ကံချွန်(စာရေးဆရာ)
ကာတွန်း ကံချွန်သည် မြန်မာနိုင်ငံရှိ မန္တလေးသား ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာ တစ်ယောက်ဖြစ်သည်။ သူသည် စာအုပ်ပေါင်း (၇၃)အုပ်၊ ဗွီဒီယို (၃)ကား၊ ကာတွန်းပေါင်း များစွာ ရေးဆွဲခဲ့သည်။
ငယ်ဘဝ
ကာတွန်း ကံချွန် မှာ ၁၉၄၆ ခုနှစ် ဧပြီ (၄)ရက်နေ့၊ မန္တလေးမြို့တွင် အဘ ဦးဘဌေးနှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်သည်။ ကာတွန်းကံချွန်တို့ ညီအစ်ကိုများသည် အစ္စလာမ် ဘာသာကို ကိုးကွယ်ကြသူများ ဖြစ်သည်။မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ကာတွန်း ကံချွန်သည် ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။
သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားနေဆဲဖြစ်သည်။
ပထမဆုံးဝင်ပြိုင်တဲ့ ရှုထောင့်ဂျာနယ်ကာတွန်း ပထမဆုရခဲ့သည်။ ပထမဆုံး ၀င်ပြိုင်တဲ့ ဦးဘဂျမ်းကာတွန်းဆု ပထမရခဲ့သည်။
သူရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီဖြစ်ပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။ သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။ မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။
- သူ၏ ပန်းချီပြပွဲတွင် ကိုယ်တိုင်ရေး ကိုယ်ရေးရာဇ၀င် ကို ဖော်ပြလိုက်ပါသည်။
ကံချွန်ကပြောသော ကံချွန်ဆိုသည်မှာ
ကံချွန်ဆိုတာ မြန်မာပြည်က ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာပါ။ မန္တလေးမြို့မှာ မွေး၊ မန္တလေးမြို့မှာ ကြီး၊ မန္တလေးမြို့မှာပဲ နေပါတယ်။ လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် အမှတ်တရ၊ မန္တလေးအငြိမ့် အလွမ်းပြေ VCD ရိုက်ကူးခဲ့တယ်။ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ ဟာသတိုများနဲ့ လူငယ် ပညာပေး အတွေးအခေါ်ဆိုင်ရာ စာပေမျိုးစုံကို ရေးသားပြုစုခဲ့ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှာ ကာတွန်း ရေးခဲ့တယ်။ ကာတွန်း ဇာတ်လမ်းရှည်တွေလည်း ရေးခဲ့တယ်။ ဂျာနယ်တွေမှာ ကွက်ဆက် ကာတွန်းနဲ့ တကွက်ချင်း ကာတွန်းတွေ ရေးခဲ့တယ်။ ပန်းချီကားများစွာ ရေးခဲ့သလို ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆ ခုမှာ ထူထောင်ခဲ့တယ်။ အနုပညာအလုပ်တွေ အများကြီးကို တပြိုင်တည်း လုပ်နေတာဟာ ဆရာကံချွန်ပါပဲ။ သူ့ပုံရိပ်ကို ခွဲခြားပြီး ပြောပါ့မယ်။ ကလောင်အမည် ကံချွန်၊ အမည်ရင်း ကံချွန်။ အဖနဲ့ အမိ ဦးဘဌေး- ဒေါ်အေးရွှင်။ မွေးရက် ၄ ရက်၊ ဧပြီ ၁၉၄၆ ။ မွေးရာဇာတိ မန္တလေးမြို့၊ မြန်မာပြည်။ မွေးချင်း ဘိုမောင်(ကာတွန်းဆရာ)၊ လှဝင်း(ဓာတ်ပုံဆရာ)၊ မျိုးဆက်သမီးစိန်စိန်ဦး၊ သမက် ကိုမြင့်အောင်(ထုတ်ဝေသူ)၊ မြေး -မောင်အောင်မျိုးဦး၊ မောင်အောင်မင်းဦး၊ မနှင်းပွင့်ဖြူ(ရေးသူ-ကံချွန်)
သူ၏ နောက်ဆုံးပန်းချီပြပွဲတွင် ဆရာကံချွန်တက်ရောက်စဉ်(၁၅-၈-၂၀၀၉)
