ဝိသာခါကျောင်းအမ (၁)
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
ကျောင်းအမကြီးဝိသာခါ အခုဘယ်ဘုံမှာရောက်နေပါသလဲ? နတ်ပြည်ရောက်ရင်
ကျောင်းအမကြီး ဝိသာခါနဲ့တွေ့နိုင် ပါသလား? စသည့်မေးခွန်းများကြာင့်
ထေရဝါဒသာသနာ့သမိုင်းမှာ အမျိုးသမီးများထဲက စံထားအတူယူထိုက်တဲ့ ကျောင်း
အမကြီး ဝိသာခါအကြောင်းကို ပိဋကတ်တော်များထဲက ရှာဖွေထုတ်ဖော်ပြီး စာရေးဆရာ
ဓမ္မကထိက စာချအကျော် အရှင်ပညာသီဟာဘိဝံသအရှင်မြတ်က စုံစုံစေ့စေ့
ရေးသားဖြေကြားထားပါတယ်။ မေတ္တာဥယျာဉ် စာဖတ်ပရိသတ်များအတွက် ယနေ့ကစပြီး
အလျင်းသင့်သလို အပိုင်းလိုက် တင်ပြပေးသွားပါမည်။
မေတ္တာဥယျာဉ်
၆/၁/၂၀ဝ၈-နေ့က သန်းကိုကို+မီးငယ်တို့၏ သမီးငယ်လေး(၄၅)ရက်ပြည့်
မွေးနေ့ဆွမ်းကပ်သို့ ကြွရသည်။ မီးငယ်၏မိဘများဖြစ်ကြသော
ဗိယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီး ဒကာမကြီး ဒေါ်ထွေးရီတို့က
မာကြောင်းသာကြောင်း ဖုန်းဖြင့်လှမ်းမေးရင်း ဒကာမကြီးဒေါ်ထွေး ရီ က
ကျောင်းအမကြီး ဝိသာခါအကြောင်းကို ပြောပြရန်တောင်းဆို၏။
ဖုန်းဖြင့်ပြောပြ၍ ပြည့်စုံနိုင်မည်မဟုတ်၊ စာနဲ့ပြည့်ပြည့်စုံစုံရေးပေးလိုက်မယ်-ဟု ပြောဖြစ်ခဲ့သည်။
“ဝိသာခါကျောင်းအမကြီး ဘယ်ဘုံမှာ အခုရောက်နေသလဲဆိုတာ သိချင်လို့ပါဘုရား” ဟု ထပ်ဆင့်ဆိုလာပြန်၏။
နိမ္မာနရတိနတ်ပြည်၊ သုနိမ္မိတနတ်မင်းရဲ့ မိဖုရားခေါင်ကြီး ဖြစ်နေကြောင်းကို ဖုန်းထဲကပင် ပြန်ပြောလိုက်သည်။
“သောတာပန်က ခုနစ်ဘဝဘဲ မဟုတ်လားဘုရား” တဲ့။
“အင်းအခြားသောတာပန်များကတော့ တစ်ဘဝပဋိသန္ဓေနေပြီးရင်
ရဟန္တာဖြစ်ပရိနိဗ္ဗာန်စံဝင်ကြတယ်။ ဒါမှမဟုတ် နှစ်ဘဝသုံး ဘဝ၊ နောက်တစ်မျိုး
ကတော့ ဒကာမကြီးပြောသလို ခုနစ်ဘဝ ပဋိသန္ဓေနေပြီးရင် ရဟန္တာဖြစ်၊
ပရိနိဗ္ဗာန်စံဝင်ကြရတယ်။ ဝိသာခါကျောင်းအမ၊ အနာထပိဏ် ကျောင်း ဒကာ၊
တာဝတိံနတ်ပြည်က သိကြားမင်းတို့ကြတော့ အဲလိုတစ်ဘဝ၊ နှစ်ဘဝ၊ ခုနှစ်ဘဝ
သောတာပန်မျိုးမဟုတ်ကြဘူး၊ ဘုံးစဉ်စံသောတာပန် လို့ ခေါ်တယ်၊သုံးမျိုးထဲမပါတဲ့
သောတာပန် တစ်မျိုးပေါ့။ဘုံအဆင့်ဆင့်စံပြီးနောက်ဆုံး အကနိဋ္ဌာဆိုတဲ့
ဗြဟ္မာဘုံရောက်၊ ရဟန္တာဖြစ်၊ ပရိနိဗ္ဗာန် စံဝင်ကြမယ်လို့” စာမှာ
ဆိုကြောင်းထပ်လောင်းပြောပြရ၏။
သောတာပတ္တိမဂ်ဉာဏ်သည် ဒိဋ္ဌိနှင့်ယုံမှားသံသယဝိစိကိစ္ဆာတို့ကို
