Sunday, March 10, 2013

(မြန်မာနိုင်ငံအားဝါးမျိုတော့မည့် အာရှနဂါးကြီး၏ အန္တရာယ် အပိုင်း ၁+၂)


ယခုဆောင်းပါးသည် သေးသိမ်ညံ့ဖျင်းသော လူမျိုးရေးခွဲခြားသည့်ဆောင်းပါးမဟုတ်ပါဟု ပဏာမ၀န်ခံလိုက်ပါရစေ။ ယခုဖော်ပြသော ဆောင်းပါးကို သေသေချာချာဖတ်ပေးကြပါဟု အလေးအနက်ထားပြောကြားလိုက်ပါရစေ။ ဆောင်းပါအား သေသေချာဖတ်ပြီးသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများ၏ အမိမြန်မာနိုင်ငံတော်သည် တရုတ်ပြည်သူ့သမတနိုင်ငံတော်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြန်မာဒေသ တစ်ခုအဖြစ်ရောက်မှန်းမသိ ရောက်ရှိနေလေပြီဟု ခံစားသိရှိနိုင်ပါလိမ့်မည်။ ထိုပြနာသည် ပြည်ထောင်စုမြန်မာနိုင်ငံသား အုပ်ချုပ်ခံလူတန်းစားများကြောင့် မဟုတ်ဆိုတာကိုတော့ အသေအချာပြောနိုင်ပါသည်။ ထို့ကြောင့် လက်သယ်တရားခံက ဘယ်သူတွေဖြစ်နိုင်မလဲဆိုတာကိုတော့.. မိမိဘာသာတွေးကြည့်..အဖြေရှာကြည့်နိုင်ကြပါပေ၏။ ထို့နောက်ဘာဆက်လုပ်ကြရမည်ဆိုသည်ကိုလည်း မိမိတို့ဘာသာ နားလည်သဘောပေါက်သိရှိနိုင်ပါက ဆောင်းပါအားဖော်ပြရ   ကျိုးနပ်လေပြီဟု စာရေးသူအနေဖြင့် ခံစားကျေနပ်ဝမ်းမြောက်ရမည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကိုယ်ကိုင်အုပ်ချုပ်ခွင့်ရ မြန်မာဒေသ ဖြစ်သွားရတော့မှာလား (မြန်မာနိုင်ငံအားဝါးမျိုတော့မည့် အာရှနဂါးကြီး၏ အန္တရာယ် အပိုင်း ၁+၂)

အပိုင်း(၁)

            မြန်မာနိုင်ငံ၏  ပထဝီ အနေအထားအရ အင်အားကြီး နှစ်နိုင်ငံကြားတွင် ညပ်နေသည့် နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်သည်။ အတီအတေတည်းက ထိုနိုင်ငံကြီးနှစ်ခုကြားတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့် တို့ဖြင့် ယနေ့တိုင် ရပ်တည် လာခဲ့သည်။ သမိုင်းကြောင်းများအရ အလျဉ်းသင့်လျှင် သင့်သလို ယနေ့ခေတ် အိန္ဒိခေါ် ပိဋိက္ခရား နယ်မြေများကိုပင် မြန်မာဘုရင်တို့ သြဇာပြ သိမ်းပိုက်ခဲ့သေးသည်။ ရာဇဝင် သမိုင်းတို့ အဆိုအရမူ ဘုန်းကြီးလှသော အနော်ရထာမင်းကြီးသည် အင်အား ကြီးမားလှသော တရုတ်မင်း ဥတည်ဘွားကိုပင် ဘုန်းကံပြ၍ ရှိန်ကြောက်စေခဲ့သည်ဟု သိရသည်။ ခေတ်လူတို့ အဆိုအရမူ မြန်မာတို့သည် ပါးရည်နပ်ရည် ရှိလှ၍သာ ထိုအင်အားကြီး နှစ်နိုင်ငံကြားတွင် ယနေ့တိုင် ဝါးမြိုခြင်း မခံရဘဲ တည်ရှိနေနိုင်သေး သည်ဟု သိရသည်။

