည်ချက်ကြောင့် အကျဉ်း
ကျခံနေရသူ ၂၀၀ ၀န်းကျင်အပါအ၀င် အကျဉ်းသား ၆၃၅၀ ကျော်လွှတ်ပေးခဲ့မှုမှာသာ အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင်၊ ရန်မျိုးသိမ်း စသောယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀၀ ၀န်းကျင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းမှာ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အပြုသဘောဆောင်သော သမိုင်းဝင်အဆုံးအဖြတ်ဖြစ်ခဲ့သည်။ ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွတ် မြောက်ပေးရန် သတင်းများလည်း ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာသည်။
လာမည့် လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့တို့တွင် နိုင်ငံတော်သမ္မတက ပြည်သူ အများစုလိုလားသော သမိုင်းဝင် အဆုံးအဖြတ်တစ်ခုကို ထပ်မံချ၊မချကို တစ်ကမ္ဘာ
လုံးက စောင့်ကြည့်နေသည်။
၈။ ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းရေးအစီအစဉ် စတင်ခြင်း
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တာဝန်ပေးမှုဖြင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးဦးအောင်မင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းတို့ ဦးဆောင်ပြီး ဆက်စပ်ဌာနများက မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်အဖြစ် ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်းရေး အစီအစဉ်ကို စက်တင်ဘာ ၁၉ တွင်စတင်ခဲ့သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိ ပြီး မှတ်ပုံတင်သက်တမ်း ၂၀ အထက် ကားများ အစီးရေ ငါးသောင်းငါးထောင်ကျော်ကို အုပ်စု သုံးစုခွဲ၍ကားဟောင်းလက်ခံပြီး အစားထိုးကားသစ်တင်သွင်းခွင့် ပြုခဲ့သည်။ အဆိုပါ အစီအစဉ်ကြောင့် ကားဈေးနှုန်းများ ပြုတ်ကျကုန်သည်။ ယခင်ဈေးကွက် မ၀င်သော လေးဘီးကား၊ ဖန်မလီယာစသော ကားဟောင်းများ ဈေးတက်ပြီး အရောင်းသွက်ခဲ့သည်။ ထိုအပြင် နိုင်ငံခြားငွေ ရရှိ သော ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ခရီးသွားလုပ်ငန်းများ၊ သင်္ဘောသား များ၊ ပြည်ပတွင် သွားရောက် အ လုပ်လုပ်ကိုင်နေသူနှင့် တာဝန်ထမ်းဆောင်နေသူများ၊ ကျောက် မျက်လုပ်ငန်းရှင်များကိုပါ သတ် မှတ်ချက်များဖြင့် ကားတစ်စီးစီ တင်သွင်းခွင့်ပြုခဲ့သည်။ အဆိုပါ စီမံကိန်းမှာ လူလတ်တန်းစားအများစုအပေါ်အကျိုးရှိစေခဲ့သည်။ အခက်အခဲအချို့ရှိခဲ့သော်လည်း ယခင်ကနှင့်မတူ အစိုးရက စီမံ ကိန်းကိုစတင်ပြီး ပြီးစီးအောင် ဆက်လက် ဆောက်ရွက်ပေးနေသည်ကို တွေ့ရသည်။
၉။ ပင်စင်စားများ ပထမဆုံးအ ကြိမ် ပျော်ရွှင်ရခြင်း