ပယ်သတ်နိုင်ခြင်းနှင့်အတူ အပါယ်သို့ ကျရောက်စေနိုင်သောအကုသိုလ်တို့ကို
ပယ်သတ်ပြီးဖြစ်သောကြောင့် အပါယ်ဘဝသို့ မကျရောက်တော့။ (ခန္ဓာငါးပါး၌
ပုဂ္ဂိုလ်သတ္တဝါ-ဟု ထင်မှတ်မှုလွဲမှားခြင်းကို ဒိဋ္ဌိ-ဟု ဆိုသည်။)
“ဘာလို့ အဲလို ဘုံစဉ် စံကြရတာလဲဘုရား?တဲ့။
“ဝဋ်ဘဝတွေမှာ နေချင်သေးတဲ့ ဆန္ဒလည်းရှိကြသတဲ့၊ ပြီးတော့ ဝဋ်ဘဝတွေမှာ
နေရတာကို မွေ့ပျော် နှစ်ခြိုက်ကြသတဲ့ ဒကာမကြီးရေ ”ဟု ပြောကာ စကားဖြတ်ပြီး၊
“နေပါဦး ခင်ဗျားက ဘာလို့ ဝိသာခါကျောင်းအမအကြောင်း သိချင်ရတာတုန်း”
မေးတော့-
“နတ်ပြည်ရောက်ရင် ကျောင်းအမဝိသာခါနဲ့ တွေ့နိုင်တဲ့အကြောင်း ကြားဘူးလို့ပါဘုရား” တဲ့။
လာမည့်ဝါတွင်းကျမှ ဝိသာခါကျောင်းအမအကြောင်း ခန်းဆက်ဟောပေးမယ်-ဟု ဆိုကာ ဖုန်းချလိုက်ရ၏။
စာသင်သား ဘဝတုန်းက ဓမ္မပဒအဋ္ဌကထာကျမ်းစာမှာ
သင်ခဲ့ရခြင်းမျှနှင့်နာရေးတရားအဖြစ် ဝိသာခါကျောင်းအမ၏မြေး မိန်းကလေးသေ ၍
ကျောင်းအမ၏သောကကို ငြိမ်းစေသော ဗုဒ္ဓ၏သောက သိမ်းတရားဟောဖြစ်ခြင်းကလွဲလို့
စာရေးသူသည်လည်း ဝိသာခါကျောင်းအမ အကြောင်း ဂဃဏန ပြည့်ပြည့်စုံစုံ မသိခဲ့ပေ။
သည့်အပြင် တရားစခန်းမှာ အလုပ်ပေးတရားဟောရင် ဝိသာခါကျောင်းအမ
အကြောင်းကိုထည့်၍ အမြဲပြောဖြစ် သည်။ ပြောပြရခြင်း မှာ ယောဂီတိုင်းလိုလို
အိုးပစ်အိမ်ခွါ ကာမဂုဏ်ခံစားခြင်းမရှိပါမှ တရားအလုပ်အားထုတ်လို့ရသည်-ဟု
ထင်မှတ်မှားနေကြ၍ ဖြစ်သည်။ တရားတော့ အားထုတ်ချင်ကြ၏။ အိုးပစ်အိမ်ခွါ
မလုပ်ချင်ကြ၊ဇနီးမယား သမီးသားနှင့်ကာမဂုဏ်ကိုလည်း ခံစားလိုကြဟန်ရှိကြ၏။
“တကယ်လို့ တရားထူးရသွားရင်၊ အိုးပစ်အိမ်ပစ် လုပ်ရတော့မှာလား၊ ဇနီးမယားနဲ့စီးပွားတွေကိုလည်း စွန့်ပစ်ရမှာလားဘုရား” ဟုလည်း မေးတတ်ကြ၏။
“အဲလို အိုးပစ်ရမှာ၊အိမ်ပစ်ရမှာ၊ဇနီးခင်ပွန်း စွန့်ပစ်ကြရမှာ
စိုးရိမ်နေသမျှ စိတ်ချ၊တရားထူး မရပါဘူးလို့”ပြောပြီး၊ အိုးမကွာ
အိမ်မကွာ၊စီးပွားရှာလျှက် အိမ်ထောင်နှင့်အတူနေပြီး တရားထူး ရနိုင်ကြောင်း
ကို ကျောင်းအမကြီး ဝိသာခါကို ဥပမာပေးကာ အမြဲပြောဖြစ်သည်။
“ဝိသာခါကျောင်းအမသည် (၇)နှစ်သမီး သောတာပန် အရိယာဖြစ်တယ်။
(၁၆)နှစ်အရွယ်ကျပါမှ အိမ်ထောင်ကျတယ်။ သားသမီး(၂၀) မွေးဖွား တယ်။ လေဥ
တစ်လုံးမှ မပါဘူးဗျ” လို့ ပြောတော့ ရယ်ကြသည်။
