Saturday, March 30, 2013

ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက်




ရန်ကုန် (မဇ္ဈိမ)။   ။ အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများအပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။

“မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းကိုင်ငန်းတွေမှာ လိုက်ပါ မဆောင်ရွက်နိုင်သူတွေကို အငြိမ်းစား
ပေးလိုက်တဲ့ သဘောပါ။ ဝန်ကြီးဌာန ပေါင်းစုံက ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယ ညွှန်ကြားရေးမှူး အဆင့်တွေ အပါအဝင် စုစုပေါင်း ၅၂ ဦးကို အငြိမ်းစားပေးလိုက်တယ်လို့ ကြားပါတယ်။ Reform (ပြုပြင်ပြောင်းလဲ) လုပ်တာမျိုးပါ” ဟု အစိုးရဌာနနှင့် နီးစပ်သူ တဦးက ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အငြိမ်းစားပေးခံရသူ ခြောက်ဦးနှင့် အထက် ရှိနေသည်ဟုဆိုသည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် တဦးနဲ့ ညွှန်ကြားရေးမှူး တဦး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေးဌာန တို့က ညွှန်ကြားရေးမှူး ၆ ဦးတို့ကို အလုပ်သမားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သမဝါယမဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ တာဝန်ထမ်းစေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုသို့ အဆင့်မြင့် အရာရှိများအား တာဝန်မှရပ်စဲခြင်းနှင့် ဌာနလွှဲပြောင်းလိုက်ခြင်းတို့နှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management