အစိုးရ၀န်ထမ်းများအတွက် ၂၀၁၁ ခုနှစ်မှ အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ဇွန် ၃၀ ရက်ည နိုင်ငံပိုင်ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာနှင့် နိုင်ငံရေးပင်စင်လစာများကို တိုးမြှင့်သတ်မှတ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုကြောင့် ပင်စင်စာများအနေ ဖြင့် အနိမ့်ဆုံးပင်စင်လစာ ကျပ်နှစ်သောင်းမှ အမြင့်ဆုံးကျပ်တစ်သိန်းတစ်သောင်းအထိ ခံစားခွင့်ရရှိလာ၍ ယခင်ပင်စင်လစာနှင့် ယှဉ်လျှင် ပမာဏများစွာကွာခြား ၍ တစ်နိုင်ငံလုံးရှိ ပင်စင်စားရှစ် သိန်းကျော်နှင့် ၎င်းတို့၏ မိသားစုဝင်များ အထူးပျော်ရွှင်ခဲ့ကြရသည်။ ထိုခံစားခွင့်ကို ၂၀၁၁ ဇန် န၀ါရီ ၁ ရက် မတိုင်ခင် ပင်စင်ခံစားခွင့်ရရှိသော အစိုးရ၀န်ထမ်း အားလုံးအကျုံးဝင်သည်။ ကျပ် ငွေတန်ဖိုး ဖောင်းပွလာပြီး ပင်စင်လစာပမာဏ နည်းပါးလွန်း၍ သိမ်ငယ်ခဲ့ရသော ပင်စင်လစာအတွက် အစိုးရ၏ ကောင်းမွန်သော ဆောက်ရွက်မှုတစ်ခုဖြစ်ခဲ့သည်။
၁၀။ ပြည်ပရောက်မြန်မာများကို ပြန်လာခွင့်ပြု
နိုင်ငံတော်သမ္မတဦးသိန်းစိန်က သြဂုတ်လ ၁၇ ရက်တွင် အ ကြောင်းအမျိုးမျိုးကြောင့် ပြည်ပ သို့ရောက်ရှိနေသော မြန်မာများကို ပြန်လာနိုင်ရန် စဉ်းစားပေး မည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ပြောကြားခဲ့သည်။ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာနတွင် အသင်းအဖွဲ့ပေါင်းစုံမှ တာဝန်ရှိသူများနှင့် နိုင်ငံတော်သမ္မတက ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြော ကြားခဲ့ခြင်း ဖြစ်သည်။ သမ္မတက စဉ်းစားပေးမည်ဟုဆိုသော်လည်း လက်တွေ့တွင် ပြည်ပမှ ပြန်လာသော မြန်မာအားလုံးကို ကြည်ဖြူစွာပင် လက်ခံပေးခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုကဲ့သို့ အစိုးရက ပြည်ပရောက်မြန်မာများကို တရားဝင်ပြန်လာရန်ဖိတ်ခေါ်ခဲ့သည်မှာ ဆယ်စုနှစ်ငါးခုကျော် အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
၁၁။ သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်း
သမ္မတသစ်ဖြစ်လာသော ဦးသိန်းစိန်က မတ်လ ၃၀ တွင် သူ၏ပထမဆုံးမိန့်ခွန်းကို ပြည် ထောင်စုလွှတ်တော်ပုံမှန်အစည်း အဝေးတွင် ပြောကြားခဲ့သည်။ သမ္မတမိန့်ခွန်းကို ရုပ်မြင်သံကြား မှ ထိုနေ့ညနေ ၄ နာရီတွင် ထုတ် လွှင့်ပြသခဲ့ရာ မြန်မာပြည်သူများ အနေဖြင့် နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံ့အကြီးအကဲ၏ ပထမဆုံး မိန့် ခွန်းကို နားထောင်ခွင့်ရရှိခဲ့ကြ သည်။ ၃၇ မိနစ်ကြာမြင့်ခဲ့သော သမ္မတသစ်၏ မိန့်ခွန်းတွင် ထူးခြားသည်မှာ မတူသောအမြင်ရှိ သူများအတွက်လည်း တိုင်းပြည်၏ အကျိုးစီးပွားအတွက် တူညီ သောကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်သွားကြရန် အတိုက် အခံအင်အားစုများရှိ ပူးပေါင်းဆောင်ရွက်ရန် တရားဝင်လမ်း ဖွင့်ပေးသည့်စကား ထည့်သွင်း ပြောကြားခဲ့သည်။ စီးပွားရေးတွင် အရင်းရှင်၊ ဓနရှင်၊ အခွင့်ထူးခံ များက လက်ဝါးကြီးအုပ်ခြယ် လှယ်ခြင်းမျိုးမရှိရန် ထိန်းသိမ်း ပေးမည်ဟု ပြောကြားပြီး လာဘ် ပေး၊ လာဘ်ယူမှုများကိုလည်း ထိရောက်စွာ အရေးယူသွာမည်ဟု ပြောခဲ့သည်။ သတင်းမီဒီယာများကိုလည်း တိုင်းပြည်၏ စတုတ္ထ မဏ္ဍိုင်ဟု တရားဝင်အသိအမှတ် ပြုခဲ့သည်။ လူ့အခွင့်အရေးကိစ္စရပ်များကိုလည်း အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။ ထိုကြောင့် ပြည်သူများထံတွင် နှစ် ပေါင်းများစွာ ပျောက်ဆုံးနေသော မျှော်လင့်ချက်များမှာ သမ္မတ၏ ပထမဆုံးမိန့်ခွန်းကြောင့် လင်းလတ်လာခဲ့သည်။
