Saturday, March 16, 2013

၂၀၁၂ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက် အမျိုးသမီးငယ်များ အပါအ၀င် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ် ၃၀၀ ကျော် ဖြစ်ပွားခဲ့



ပြီးခဲ့သည့်၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်
တိုင်းဒေသကြီး၌ အရွယ်မရောက် အမျိုး
သမီးငယ်များ အပါအ၀င်အဓမ္မပြုကျင့်ခံ
ရသည့် ဖြစ်စဉ်၃၀၀ ကျော်

  ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှာ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်း ဖြစ်
ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ ယုံကြည်မှုလွန်ကဲခြင်း၊ အိမ်နီးနားချင်း စောင့်ရှောက်မှု အားနည်းခြင်း၊ စားဝတ်နေရေး ကျပ်တည်းမှုကြောင့်  သားသမီးများကို စောင့်ရှောက်နိုင်မှု အားနည်းခြင်း၊

 ခေတ်ရှေ့ရောက် ၀တ်စားဆင်ယင်မှု ဒီဇိုင်းများ ၀တ်ဆင်ခြင်း၊ ကာမစိတ်ကို ပြောင်းလဲနိုင်သည့် အစားအသောက်များ ဈေးကွက်၌ရှိနေခြင်းနှင့် ညစ်ညမ်းဗွီဒီယိုအခွေများ ရောင်းချနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သက်လွင်က ပြောသည်။

'' တစ်နှစ်လုံး အတိုင်းအတာအရ အဓမ္မပြုကျင့်ခံရမှု ၃၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့နှုန်းနဲ့ ဒီနှစ်ဖြစ်ပွားနှုန်း ကွာဟမှု သိပ်မရှိပါဘူး။

ရန်ကုန်မှာရှိတဲ့ လူဦးရေ ခြောက်သန်းကျော်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က မများဘူးလို့ ဆိုနိုင်ပေမဲ့ ဒီထက်လျော့ကျသွားအောင် စီမံချက်တွေ ရေးဆွဲပြီးတော့ ဆောင်ရွက်သွားမယ်။

 ဖြစ်စဉ်အများစုက လူဦး ရေထူထပ်တဲ့ မြို့နယ်တွေ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပါတယ်'' ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခုကဲ့သို့ အဓမ္မပြုကျင့်ခံရသော ဖြစ်စဉ်များ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများအနက်  အဓိကအချက်မှာ ယုံကြည်မှုလွန်ကဲ ခြင်းနှင့် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် ဖြစ်ကြောင်း၊

  ဥပမာ တချို့မိသားစုများသော အိမ်က ခြောက်ပေ အကျယ်လောက်သာရှိရာ ထိုအခန်းကျဉ်းလေးထဲတွင် မိဘများနှင့်အတူ အရွယ်ရောက်သူ သားသမီးများပါ အတူအိပ်ကြရသည့် မိသားစုများ ရှိကြောင်း၊

ထို့ပြင် အရွယ်မရောက်သေးသူ သားသမီးများကို မိဘများက ထိန်းသိမ်းစောင့်ရှောက်ခြင်းထက်  မိသားစု စားဝတ်နေရေးကိစ္စကို ဖြေရှင်းဖို့ အလုပ်ကို ဦးစားပေးနေရသော မိသားစု အများအပြားရှိကြောင်း၊

ယခုကဲ့သို့ ဖြစ်စဉ်များသည် စီးပွားရေး မပြေလည်မှုအပေါ်များစွာ အခြေခံကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်များတွင်ကျူးလွန်ခံရသူများမှာ ၁၀ နှစ်အောက်၊  ၁၀ နှစ်မှ ၁၃ နှစ် အတွင်း၊ ၁၄ နှစ်မှ ၁၅ နှစ် အတွင်းနှင့် ၁၆ နှစ်မှ ၅၀ နှစ်အတွင်းတို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဉ် တစ်ခုအနေနှင့် ၂၀၁၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်တွင် မ.....(၉)နှစ်သည် အဘွားဖြစ်သူနှင့်အတူ လက်ဖက်ရည်ဆိုင်တွင် ဗီဒီယိုကြည့်နေစဉ် ဦး....(၂၈)နှစ်သည် လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာပြီး မုန့်ဖိုးပေးမည်ဟု ပြောဆိုကာ (က) ရပ်ကွက်ရှိ ဦးချစ်စိန်လမ်းကြားထဲသို့ ခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်း   သက်ဆိုင်ရာ ရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management