ဆရာဦးသန့်ဇင်နှင့် ကျွန်ုပ်ဆုံတွေ့ရတုန်းတွင် ကျွန်ုပ်လည်း အင်တာဗျူးရခြင်းအလုပ်အား ၀ါသနာပါသည့် အလျောက် ဆရာ၏ ဂမ္ဘီရခရီးစတင်ဖြစ်ခဲ့ပုံကို ယခုကဲ့သို့ အင်တာဗျူးမိလေတော့သည် …
“ဆရာရဲ့ ဂမ္ဘီရလောက အတွေ့အကြုံလေးများကို ကြုံတုန်းလေး စပ်စုလိုက်ဦးမယ်ဆရာရေ့ … ကျွန်တော်ကလည်း ဘလော့တွေမှာ ဆောင်းပါးတွေ၊ ၀တ္ထုတွေ၊ စာတိုပေစတွေ ရေးနေရတာ ၀ါသနာကလည်း ခပ်ပါပါဆိုတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်လောက်များ ရမလားလို့ ကုန်ကြမ်းရှာမိတဲ့သဘောပါဗျာ …”
“ရပါတယ်ဗျာ … ကျွန်တော့် ဇာတ်ကြောင်းကို စရမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်အစိတ် ၀န်းကျင်ကျောင်းသားဘ၀ ကနေ စပြောရမှာပဲဗျ …”
“ပြောပါဆရာရေ … အစမှအဆုံးဆိုတော့ ပိုပြီးပြည့်စုံသွားတာပေါ့”
ဒီလိုဆရာရေ့ဟုအစချီကာ ကျွန်ုပ်အား ဆရာဦးသန့်ဇင်မှ သူ၏ငယ်ဘ၀ ဖြတ်သန်းခဲ့ရပုံနှင့် ဂမ္ဘီရလမ်းကို လျှောက်လှမ်းခဲ့ဖြစ်ပုံ ဖြစ်ရပ်ဆန်းကြယ်တို့အား ပြောပြလေတော့သည် …
ယခု ဂမ္ဘီရစက်ဝဇ္ဇာပညာရှင်ဖြစ်လာမည့် အလောင်းအလျာ မောင်သန့်ဇင်သည် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T – Rangoon Institue of Technologies)တွင် ဒုတိယနှစ် တက်ရောက် ပညာသင်ကြားနေစဉ် တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်သော (၈)လေးလုံး အရေးတော်ပုံခေါ် မြန်မာဒီမိုကရေစီရေး လှုံ့ဆော်လှုပ်ရှားမှုကြီး၏ အစပျိုးရာ ကျောင်းသားသပိတ်ကြီးအရေးအခင်းတွင် ဒုတိယနှစ်ပညာသင်ကြား နေရင်း တပိုင်းတစနှင့် ပညာရေးကဏ္ဍတစ်ခန်းရပ်ခဲ့လေသည် … အရေးတော်ပုံကာလအတွင်း ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်မှုများ၊ ဖမ်းဆီးနှစ်ရှည် ထောင်ချမှုများ၊ ဒုက္ခိတဖြစ်သူများ၊ ဘ၀ပျက်သွားသူ သူငယ်ချင်း မိတ်ဆွေများကိုကြည့်ရင်း ဓမ္မသံဝေဂကလေး စွဲညိလာခဲ့သည် … သို့သော် ဆရာကောင်း အမှီကောင်း၊ အကြံဥာဏ်ကောင်းများကလည်း မရသေး၍ ဘ၀သံသရာ ယောင်လည်လည်ဖြင့်သာ ကျင်လည်ခဲ့ရပြီး ၁၉၉၀ ခုနှစ်သို့ရောက်သောအခါ ရွှေတိဂုံဘုရားသို့သွား၍ နေ့စဉ်ပုတီးစိပ်ခြင်း တရားထိုင်ခြင်း တို့ကို စဉ်ဆက်မပြတ် လုပ်လာခဲ့သည် … သို့နှင့် အဘအောင်မင်းခေါင် (၀ါ) ဘိုမင်းခေါင် (၀ါ) ၀ိဇ္ဇထွဋ်ခေါင် အောင်မင်းခေါင် အဘ၏ လမ်းညွှန်မှုများကို စတင် ကြားရနာရသည် … အဘ ဆရာသခင်၏ လမ်းညွှန်မှုများ အတိုင်း ဂုဏ်တော်များကို ထုံမွှန်းခြင်း၊ ပုတီးစိပ်ခြင်း၊ သမထကျင့်စဉ်များကို ကျင့်ကြံအားထုတ်ရင်းဖြင့် ၆ နှစ်ကျော် ၇ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်လာသောအခါ ဆရာသခင်၏ လမ်းညွှန်မှုအတိုင်း အထက်မြန်မာ ပြည်ရှိ အလောင်းတော်ကဿပလှိုဏ်ဂူကြီးတွင် အဓိဌာန်ဝင်ရန်အချိန်ကျရောက်လာခဲ့သည် …
အလောင်းတော်ကဿပလှိုဏ်ဂူတော်ကြီးအတွင်း ဂမ္ဘီရစက်ဝဇ္ဇာပညာရှင်ဖြစ်လာမည့် အလောင်းအလျာ ဆရာကိုသန့်ဇင်သည် ၉ ရက် အဓိဌာန်စတင်ဝင်ခဲ့ရာ တတိယည အဓိဌာန်ပုတီးဝင်နေစဉ်တွင် … လှိုဏ်ဂူအတွင်း ဂူပေါက်တံခါး ၂ ချပ်မှာ ဟင်းလင်းပွင့်လျှင် ဆရာကိုသန့်ဇင် ဖူးမြင်လိုက်ရသည်ကား…