- “လောကကြီးမှာ မကြိုးစားဘဲ အောင်မြင်တဲ့သူ မရှိဘူး။ မကြိုးစားဘဲနေရာရရင်လည်း မကြာခင် ပြန်ပျောက်သွားမှာပါပဲ။ “ကာတွန်းဆရာ“ဟာ ရည်ရွယ်ချက် ပန်းတိုင် မဟုတ်ပေမယ့် ကာတွန်းပညာဟာ ဘ၀ရဲ့ ကျေးဇူးရှင်ပါ။” (မြန်မာကာတွန်းဆရာများ-၁ စာအုပ်မှ၊ ၂၀၀၂ ခုနှစ်)
- “ပထမ လနည်းနည်းပဲ နေရတော့မယ်ဆိုတာ သူကိုယ်တိုင်၊ သိတော့လည်း ပျော်ပျော်ပါးပါးပဲနေတယ်၊ ဝေဒနာခံစားနေရတဲ့အပြင် စိတ်ဓာတ်ပါကျနေရင် ၂ ခါရှုံးတယ်လို့ ပြောတယ်” ဟု မန္တလေးသားကာတွန်းဆရာ တစ်ဦးဖြစ်သူ အော်ပီကျယ်က ဆိုသည်။
ကိုယ်ပိုင်ပန်းချီပြခန်း
ကိုယ်ပိုင်ပန်းချီပြခန်းကို ၁၉၉၆-ခုနှစ်တွင် တည်ထောင်ခဲ့သည်။- အမှတ်(၄၄)၊ (ဇ/၈)၊ လေးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(သိုးခြံ)၊ မန္တလေးမြို့။ ဖုန်း-၀၉ ၂၀၀၁၆၄၁၊ ၀၂- ၈၁၂၆၆
ကွယ်လွန်ခြင်း
အသည်းကင်ဆာကို ဆေးကုသနေရသည့်ကြားက ဆရာကံချွန်သည် ၂၀၀၉-ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှစ၍ ယနေ့အထိ မန္တလေးမြို့ Oriental House တွင် သူ၏ ကာတွန်း ကံချွန် တစ်ကိုယ်တော်ပြပွဲ ၂၀၀၉ ပန်းချီပြပွဲကို ပြုလုပ်နေပြီး ယနေ့တွင် သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ (၂၀.၈.၀၉) ညနေ သုံးနာရီ ခွဲတွင် မန္တလေးနေအိမ်၌ ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကံချွန်သည် ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။ အရွယ်စုံ ပရိသတ်ရှိသူ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်းဆရာ ဆရာကံချွန်၏ ရုပ်အလောင်းကို ၂၁ရက်နေ့၊ နေ့လည် ၁ နာရီတွင် မန္တလေးမြို့ ကြာနီကန် သုသာန်တွင် သင်္ဂြိုဟ်မည် ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီး၊ သမီးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် သူ့ကို ချစ်သော ပရိသတ် အပါအ၀င် နယ်ပယ်အသီးသီးမှ မိတ်ဆွေများ သူ့အိမ်တွင် စုရုံးရောက်ရှိနေပြီး၊ သူ့နောက်ဆုံး ခရီးအတွက် ၀ိုင်းဝန်းပြင်ဆင်ပေးနေသည်။ရေးသားထုတ်ဝေခဲ့သောစာအုပ်များ
- ခေတ်ကျောင်းသား (၁၉၈၈-ခု)
- အချစ်ရွှေရတုနှင့် အခြားဝတ္တုတိုများ (၁၉၉၀-ခု)
- လမ်းပေါ်ကပီတိနှင့် အခြားဝတ္တုတိုများ (၁၉၉၄-ခု)
- ကယ်တင်ရှင်ပေါင်း သောင်းခြောက်ထောင် ၀တ္တုတို (၁၉၉၅-ခု)
- အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း(၁) (၁၉၉၅-ခု)
- အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၂) (၁၉၉၆-ခု)
- ခင်ဗျားပေါင်းတစ်ထောင် ကျွန်တော်ပေါင်းတစ်သိန်း (၁၉၉၆-ခု)
- ဘနှစ်ကိုယ်ခွဲ (၀တ္တုရှည်) (၁၉၉၇-ခု)
- တို့တော့မယ် ဆိတ်တော့မယ် (၀တ္တုရှည်) (၁၉၉၇-ခု)
- အပျိုစင်တို့သိသမျှ (၁) (၁၉၉၇-ခု)
- ကိုယ်ပိုင်ဟာသ (၁၉၉၇-ခု)
- ရယ်စရာ၊ ပြုံးစရာ၊ ကြည်နူးစရာ (ကံချွန်+စိန်စိန်ဦး) (၁၉၉၇-ခု)
- ဟာသဘဏ် ရယ်စရာပုံပြင်များ (၁၉၉၈-ခု)
- အပျိုစင်တို့ဖတ်ဖို့ ကာတွန်းများ (၁၉၉၈-ခု)
- အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃) (၁၉၉၉-ခု)