            ထိုအင်အားကြီး နှစ်နိုင်ငံတွင် အိန္ဒိယသည် မြန်မာနိုင်ငံနည်းတူ ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့ခြင်း၊ လွတ်လပ်ပြီးစတွင် ပြည်တွင်းရေး ပြသနာများ၊ ပါကစ္စတန်အရေးအခင်းများနှင့် ချာချာလည် နေခြင်းတို့ကြောင့် မြန်မာ့ ပိုင်နက်များကို ကျူးကျော် ရန် အခွင့်မသာခဲ့ချေ။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကိုလိုနီခေတ် မရောက်ခဲ့ဘဲ လူဦးရေနှင့် နိုင်ငံအကျယ်ဝန်း မမျှတတော့သော တရုတ်တို့ကမူ အခါအခွင့် သင့်သည်နှင့် တပြိုင်နက် မြန်မာ့မြေကို ကျူးကျော်သိမ်းပိုက်ရန်၊ ဝါးမြိုရန် ကြံရွယ်လေ့ ရှိခဲ့သည်ကို သမိုင်းများ က ပြဆိုနေပါသည်။

            အနှီ ကြယ်နီကြီးသည် ကျွန်ုပ်တို့နိုင်ငံကို ယနေ့ခေတ်တွင်မှ မဟုတ်ချေ၊  အနော်ရထာမင်း လွန်ပြီး နောက် ပုဂံမင်းများ၊ အင်းဝမင်းများ လက်ထက်တွင် မန်ချူးတရုတ်တို့ လေးကြိမ်တိုင် ဝင်ရောက် ကျူးကျော် ခဲ့ကြသည်။ လေးကြိမ်စလုံးတွင် မန်ချူးတို့ အရေးနိမ့် ဆုတ်ခွာခဲ့ရသည်။ နရသီဟပတေ့မင်း လက်ထက်တွင် မွန်ဂိုတရုတ်တို့ ကျူးကျော်ခဲ့ပြီး မြန်မာတို့ အရေးနိမ့်ခဲ့သော်လည်း  မြန်မာ အမတ်များ၏ စစ်ဗျူဟာ ကြွယ်ဝမှု၊ ပြင်းထန်လှသော ရာသီဥတုတွင် မွန်ဂိုတရုတ်တို့ မနေနိုင်မှု၊ ရှင်ဒိသာပါမောက်၏ သံတမန်ရေး ပြေပြစ်မှုကြောင့် မွန်ဂိုတို့ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုအဖြစ်ပျက်တို့သည် အတိတ်သမိုင်းတလျှောက် မြန်မာနိုင်ငံကို တရုတ်တို့ မည်သို့မျှ အသာမရခဲ့သည်ကို ဖော်ပြနေပါသည်။

            ခေတ်သစ်သမိုင်းတွင်  တရုတ်ဖြူ ကျူးကျော်မှုကို သိကြပါလိမ့်မည်။ မော်စီတုန်း၏ တပ်နီတော်ကို စစ်ရှုံးလာခဲ့ကြသော ချန်ကေရှိတ်၏ တပ်များသည် မြန်မာ့မြေကို အလုံးအရင်းဖြင့် ဝင်ရောက် ကျူးကျော်ခဲ့ကြ ပါသည်။ တရုတ်ဖြူသည် ဖြစ်စေ၊ နီသည်ဖြစ်စေ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် တစ်ခုလုံးကို တရုတ်အင်ပါယာ အောက်သို့ သွတ်သွင်းရန်သာ ဖြစ်ပါသည်။ တရုတ်ဖြူများကို မြန်မာ့တပ်မတော်မှ ချေမှုန်းခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နီတပ်များက တရုတ်ဖြူများနေရာတွင် အယောင်ဆောင် ဝင်ရောက် တပ်စွဲကာ ရသလောက် နေရာယူခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ရွှေလီနှင့် ကြူကုတ် တိုက်ပွဲများသည် တရုတ်နီ အစိုးရက ထိုမြို့များကို တရုတ်ပိုင်နက်အတွင်း ထည့်သွင်းရန် ကြံရွယ်ချက်ဖြင့် တရုတ်နီများ ဝင်ရောက်တပ်စွဲခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် ထိုခေတ် က မြန်မာ့တပ်မတော်၏ ရဲရဲတောက် စိတ်ဓာတ်ကြောင့် ရေရှည်တွင် နိုင်အောင် ထိန်းမထားနိုင်၍သာ ရွှေလီကို တရုတ်ပိုင်နက်အတွင်း ထည့်သွင်းပေးရန်နှင့် မြန်မာဘက်သို့ လိုအပ် သည့် အကူအညီ အထောက်အပံ့ ပေးကမ်းခြင်းဖြင့် ညှိနှိုင်းခဲ့ခြင်းသာ ဖြစ်ပါသည်။ ဤသည်မှာ လက်ရှိ တရုတ်နီ အစိုးရနှင့် မြန်မာတို့၏ ခေတ်သစ် သမိုင်းကြောင်းများ ဖြစ်ပါသည်။

