Monday, March 4, 2013

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့



ဧရာဝတီ... မြန်မာပြည်သူပြည်သားတွေရဲ့ အသက်သွေးကြော....ရေလှိုင်းပုတ်သံတွေနဲ့ ရှုမငြီးတဲ့ ပန်းချီကား တစ်ချပ် ။ အဲဒီဧရာဝတီရဲ့ ရင်သွေးငယ်...မော်လမြိုင်ကျွန်း....။ လှပတဲ့ မော်လမြိုင်ကျွန်းကို ရစ်ခွေ စီးဆင်း နေတာကတော့ ရာဇူဒိုင်မြစ် ...။ ရေစီးက ညင်ညင်သာသာနဲ့ ကျယ်ပြောတဲ့ မြစ်ပြင်တစ်ခွင်ကြောင့် မြန်မာနိုင် ငံရဲ့အလှတစ်ပါးဆိုလည်း မမှားပါဘူး ။ ရာဇူဒိုင်မြစ်ဟာ နွေရာသီမှာ ပုံမှန်မြစ်ရေထက် ခြောက်ပေခန့် နိမ့်ကျ လေ့ရှိပြီး မိုးရာသီမှာတော့ ပုံမှန်ရေမျက်နှာပြင်ထက် ခြောက်ပေခန့် မြစ်ရေတက်လေ့ရှိပါတယ် ။

မော်လမြိုင်ကျွန်းမှာရှိတဲ့ နေထိုင်သူတွေအတွက်ကတော့ ရာဇူဒိုင်မြစ်ဟာ ကုန်စည်နဲ့ ကူးသန်းသွား လာရေး အတွက် အဓိက မြစ်တစ်စင်းဖြစ်ပါတယ် ။ ဟိုးယခင်ကတော့ မော်လမြိုင်ကျွန်းမြို့ကို ကုန်းလမ်းနဲ့ ခရီးသွား မယ်ဆိုရင် ရာဇူဒိုင်မြစ်ကို ဇက်ရေယဉ်နဲ့ မကူးဘဲ မြို့နယ်အတွင်းက ကျိုက်ပိကို တိုက်ရိုက်မရောက်နိုင်ပါဘူး ။ မြန်မာနိုင်ငံကို အိပ်မက်ဆိုးတွေပေးခဲ့တဲ့ နာဂစ်မုန်တိုင်း အပြီးမှာတော့ မော်လမြိုင်ကျွန်းဟာ မျှော်လင့် ချက်ရောင်ခြည်တွေနဲ့ အနာဂါတ်အသစ်တွေရရှိခဲ့ပါတယ် ။ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်းပိုင်း ဖောက်လုပ် ရေးစီမံကိန်း ၊ ရာဇူဒိုင်တံတား အမှတ် (၁) တည်ဆောက်ရေးနဲ့ အမှတ် (၂) တည်ဆောက်ရေး ၊ ကျေးလက်အိမ်ရာ ဆောက်လုပ်ခြင်းနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ နာဂစ်အလွန်ကာလမှာ ရောက်ရှိ လို့လာခဲ့ပါတယ် ။ အခု လတ်တလောအရ မော်လမြိင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်း၂၉ မိုင်း ၄ဖာလုံကို မြေသားတာပေါင်တွေအကုန်ပြီးစီးပြီးအဲဒီလမ်းပေါ်က တံ့တား ၂၂ စင်းအနက် ၁၇ စင်းပြီးစီးသွားပြီဖြစ်ပါတယ် ။








သံကူကွန်ကရစ်တံတားဖြစ်ပြီး အရှည် ၅၄၀ ပေ ယဉ်သွားလမ်း အကျယ် ပေ ၂၀ ၊ လူသွားလမ်းအကျယ် တစ်ဖက် ၂ ပေ စီရှိတဲ့ ရာဇူဒိုင်တံတားအမှတ် (၂) ကို ၉.၁.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့တဲ့အတွက် မော်လမြိုင်ကျွန်း မြို့သူမြို့သားတွေရဲ့ အိပ်မက်တွေ လင်းလက်ခွင့်ရခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒီတံတားဟာ မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းပေါ်မှာ တည်ရှိပါတယ် ။

ရာဇူဒိုင်တံတားအမှတ် (၁)ကိုတော့ ၂၂.၇.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားကတော့ အရှဇည် ၁၈၃၅ ပေ ၉ လက်မ ၊ ပင်မတံတားအရှည် ၉၉၈ ပေ ၃ လက်မ ၊ ချဉ်းကပ်တံတား မော်လမြိုင်ကျွန်းဖက်ကမ်း ၆၆ ပေ ၊ ကျိုက်ပိဖက်ကမ်း ၁၇၇ ပေ ၆ လက်မ ၊ ယဉ်သွားလမ်း အကျယ် ပေ ၂၀ နဲ့ လူသွားလမ်း အကျယ် တစ်ဖက်ကို ၂ ပေစီရှိပါတယ် ။ ဒီတံတား ၂ စင်းကြောင့် မော်လမြိုင်ကျွန်းမြို့လေးရဲ့ လူနေမှုအဆင့်အတန်းတွေ ပိုမိုမြင့်မား လာတယ်ဆိုရင်လည်းမမှားပါဘူး ။