- ဘီလျံနာ (ဟာသ၀တ္တုရှည်) (၁၉၉၉-ခု)
- ကြားဖူးနားဝ ဟာသပုံပြင်များ (၁) (၂၀၀၀-ခု)
- ကြားဖူးနားဝ ဟာသပုံပြင်များ (၂) (၂၀၀၀-ခု)
- လူငယ်တွေဖတ်ဖို့ ရွှေဆောင်းပါးများ (၂၀၀၀-ခု)
- ကံချွန့်လက်သံတညံညံ (၂၀၀၀-ခု)
- ပေါ့ပေါ့ပါးပါး ဟာသဝတ္ထုတိုများ (၂၀၀၁-ခု)
- မောင်ခေါ်ချင်ပါတယ် ကိုကိုခေါ်ချင်ပါတယ် (၀တ္တုရှည်) (၂၀၀၁-ခု)
- ကြားဖူးနားဝ ဟာသပုံပြင်များ (၃) (၂၀၀၂-ခု)
- ကြားဖူးနားဝ ဟာသပုံပြင်များ (၄) (၂၀၀၂-ခု)
- ပရိသတ်ကြီးခင်ဗျား (၂၀၀၂-ခု)
- ကံချွန်ပြောချင်တဲ့ စကား (၂၀၀၂-ခု)
- အမြင်လောက လောကအမြင် (၂၀၀၂-ခု)
- ဒိုးဒိုးဒေါက်ဒေါက် ဟာသများ (၂၀၀၂-ခု)
- အင်တာဖြီးနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် (ဆောင်းပါး) (၂၀၀၂-ခု)
- ဒါကဒီလိုရှိတယ် ဟိုဟာက ဟိုလိုရှိတယ် (ဆောင်းပါး) (၂၀၀၂-ခု)
- ကြားဖူးနားဝ ဟာသပုံပြင်များ (၅) (၂၀၀၃-ခု)
- အပ်ချလောင်း (၀တ္တုရှည်) (၂၀၀၃-ခု)
- စီးပွားရေးဟာသ(၁) (၂၀၀၃-ခု)
- ဟာသလောက (၂၀၀၃-ခု)
- အပျိုစင်တို့ သိသင့်သမျှ (၂) (၂၀၀၃-ခု)
- စီးပွားရေးဟာသ(၂) (၂၀၀၄-ခု)
- ရယ်စရာတွေ (ဟာသ၀တ္တုတိုများ) (၂၀၀၄-ခု)
- လွမ်းတတ်ရင်တော့ လွမ်းချင်စရာ (၂၀၀၄-ခု)
- တိမ်စင်သောနေ့ နှင့် အခြားဝတ္တုတိုများ (၂၀၀၄-ခု)
- မန္တလေးမြို့ ကလူတွေအကြောင်း (ဆောင်းပါးများ) (၂၀၀၄-ခု)
- အသက်ရှည်ဆေး ဟာသများ(၁) (၂၀၀၄-ခု)
- ဘ၀ကို ပုံဖော်ဖို့ (၂၀၀၄-ခု)
- ဘ၀အတွေ့အကြုံ အတွေးအခေါ်အယူအဆ (၂၀၀၄-ခု)
- စီးပွားရေးဟာသ(၃) (၂၀၀၅-ခု)
- လူပျိုကြီးကိုဘညွန့် (ဟာသ၀တ္တုရှည်) (၂၀၀၅-ခု)
- အသက်ရှည်ဆေး ဟာသများ(၂) (၂၀၀၅-ခု)
- ဆူးလှည်းနှင့် ပွင့်ပွင့်လင်းလင်း ဆောင်းပါးများ (၂၀၀၅-ခု)
- အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း (၃) (၂၀၀၆-ခု)
- ကိုသစ္စာ မဖော့ သရော်စာဝတ္တုတိုများ (၂၀၀၆-ခု)
- လမ်းပေါ်က ဟာသများ (၂၀၀၆-ခု)
- သတင်းထောက်ကြီး ဦးလူရှုပ် (၂၀၀၆-ခု)
- ပန်သူလေးမို့ (၂၀၀၆-ခု)
- စိတ်ကြိုက်ဟာသများ (၂၀၀၆-ခု)
- ဖတ်စရာဟာသနှင့် အခြားရယ်စရာပြုံးစရာများ (၂၀၀၆-ခု)
- လူပြက် (၀တ္တုရှည်) (၂၀၀၇-ခု)
- ရသစုံ ဟာသ (၂၀၀၈-ခု)
- ရယ်ရတယ် (၂၀၀၈-ခု)
- နေပျော်တဲ့ဘ၀တည်ဆောက်နိုင်ရေး စာတမ်းသုံးစောင် (၂၀၀၈-ခု)
- ဟာသညွန့်ပေါင်း (၂၀၀၈-ခု)
- ငယ်မူပြန်အချစ် (၂၀၀၈-ခု)
- လတ်လတ်ဆတ်ဆတ် ဟာသများ (၂၀၀၈-ခု)
- ဟာသသောင်းပြောင်း (၂၀၀၈-ခု)
- အမျိုးသားတို့ သိဖို့ မိန်းမတို့အကြောင်း (၂၀၀၈-ခု)
- တွေးကြည့် (၂၀၀၈-ခု)
- စိတ်သွားတိုင်း ကိုယ်ပါတဲ့အရွယ် (၂၀၀၈-ခု)
- ဘောလုံးဟာသ၊ ဟာသခရီးသည် (၂၀၀၈-ခု)
- ဆေးခန်းထဲက ဟာသ (၂၀၀၉-ခု)
- ဈေးကွက်ထဲက စီးပွားရေးအယူအဆများ (၂၀၀၉-ခု)
- အချစ်ဟာသ (၂၀၀၉-ခု)
- ဟာသလက်သုပ် (၂၀၀၉-ခု)
- ပွမ်ပွမ်မြည်သော ဟာသများ (၂၀၀၉-ခု)
- အရိပ်ပြစာစုများ (၂၀၀၉-ခု)
- အတွေးတစ်လှမ်း (၂၀၀၉-ခု)
0 comments:
Post a Comment