            တရုတ်တို့၏ မြန်မာနိုင်ငံကို ဝါးမြိုရေး ဗျူဟာမှာ ဤမျှနှင့်ပင် ပြီးဆုံးမသွားချေ။ နယ်စပ်တလျှောက်တွင် တရုတ်ဖြူလက်ကျန်များကို ဝ၊ ကိုးကန့် တိုင်းရင်းသားများ ဖြစ်စေခဲ့ပြီး မြန်မာအစိုးရကို ပုန်ကန်စေကာ လက်နက် လူသူအင်အား ထောက်ပံ့ပေးခြင်းဖြင့် တရုတ်သြဇာလွမ်းသော နယ်မြေများ ဖြစ်စေကာ တရုတ်လူမျိုး သောင်းချီ၍ မြန်မာ့ပိုင်နက်အတွင်း ဝင်ရောက် နေထိုင်စေခဲ့သည်။ ဤသည်မှာ တရုတ်တို့ မော်စီတုန်း လက်ထက်က ကာဇက်နှင့် ဥဇဘက်အနွယ် မူစလင်များ နေထိုင်ရာ စင်ကိုင်း၊ ဟူဝီ စသော ပြည်နယ်များသို့  အတင်းအဓမ္မ ဝင်ရောက်တပ်စွဲကာ ဟန်တရုတ် လယ်သမား နှစ်သန်းကျော်ကို ဝင်ရောက် အခြေချ နေထိုင်စေပြီး တရုတ်အင်ပါယာ ချဲ့ထွင်စေခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ ထိုမျှနှင့်ပင် မကသေးပါ။ ဗမာပြည် ကွန်မြူနစ်ပါတီကို သက်ဆိုး ရှည်အောင် မွေးမြူစေခဲ့ပြီး တရုတ်အစိုးရ သြဇာညောင်းသည့် ရုပ်သေး အစိုးရတင်ပေးပြီး မြန်မာပြည်ကို ဝါးမြိုရန် ကြံစည်ခဲ့သေးသည်။

            ဤနေရာတွင် ထိုခေတ် ထိုအခါက မြန်မာ့တပ်မတော်၏ ဂုဏ်ပြောင်ခဲ့မှုကြောင့်သာ မြန်မာနိုင်ငံမှာ တရုတ်အင်ပါယာသို့ စောစီးစွာ မကျရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်နွယ်ဖွားဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီး ၎င်း အုပ်ချုပ်စဉ်ကာလများတွင် တရုတ်ဗမာ အရေးအခင်း ဖြစ်ပွားခဲ့ပြီး တရုတ်ကျောင်းသားများ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့် မရခဲ့ချေ။  တရုတ်ဗမာ အရေးအခင်း ဖြစ်ရ သည်မှာလည်း တရုတ်နွယ်ဖွား မြန်မာကျောင်းသားများသည် တက္ကသိုလ်ဝင်းအတွင်း မော်စီတုန်းပုံပါ ရင်ထိုးများဖြင့် မြန်မာကျောင်းသားများ မျက်စိနောက်အောင် ပလွှားရာမှ ဖြစ်ပွားခဲ့ရခြင်းပင် ဖြစ်သည်။ ဤသည် မှာ မြန်မာပြည်ကို တရုတ်အတွေးအခေါ် ရိုက်သွင်းရန် သွေးတိုးစမ်းမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ တရုတ်နွယ်ဖွားပင် ဖြစ်သော်ငြားလည်း ကိုယ်တိုင်ကိုယ်ကျ တိုက်ယူခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို တန်ဖိုးထားမှုနှင့် အမေကျော်၍ ဒွေးတော် မလွမ်းတတ်သော ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ကို လွန်စွာမုန်းတီးပြီး မြန်မာနိုင်ငံကို တရုတ်လက်အောက်ခံ အဖြစ်မခံခဲ့ပေ။ ဤသည်မှာ မကောင်းသတင်း မြောက်များစွာဖြင့် ကျော်ဇောသည့်  ဗိုလ်ချုပ်ကြီးနေဝင်း၏ ကောင်းကွက်ကလေးတစ်ကွက် ဖြစ်ပြီး ယနေ့ ဗမာစစ်စစ်ဟုခေါ်သော စစ်အစိုးရ ခေါင်းဆောင်များထက်ပင် မြန်မာပြည်ကို ချစ်စိတ်ရှိသည့် ပုဂ္ဂိုလ်ဟုပင် ခေါ်နိုင်ပါသည်။