ဟိုယခင်က ဆို ရန်ကုန်ကို သဘောင်္နဲ့ ခရီးသွားရင် ၁၂ နာရီလောက် ခရီးသွားရပေမယ့် အခုကားလမ်းနဲ့ဆို လေးနာရီပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ် ။ ညနေခင်းမှာ တံတားကြီးပေါ်က စက်ဘီး ၊ ဆိုင်ကယ် ၊ ထော်လာ ဂျီတွေနဲ့ စည်ကားလှတဲ့ ရှုခင်းအလှဟာ ရှူမငြီးဖွယ်ရာပါပဲ ။ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ မြို့ပြလမ်းအနေနနဲ့ ကတ္တရာလမ်း ၃၅ လမ်း ၊ ကျောက်ချောလမ်း ၁၈ လမ်း ၊ မြေသားလမ်း ၉၂ လမ်း ၊ မြို့ပြတံတားအနေနဲ့ ကွန်ကရစ်တံတား ၁၃၂ စင်း ၊ သစ်သားတံတား ၇ စင်း ၊ ရေပြွန် ၃၈ ခု ၊ ကျေးလက်လမ်းအနေနဲ့ကတော့ ကတ္တရာလမ်း ၂ လမ်း ၊ ကျော်ကချောလမ်း ၉ လမ်း ၊ မြေသားလမ်း ၂ လမ်း ၊ ကွန်ကရစ်တံတား ၁စင်း ၊ သစ်သားတံတား ၁၅ စင်းတည်ရှိပါတယ် ။



မော်လမြိုင်ကျွန်းရဲ့ ထင်ရှားတဲ့ ဘုရားကြီးဖြစ်တဲ့ လောကသကျမာရဇိန်ဘုရားကြီးကိုလည်း ဖူးမျှော်နိုင် ပါသေးတယ် ။ ဒေသခံတွေကတော့ အလည်ဘုရားကြီးလို့လည်းခေါ်ဝေါ်ကြပြီး မန္တလေး မဟာ မြတ်မုနိ လို မနက်တိုင်း မျက်သစ်ရေ ကပ်ပါတယ် ။



ဒါကတော့ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးဖြစ်ပါတယ် ။ ဒေသခံတွေက ခြင်္သေ့နှစ်ကောင် ဘုရားလို့ လည်း ခေါ်တွင်ကြပါတယ် ။



ဒီဘုရားကတော့ တာဝတိသာ မြတ်စွာဘုရားကြီးဖြစ်ပါတယ် ။

မော်လမြိုင်ကျွန်းမြို့အ၀င် တည်ချောင်းကျေးရွာအုပ်စု ဂျုံးဂျုံးကျ ကျေးရွာမှာ ကုတင် ၁၀၀ ဆန့် မြို့နယ်ပြည်သူ့ ဆေးရုံအသစ်တည်ရှိပါတယ် ။ လူနာဆောင် ၄ ဆောင်ပါဝင်ပြီး RC တစ်ထပ် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယခုအခါ ၇၀% ပြီးစီးနေပြီ ဖြစ်ပါတယ် ။

မော်လမြိုင်ကျွန်းမြို့ကို အနားသတ်ပေးထားတဲ့ ရာဇူဒိုင်မြစ်ကြီးထဲက လှေငယ်လေးတွေ ၊ သဘောင်္ကြီးတွေနဲ့ ရိုးသားလှတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဖြူစင်တဲ့မျက်နှာတွေကို တွေ့မြင်နိုင်ပါတယ် ။ ယခုအခါမှာတော့ မော်လမြိုင်ကျွန်းမြို့ပေါ်မှာပဲ အင်တာနက်လိုင်းတွေ အလွယ်တကူ သုံးစွဲရနိုင်ပြီး ကမ္ဘာတ၀ှမ်းနဲ့ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ မိခင်ဧရာဝတီရဲ့ ရင်သွေးငယ် ...မော်လမြိုင်ကျွန်းမြို့ .....အနာဂါတ်မှာ ရွှေရောင် တွေ တလွင့်လွင့်နဲ့ အိပ်မက်အသစ်တွေ နိုးကြားလာခဲ့ပြီ ဖြစ်ပါတယ် ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management