Sunday, March 17, 2013

ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်း စက်ရုံများသို့ မြန်မာလုပ်သား နှစ်သန်းခန့် သွားရောက်လုပ်ကိုင်နေရ


တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ရေထွက်ပစ္စည်း စက်ရုံတစ်ခု

မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်း အအေးခန်းစက်ရုံ ၁၀၀ ကျော်ရှိနေသော်လည်း ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်း စက်ရုံများသို့ မြန်မာလုပ်သား နှစ်သန်းခန့် သွားရောက်လုပ်ကိုင်နေရ

မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် အအေးခန်းစက်ရုံ တစ်ရာကျော် ရှိသော်လည်း မြန်မာလုပ်သားနှစ်သန်းခန့်မှာ ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်းစက်ရုံများသို့ သွားရောက် လုပ်ကိုင်နေရကြောင်း သိရသည်။

“ထိုင်းဆိုရင် ကျွန်တော်တို့နိုင်ငံ နဲ့ ရေမြေပတ်ဝန်းကျင်လည်း တူတယ်။ မွေးကန်ဧကဆိုလည်း ကျွန်တော်တို့ ထက်တောင်နည်းသေးတယ်။ ကမ်း ရိုးတန်းကျွန်တော်တို့ထက်တိုတယ်။ သူတို့ဆီမှာ ရေထွက်လုပ်ငန်းစက်ရုံ တစ်ရုံကတစ်ရက်ကိုတန် ၅၀ လောက် ထုတ်နေတယ်။ စက်ရုံပေါင်း ရာနဲ့ချီ ရှိတယ်။ မြန်မာအလုပ်သမား နှစ်သန်းလောက် သွားလုပ်နေတယ်။ ဒါတွေကို သက်ဆိုင်ရာက ပြန်သုံးသပ်ဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းအေးက ပြောကြားခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာန၏ ပြီးခဲ့သည့် နှစ်စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ရေထွက်ပစ္စည်းပြုပြင် ထုတ်လုပ်သည့် အအေးခန်းစက်ရုံ ၁၂၈ ရုံရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး တည်ရှိကာ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည် နယ်တို့တွင်လည်း ရေထွက်ပစ္စည်း စက်ရုံများရှိကြောင်း သိရသည်။

“ဒီမှာက စက်ရုံတစ်ရာကျော်ရှိ ပေမယ့် အကုန်လုံး လည်ပတ်နေတာ မဟုတ်ပါဘူး။ ရပ်ထားတဲ့စက်ရုံတွေ လည်းရှိတယ်။ ရန်ကုန်မှာစက်ရုံ ၇၀ ကျော်ရှိပေမယ့် တကယ်လည်ပတ် နေတဲ့ စက်ရုံက ၂၀ ကျော်လေးပဲရှိ ပါတယ်။ လျှပ်စစ်မီးအခက်အခဲ၊ ကုန်ကြမ်းအခက်အခဲ စတဲ့ အကြောင်းအချက်တွေကလည်း စက်ရုံတွေ မလည်ပတ်နိုင်ရတဲ့ အကြောင်းအရင်း တွေထဲမှာပါတယ်။ ထိုင်းက မဟာချိုင်မှာရှိတဲ့ ရေထွက်ကုန် စက်ရုံတွေ မှာဆိုရင် မြန်မာအလုပ်သမားတွေ အများကြီး သွားလုပ်နေပါတယ်။ အဲဒီက အလုပ်သမားတွေ ဒီကိုပြန်လာ လုပ်နိုင်ဖို့ကတော့ လုပ်အားခအပါအ၀င် လုပ်သာကိုင်သာရှိတဲ့ ၀န်းကျင် ဖြစ်ဖို့ လိုပါတယ်။ ဒီမှာက အခြေခံ အဆောက်အအုံပိုင်းက အစ လိုပါသေးတယ်” ဟု အအေးခန်းစက်ရုံ ပိုင်ရှင် တစ်ဦးက ပြောပြခဲ့သည်။

ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ၊ ထိုင်းငါး ဖမ်းစက်လှေများတွင် မြန်မာလုပ် သား အများအပြားသွားရောက်လုပ် ကိုင်နေကြပြီး အချို့မှာ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးခြင်းတို့ရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management