            သို့ရာတွင် ၈၈ ခုနှစ် လက်ရှိ စစ်အစိုးရ အာဏာသိမ်းပြီးချိန် နောက်ပိုင်းတွင်မူ တရုတ်တို့သည် မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေရုံမျှဖြင့် မည်သို့မျှ အကျိုးမရှိခြင်း၊ စီးပွားရေး ကောင်းလာသော တရုတ်ပို့ကုန်များကို တင်ပို့ရောင်းချရန် အကောင်းဆုံး ဈေးကွက် တစ်ခု အဖြစ် မြန်မာနိုင်ငံကို ရှုမြင်လာခြင်းတို့ကြောင့် ၎င်းတို့၏ ဗျူဟာများ ပြောင်းလဲ လာခဲ့သည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံအား လူမျိုးရေးအရ၊  ယဉ်ကျေးမှုအရ ဝါးမျိုခြင်း မပြုနိုင်မီ စီးပွားရေးအရ ဝါးမျိုရန်ကြံစည်လာပြန်သည်။ အာဏာသိမ်းမှုကြောင့် ကမ္ဘာက အသိ အမှတ် မပြုသော မြန်မာစစ်အစိုးရကို ထောက်ခံ အသိအမှတ်ပြုပေးခဲ့ပြီး မြန်မာအစိုးရနှင့် နီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ၎င်းတို့ ၏ ပို့ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရန်  နယ်စပ်ဒေသ တည်ငြိမ်ရေး ရှိမှာသာဖြစ်မည်ကို သဘောပေါက်၍ ၎င်းတို့ တလျှောက်လုံး ထောက်ပံ့လာခဲ့သည့် ဗကပ တပ်များကို အထောက်အပံ့ဖြတ်ကာ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ဖယ်ရှားလိုက်သည်။ ဗကပတို့ ကျဆုံးခဲ့သော ကြူကုတ်တိုက်ပွဲသည် မြန်မာစစ်တပ်၏ အစွမ်းကြောင့် သက်သက် မဟုတ်ဘဲ နယ်စပ်တွင် တရုတ်တပ်များက နောက်ဆုတ်ပေးပြီး မြန်မာစစ်တပ်က တရုတ်နယ်ထဲမှ ပတ်ဝင်ကာ ဗကပကို နောက်မှ ဝင်တိုက်ခိုက်ခြင်းဖြစ်ပြီး မည်သို့မျှရှေ့တည့်တည့် မြန်မာဘက်ခြမ်းမှ ဝင်တိုက်၍ မရနိုင်သော ဗကပ စခန်းကြီးကို ဖြိုဖျက် လိုက်ခြင်းဖြစ်သည်။ ထိုအချက်က တရုတ်တို့သည် ဗမာအချင်းချင်း အိုးမည်းသုတ်ပေး၍ ရန်တိုက်ပေးကာ မလိုအပ်သည့်အချိန်တွင် ၎င်းတို့နှင့် ဝါဒတူသူကိုပင် ကိုယ်ကျိုးအတွက် ချနင်းခဲ့သည်ကို ထင်ရှားစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။

အပိုင်း(၂)

