Sunday, March 17, 2013

ရနောင်းစက်ရုံ ဂက်စ်ပိုက်ပေါက် မြန်မာအလုပ်သမား ၂၇ ဦး ဒဏ်ရာရ

ရနောင်းစက်ရုံ ဂက်စ်ပိုက်ပေါက် မြန်မာအလုပ်သမား ၂၇ ဦး ဒဏ်ရာရ


စံခလပူရီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ တောင်ဘက်အစွန်း ကော့သောင်းမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ပင်လယ်စာ ထုတ်လုပ်သည့် Andaman Seafood စက်ရုံမှ အအေးခန်း ဂက်စ်ပိုက် တနင်္ဂနွေနေ့က ပေါက်ကွဲမှုကြောင့်မြန်မာနိုင်ငံသူ ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း စက်ရုံ အလုပ်သမားများက ပြော သည်။

“ပေါက်ပေါက်ချင်းတော့ ထိုင်း အလုပ်သမားခေါင်းတွေက ဘာမှ မဖြစ်ဘူး၊ မပြေးနဲ့ဦး၊ ထွက်ပြေးရင် သူတို့ အလုပ်ရုံမှာ မလုပ်ခိုင်းတော့ဘူးလို့ ပြောတယ်။ လူတွေကလည်း မပြေးရဲဘူး။ နောက်တခေါက် ထပ်ပေါက်မှ ပြေးတာ။ အဲဒီမှာ ဒဏ်ရာတွေ နည်းနည်းထိသွားတယ်” ဟု စက်ရုံ အမျိုးသမီး အလုပ်သမားတဦးက ပြောသည်။

ရနောင်းမြို့ သဲကုန်းရပ်ရှိ အဆိုပါ ပေါက်ကွဲမှုတွင် ထိုင်း အမျိုးသမီးအလုပ်သမား နှစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ
ပြင်းထန်သည့် မြန်မာအမျိုးသမီး သုံးဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု စက်ရုံလုပ်သား တဦးက ပြောသည်။

၎င်းစက်ရုံတွင် မြန်မာအလုပ်သမား ၃,ဝဝဝ ကျော် ရှိပြီး တနေ့လျှင် ထိုင်းငွေ ၂ဝဝ ဘတ် ရရှိကာ အချိန်ပိုကြေး တနာရီ ၃ဝ ဘတ် ရရှိသည်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပတ်သက်ပြီး အလုပ်ရှင်ဘက်မှ တစုံတရာ ဖြေရှင်းပေးမှု မရှိသေးသည့်ပြင် အလုပ်သမား အခွင့်အရေးအတွက် အကာအကွယ် ပေးနိုင်မည့် အခြေအနေ မရှိမည်ကိုလည်း စိုးရိမ်ကြောင်း အလုပ်သမားများကပြောသည်။

“ဒီရနောင်းမှာ ရှိတဲ့ မြန်မာလူမျိုးတွေက ရှမ်း (ထိုင်း) တွေကို ကြောက်ကြတယ်လေ။ သူတို့ နားမလည်ကြဘူး။ စာမတတ်တာတွေ အရမ်းများတဲ့အခါကျတော့ နည်းနည်းလေး ခြောက်လိုက်တာနဲ့ အရမ်းကြောက်တဲ့ အနေအထားမှာ ရှိနေတယ်” ဟု အထက်ပါ အမျိုးသမီး အလုပ်သမားက ပြောသည်။

အဆိုပါစက်ရုံမှ ပင်လယ်စာများ ဖြစ်သည့် ငါးနှင့် ပုဇွန်များကို ထုပ်ပိုးပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management