၁၂။ ပြိုလဲလုမတတ် ဖြစ်ခဲ့သော စီးပွားရေးအတွက် နှိုးဆွမှုအစီအစဉ်များ
ဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်အတွက် ပထမဆုံးနှစ် တွင် စီးပွားရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာကျပ်ငွေတန်ဖိုး ရှိ သင့်သည်နှုန်းထက် အလွန်အမင်းမြင့်တက်လာ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အလုပ်မလုပ် နိုင်သည်မှစကာ ဆက်စပ်ပြီးစီးပွားရေးလုပ်ငန်းတစ်ခုလုံးတုံ့
ဆိုင်းခဲ့သည်။ ပြိုလဲလုမတတ်ဖြစ်ခဲ့သော စီးပွားရေးကို နှိုးဆွသည့် စီမံကိန်းများစွာကိုလည်း အစိုးရသစ်က တက်တက်ကြွကြွလုပ်ခဲ့ သည်ကိုလည်းတွေ့ရသည်။ ဇွန် ၃၀ ရက်တွင် ပို့ကုန်ရငွေမှ အခွန်ကောက်ခံမှုကို ယခင် ၁၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ဒုတိယအကြိမ်အဖြစ် ကုန်ပစ္စည်း ခုနစ်မျိုးအတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ထပ်မံလျှော့ချပေး ခဲ့ပြန်သည်။ ထိုကြောင့် အဆိုပါ ကုန်စည်ခုနစ်မျိုးမှာ ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်။ ထို့အပြင် ပြည်တွင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော ဒေါ်လာ နှင့် နိုင်ငံခြားငွေရရှိသူများ ၀င်ငွေခွန်ဖြင့် ၁၀ ရာခိုင်နှုန်းကောက် ခံခြင်းကို သြဂုတ်လ ၁၉ ရက်စ တင်၍ ၂ ရာခိုင်နှုန်းသို့ ခြောက်လ အတွက် လျှော့ချပေးခဲ့ပြန်သည်။ ထို့အပြင် ဒီဇင်ဘာလကုန်ပိုင်းတွင် ပြည်ပရောက်မြန်မာလုပ် သားများ အားလုံး၏ ၀င်ငွေခွန်ကို ၂၀၁၂ ဇန်န၀ါရီမှစတင်၍ လုံးဝကင်းလွတ်ခွင့်ပြုခဲ့သည်။ ဘဏ် အတိုးနှုန်းမြင့်မားနေခြင်းကို ဘဏ်ပညာရှင်များနှင့် လုပ်ငန်း ရှင်များ၏ ထောက်ပြပြောဆိုမှုများပြီးနောက် သက်ဆိုင်ရာပညာ ရှင်များနှင့် တိုင်ပင်ကာ စက်တင် ဘာ ၁ ရက်တွင် ချေးငွေ၊ အပ်ငွေအတိုးနှုန်းများကို ၂ ရာခိုင်နှုန်းစီ စတင်လျှော့ချပေးပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ဒုတိယအကြိမ် ၂ ရာခိုင်နှုန်းစီ ထပ်မံလျှော့ချပေး ရန် အစိုးရကညွှန်ကြားခဲ့သည်။ ထိုအပြင် ကျပ်ငွေတန်ဖိုး လျှော့ချရန် စူပါကာစတန်ကားများကို ဒဏ်ရိုက်ပြီး ဒဏ်ငွေကို ဒေါ်လာ ဖြင့် ပေးဆောင်စေခြင်း၊ ဒေါ်လာ သုံးစွဲမှုမြင့်တက်လာရန် ယာဉ် အို၊ ယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ် အကောင်အထည်ဖော် ခြင်း၊ နိုင်ငံခြားငွေရရှိသောသူနှင့် လုပ်ငန်းများကို ကားသွင်းခွင့်ပြု ခြင်းစသော စီမံကိန်းများစွာကို ဆောင်ရွက်ပေးခဲ့သည်။ အစိုးရသစ်မှ တစ်နှစ်တာအတွင်းစီးပွားရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှုမျိုး ယခင်ကာလက မတွေ့ရဖူးပေ။ သို့သော် ပြည်တွင်းစီးပွားရေးမှာ ကျဆင်းနေဆဲဖြစ်သည်။

0 comments:
Post a Comment