             နယ်စပ်ဒေသများ အေးချမ်းသွားသည်နှင့် တပြိုင်နက်တည်းမှာပင် တရုတ်အစိုးရက ရှမ်းပြည် မြောက်ပိုင်း လမ်းများကို စနစ်တကျ ဖောက်လုပ်ပေးခဲ့သည်။ နယ်စပ်ဒေသများ တိုးတက်ရေးအတွက် အကူအညီ အမြောက်အများ ပေးခဲ့သည်။ ဘိန်းဘုရင် ခွန်ဆာကို မြန်မာအစိုးရထံ လက်နက်ချစေခဲ့ရာတွင် တရုတ်သြဇာ များစွာပါခဲ့သည်။ ခွန်ဆာသည် အမေရိကန်က ၎င်း၏ နယ်ထဲတွင် တရုတ်ပြည်ကို ချိန်ရွယ်မည့် ဒုံးပျံစခန်း ချထားရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ထိုသို့ ငြင်းပယ်ခဲ့ခြင်းမှာ အင်အားကြီးနှစ်နိုင်ငံ ထိပ်တိုက်တွေ့လျှင် မြန်မာနိုင်ငံ နစ်နာမည်စိုး၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် မျိုးချစ်စိတ် ရှိသူတစ်ဦးအဖြစ် မြန်မာအစိုးရက ပုံဖော်ခဲ့သည်။ အမှန်တကယ်မှာ ခွန်ဆာသည် မြန်မာ နိုင်ငံအတွက် စဉ်းစား ခြင်းထက် ၎င်းကိုယ်တိုင် တရုတ်လူမျိုးဖြစ်ကာ တရုတ်ပြည်ကို ထိပါးမခံနိုင်ခြင်း၊ ထို့ပြင် အမေရိကန်က ၎င်းကို ဖမ်းဆီးရန် ကြိုးပမ်းလာခြင်းတို့ကြောင့် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။ မြန်မာ အကျိုးထက် တရုတ်ပြည် အကျိုးကို ကြည့်ခဲ့ခြင်းဖြစ်ပြီး ခွန်ဆာ၏ ရှမ်းတပ်မတော်တွင်ပင် ထိပ်တန်း ခေါင်းဆောင်များမှာ တရုတ်များ ဖြစ်ကြ၍ ရှမ်းစစ်သားများနှင့် ရှမ်းပြည်သူတို့က မကြည်ဖြူမှုများ ရှိခဲ့သည်ဟု သိရသည်။ ခွန်ဆာ လက်နက် ချအပြီး ရှမ်းတရုတ် အမည်ခံ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း စုပြုံ ဝင်ရောက်လာကြပြီး ယနေ့ မန္တလေးမြို့သည် တရုတ်ပြည် အငယ်စားမျှ ဖြစ်နေပြီး တရုတ်လူမျိုးဆိုလျှင် မော်မကြည့်ရဲသည့် အနေအထား ပင်ဖြစ်နေပေပြီ။ အကယ်၍ တရုတ်လူမျိုးတစ်ဦးနှင့် ဒေသခံတစ်ဦး ပြဿနာတက်လျှင် ထိုတရုတ်လူမျိုးက ဒေသခံနှင့် ရဲများကို ၎င်းတို့သည် ငြိမ်းချမ်း ရေး မိသားစုမှ ဖြစ်သည်ဟု ဆိုကာ အထက်ဆိုင်ရာဆိုင်ရာများအထိ အကျပ်ကိုင်၍ နောက်ဆုံးတွင် ဒေသခံကသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုသူဟူ၍ တံဆိပ်တပ် အရေးယူခံရမည်ဖြစ်သည်။