လှိုဏ်ဂူအတွင်းပိုင်း၌ ရှင်မဟာကဿပ အလောင်းတော်အား နတ်တို့ပူဇော်ထားပုံ၊ ရှေးအခါက လှူဒါန်းပူဇော် ထားခဲ့သော ရတနာရွှေငွေ၊ ကျောက်သံပတ္တမြားများ လှည်းကိုးစီးတိုက်မျှ တစ်ခုနှင့်တစ်ခု ထိစပ်ပူဇော်ထားပုံ တို့ကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးမြင်လိုက်ရရာ အတိုင်းမသိ ၀မ်းမြောက်ကြည်နူးသွားရလေသည် … အာရုံနှင့် ပင်ဖူးတွေ့ရခြင်းမဟုတ်ပဲ ပကတိမျက်စိ ဖွင့်ကြည့်လျှက်ပင် အတိုင်းသားဖူးမြင်နေရ၍လည်း ထူးဆန်းအံ့ဖွယ် ဖြစ်၍နေစဉ် ဂူပေါက်အတွင်းမှ မာကျူရီမီးများကဲ့သို့ စူးရှလင်းလက်သော အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာ ပြီး မိမိနှင့် အလွန်ပင်နီးလာသဖြင့် မျက်စိများကျိန်းပြီး စူးစိုက်မကြည့်နိုင်အောင် ဖြစ်ခဲ့ရလေသည် … ထိုအလင်းတန်းကြီးသည် အဓိဌာန်ဝင်နေသူ ဆရာကိုသန့်ဇင်၏ အနီးတွင် ရပ်တန့်သွားပြီး အလောင်းတော် ကဿပ လှိုဏ်ဂူတော်အတွင်းမှ ထူးဆန်းသော ဓမ္မနှင့် စပ်လျင်းသော မေးခွန်း ၂ ခုကို မေးမြန်းသံ ထွက်ပေါ်လာရာ ဆရာကိုသန့်ဇင်မှ မေးခွန်း ၂ ခုလုံးကို မှန်ကန်တိကျစွာ ဖြေဆိုပေးနိုင်ခဲ့ရာ အစောပိုင်းက ပေါ်လာခဲ့သော စူးရှသော အလင်းတန်းကြီးလည်းပျောက် ဂူပေါက်တံခါးများလည်း ပိတ်သွားကာ ပကတိအတိုင်း ပြန်ဖြစ်သွားသည် …
ဤနေရာတွင် ကျွန်ုပ်မှဖြတ်၍ …
“အဲဒီ့အဖြစ်အပျက်ကို ဘယ်သူတွေများ တွေ့လိုက်ရသေးလဲ ဆရာ …”
“အဲဒီ့လို ဂူပေါက်တံခါးပွင့်တာတွေ၊ အလင်းတန်းကြီးတွေ၊ အသံတွေကို ဘယ်သူမှ မြင်ခွင့်မရဘူးဗျ … သူ့သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးပဲ မြင်ခွင့်၊ ဖူးခွင့်၊ ကြားခွင့်ရလိုက်တာဗျ …”
“အဲဒီ့နောက် ဘာများဆက်ဖြစ်သေးလဲဗျ … ပြောပြပါဦး …”
“ကျွန်တော်လည်းဗျာ အဲဒီ့အဖြစ်အပျက်တွေဖြစ်ပြီးတော့ အဓိဌာန်အတိုင်း ၉ ရက်ပြည့်အောင် ဆက်ဝင်ပြီး ရန်ကုန်ကိုပဲ ပြန်လာခဲ့တာပေါ့ဗျာ …”
ယခု ကျွန်ုပ်ရောက်ရှိနေချိန်တွင်တော့ ဆရာဦးသန့်ဇင်အဖြစ် အသက် ၄၇ နှစ်အတွင်းချဉ်းနင်းဝင်ရောက်နေ သော အသက်အရွယ်ဖြင့် သာသနာပြုလုပ်ငန်းများကို အထက်ဝိဇ္ဇာထိုရ်ကြီးများ၏ လမ်းညွှန်မှုများအတိုင်း ဆက်လက်ကြိုးပမ်းလုပ်နေသည်ကို မှတ်တမ်းတစ်ရပ်အနေဖြင့် ဖော်ပြလိုက်ပါသည် …
ဆရာဦးသန့်ဇင်ဦးဆောင်၍ ၇ ရက်သားသမီးများ လှူဒါန်းပူဇော်ခဲ့သော အထက်စက်တော်ရာ
ဆရာဦးသန့်ဇင်ဦးဆောင်၍ ၇ ရက်သားသမီးများ လှူဒါန်းပူဇော်ခဲ့သော အောက်စက်တော်ရာ
ဆရာဦးသန့်ဇင်ဦးဆောင်၍ ၇ ရက်သားသမီးများ လှူဒါန်းပူဇော်ခဲ့သော နဂါးရုံ၊ နဂါးရံဘုရား
ပြန်လည်ပြုပြင်ရန်လိုအပ်နေဆဲဖြစ်သော ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စေတီတော်ကြီး
နောက်ပိုင်းတွင် ဆရာဦးသန့်ဇင်၏ ဂမ္ဘီရခရီးတစ်လျှောက် သာသနာပြုရင်း ဇီဝိတဒါန အသက်ကယ်ဆယ်ခဲ့ရ သော ဖြစ်ရပ်မှန်များကိုလည်း အလျဉ်းသင့်သလို ဆက်လက်ရေးသား ဖော်ပြပါဦးမည် …
လေးစားစွာဖြင့်
ကုမ ၻဏ္နတ္ဘီလူး
0 comments:
Post a Comment