           ခွန်ဆာ လက်နက်ချပြီးနောက် ရှမ်းပြည် မြောက်ပိုင်းလမ်းသည် လွယ်ကူချောမွေ့သွားပြီး တည်ငြိမ် အေးချမ်းမှု ရရှိလာသည်နှင့်အမျှ  တရုတ်ပို့ကုန်များ မြန်မာနိုင်ငံအတွင်းသို့ ဆက်တိုက်ဆိုသလို ဝင်ရောက် လာခဲ့တော့သည်။ ဈေးနှုန်းချိုသာခြင်း၊ လူတိုင်းဝယ်ယူ သုံးစွဲနိုင်ခြင်း စသည်တို့ကြောင့် တရုတ်ပစ္စည်းများ မြန်မာနိုင်ငံအတွင်း ပေါများစွာ ဝင်ရောက်လာသည်။ ထိုပစ္စည်းများ သည် တရုတ်စက်ရုံများမှ အရည်အသွေးညံ ပစ္စည်းများ၊ နယ်စပ်တွင် ဈေးပေါပေါနှင့် ထုတ်သည့် အပေါစား ပစ္စည်းများဖြစ်ပြီး တရုတ်ပြည်တွင် အမှိုက် နီးပါးဖြစ်မည့် ပစ္စည်းများကို  မြန်မာတို့က ဝယ်ယူသုံးစွဲ ကြရခြင်း ဖြစ်ကာ တရုတ်ပြည်တွင်  အမှိုက်ထဲမှ ရွှေဖြစ်ကာ အကျိုးအမြတ် ဒေါ်လာ သန်းနှင့်ချီ၍ ရရှိနေသည်မှာ ယနေ့ တိုင်ဖြစ်သည်။ ယနေ့သုံးစွဲ နေရသော CDMA 450/800 များသည် တရုတ်ပြည်တွင် အမှိုက်ဖြစ်မည့် ပစ္စည်းများကို မြန်မာ နိုင်ငံသို့ ရောင်းချ၍ အမြတ်ရှာရန် မြန်မာအစိုးရကို တွန်းအားပေး ရောင်းစေခဲ့ခြင်းဖြစ်သည်။  ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ သည့် တရုတ်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်သော်လည်း မြန်မာနိုင်ငံဘက်သို့ ရောင်းချသည့် တရုတ်ပစ္စည်း များသည် အရည်အသွေး လွန်စွာညံ့ဖျင်းပြီး မြန်မာနိုင်ငံသားများ တတ်နိုင်သော ဈေးနှုန်းဖြင့် ထုတ်လုပ် ရောင်းချသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ပေးရသည့်ဈေးနှင့် ပစ္စည်း အရည်အသွေးမှာ မတန်တဆ ဈေးနှုန်းပင်ဖြစ်သည်။ တရုတ်ပြည်မှ အရည်အသွေးနိမ့် စက်မှု လုပ်ငန်းများနှင့် အိမ်တွင်းမှု လုပ်ငန်းများ အတွက် မြန်မာနိုင်ငံကို ဈေးကွက်တစ်ခု အဖြစ် ရှုမြင်ထားခြင်းဖြစ်ပါသည်။

            ရင်းနှီးမြှပ်နှံမှုများတွင် တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုသည် သစ်တောကဏ္ဍ၊ ရေအား လျှပ်စစ် ထုတ်ယူရန် ဆည်တည်ဆောက်ခြင်း၊ သတ္ထုကဏ္ဍ စသည်ဖြင့် မြန်မာနိုင်ငံ၏ သယံဇာတ ပစ္စည်းများကို ထုတ်ယူရန်သာ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ်သို့ နည်းပညာ လွှဲပြောင်း ပေးနိုင်သည့် လုပ်ငန်းများ၊ လူသား အရင်းအမြစ် တိုးတက်နိုင်မည့် လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှု မရှိသည်ကိုတွေ့ရသည်။ ယခု မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းသည် ဧရာဝတီမြစ်တည်ရှိမှုကို အကြီးအကျယ် ခြိမ်းခြောက်လာဖွယ်ရှိပြီး မြစ်ဝှမ်း ယဉ်ကျေးမှုများသည် လူ့သမိုင်းနှင့် ထိုနိုင်ငံ၏ လူမျိုး၊ ယဉ်ကျေးမှုတို့ကို ထင်ဟပ်နေရာ ဧရာဝတီ မြစ်ပျောက်လျှင် မြန်မာလူမျိုးပါ ပျောက်သွားသည်အထိ အန္တရာယ် ကြီးလှပါသည်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံအတွက် ရိက္ခာ နှင့် စွမ်းအင် လိုအပ်ချက်အတွက် ကုန်စည်ဂိုဒေါင် တစ်ခု သဖွယ် သဘောထားသည့် ပုံဖြစ်ပါသည်။ အဆိုးဝါးဆုံးမှာ တရုတ်နိုင်ငံသားများအတွက် မြန်မာမိန်းကလေးများကို အတင်းအဓမ္မ လက်ထပ် ပေါင်းသင်းရန် လူမှောင်ခိုဂိုဏ်းများဖြင့် သွေးဆောင် ဖြားယောင်းခြင်း၊ တရုတ လူကုံတန် သက်ကြီးရွယ်အိုများ အတွက် သွေးလဲလှယ်ရန် ကလေးမှောင်ခို ဂိုဏ်းများမှတဆင့် မြန်မာ ကလေးငယ် များကို ဝယ်ယူနေခြင်းများသည် မြန်မာ တို့ကို ကြက်ကလေး၊ ငှက်ကလေးများသဖွယ် ကျေးကျွန်များသဖွယ် သဘောထား ခြင်းဟု ယူဆနိုင်ပါသည်။ ဤဖြစ်ရပ်များ သည် အမှန်တကယ် ရှိနေပါသည်။ ဂျာနယ်များတွင် မကြာခဏ ဖော်ပြနေသည့် သတင်းများဖြစ်ပါသည်။

ဤကဲ့သို့ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထင်တိုင်းကြဲနေနိုင်ခြင်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူ ထားခြင်းကြောင့် အထီးကျန်လာသော မြန်မာ စစ်ခေါင်းဆောင်များသည် အားကိုးရှာရာမှ အကျိုး အမြတ်ကို မြင်တတ်သော တရုတ်နိုင်ငံဘက်သို့ တဖြည်းဖြည်းချင်းဆီမှသည် လုံးဝဥသုံ နီးပါး တရုတ်လက်အောက်ခံ ဖြစ်မှန်းမသိ ဖြစ်သွားသည်အထိ  တရုတ် ဘက်သို့ နီးစပ်သွားခဲ့ပါသည်။ ယခုဆိုလျှင် မြန်မာ့မြေပေါ်တွင် တရုတ်ပိုင် လယ်ယာများ ရှိနေပြီး မြန်မာ လယ်သမားတို့က တရုတ် လယ်ပိုင်ရှင်များကို အလုပ်အကျွေး ပြုနေရသည်ဖြစ်ရာ ခေတ်သစ်ကျွန်ပြုနည်းပင် ဖြစ်တော့သည်။

ထို့ကြောင့် နိဂုံးချုပ် ပြောရလျှင် သမိုင်းအဆက်ဆက် မည်သို့မျှ နဂါးကြီး၏ ဝါးမြိုမှုကို မခံခဲ့ရသည့် ကျွန်ုပ်တို့နိုင်ငံ လေးသည် ယခုမူ နဂါးကြီး၏ ခံတွင်းထဲသို့ ရောက်နေပေပြီ။ အပြီးတိုင် ဝါးမြိုခြင်း မခံရမီ အမျိုးသားရေး အသိဖြင့် နိုင်ငံ အစိုးရများကရော၊ ပြည်သူများကပါ သတိရှိရှိ တရုတ်သြဇာ လွှမ်းမိုးမှုမှ ရုန်းထွက်ရပေမည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်ဆံခြင်း၊ တရုတ် ပါဝါကို ယှဉ်ပြိုင်နိုင်မည့် အင်အားကြီး နိုင်ငံများနှင့် သံတမန်ရေး နီးကပ်စွာ ဆက်ဆံခြင်း၊ နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းများတွင် ပိုမိုတိုးချဲ့ခြင်း၊ နိုင်ငံ၏ ပိုင်နက် နယ်မြေများကို ငွေကြေးတစ်ခုတည်း ကြည့်၍ အလွယ်တကူ အဆုံးရှုံး ခံနေမှုများကို ပြန်လည်သုံးသပ်ခြင်း၊ တိုင်းပြည်တွင်းသို့ တရုတ်လူမျိုးများ အကန့်အသတ်မရှိ ဝင်ရောက်နေခြင်းကို ငွေမျက်နှာ တစ်ခုတည်းကြည့်၍ မသိကျိုးကျွံ ပြုမနေသင့်ဘဲ အမျိုးသားရေး အန္တရာယ်အဖြစ် ရှုမြင်၍ နဂါးကြီး၏ အပြီးသတ် ဝါးမျိုလာမှုကို ခုခံ တွန်းလှန်သွားကြရန် ကြိုးပမ်းသင့်လှပေသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management