မှန်ပါသည်။သောတာပန်အရိယာတို့သည် အိုးမကွာ အိမ်မကွာ စီးပွားရှာကြကုန်၏။ အိမ်ထောင်နှင့်လည်းအတူနေကြပြီး၊သားသမီးလည်း ရကြ၏။
ကာမရာဂသံယောဇဉ်(ကာမဂုဏ်ခံစားမှု၊သို့မဟုတ် အာရုံငါးပါးခံစားမှု့၌
တွယ်ငြိခြင်း)နှင့်အလားတူ သံယောဇဉ်စပ်သူတို့ သေဆုံးမှုကြောင့်
ငိုကြွေးကြခြင်း ပဋိဃသံယောဇဉ်(ဒေါသ)ကို မပယ်သတ် နိုင်သေး၍ ဖြစ်သည်။
သောတာပန် ဝိသာခါကျောင်းအမသည် မြေးမလေးသေစဉ်က အလွန်ငိုကြွေး၏။
သောတာပန်အရှင်အာနန္ဒာသည် ဘုရားရှင် ပရိနိဗ္ဗာန် စံစဉ်က
သောကကိုမသိမ်းနိုင်ဖြစ်ရ၏။ သောတာပန် ဇနီးမယားသည် တောလိုက်ထွက်မည့်
မုဆိုးအတွက် လေးမြှားကို ပြင်ဆင်ပေး၏။ ထိုကြောင့်
ဉာဏ်ရည်ဉာဏ်သွေးကောင်းပြီး၊ သူတော်ကောင်းဓာတ်ခံရှိသည့် ပုထုဇဉ်သည်
သောတာပန်အရိယာနှင့် အလွန်ကြီး စည်းမခြား၊ အလှမ်းမကွာလှ ဟု ထင်ပါသည်။
ယောဂီများ ဝိပဿနာဘာဝနာဆိုသော စကားနှင့်အကျွမ်းဝင်ပြီးသားဖြစ်ကြပေမယ့် ဝိပဿနာဘာဝနာအပေါ် နားလည်မှု မပြည့်မစုံ ဖြစ်နေတာကို သတိပြုမိ၏။
ဤနေရာတွင် ဘာဝနာ-ဆိုသော စကားလုံး၏အဓိပ္ပါယ်ကို ရှင်းပြချင်သည်။
ပွားများအားထုတ်ခြင်းကို ဘာဝနာ-ဟု ဆိုသည်။ ပွားများအားထုတ်ခြင်းဆိုတာကတော့
ကြိမ်ဖန်များစွာပြုလုပ်ခြင်း ဖြစ်သည်။ထို့ကြောင့် ကြိမ်ဖန် များစွာ
အားထုတ်ကြပါမှ ဘာဝနာဖြစ်နိုင်သည်ကို နားလည်ရ၏။
သမထဘာဝနာ၊ ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုး ဖြစ်သည်ကို သိကြပြီးသား ဖြစ်၍
အထူးမပြောလို၊ထိုဘာဝနာ နှစ်မျိုးကို အားထုတ်ရာတွင် တရားသုံးပါး
ပြည့်စုံဖို့လိုအပ်၏။ ထိုသုံးကား သတိ ၊ ဝီရိယနှင့် ပညာတို့ ဖြစ်ကြသည်။
ထိုသုံးပါး မရှိဘဲနှင့် ဘာဝနာအလုပ်ကို အားထုတ်လို့ မဖြစ်နိုင်။သတိဖြင့်
အရှုခံအာရုံကို ဂရုတစိုက် အားထုတ်ရသည်။ ပညာဖြင့် အရှုခံအာရုံကို
တသိထဲသိနေအောင် အားထုတ်ရသည်။ ဝိရီယဖြင့် ဂရုတစိုက်ဖြစ်ဖို့နှင့်သိဖို့ကို
ကြောင့်ကျစိုက်၍ အားထုတ်ရသည်။
အရှုခံအာရုံဟူသည် သမထဘာဝနာ၌ ကမ္မဋ္ဌာန်းတစ်မျိုးထဲကိုသာ ရှုပွားရမည်။
အဘယ်ကြောင့်ဆိုသော် မိမိ၏စိတ်သည် ထိုအာရုံတစ်မျိုးတည်းမှာ မြဲနေရန်အတွက်
ပွားများအားထုတ်ခြင်း ဖြစ်သော ကြောင့်တည်း။ မိမိစိတ်သည် ထိုအာရုံ
တစ်မျိုးတည်းတွင် မြဲမနေသေးသမျှ သမထဘာဝနာ
(သမာဓိ+စိတ်စင်ကြယ်ခြင်း)မဖြစ်နိုင်သေးပါ။
ဝိပဿနာအာရုံဟူသည် ရုပ်နှင့်နာမ် ဖြစ်သည်။ထိုရုပ်နှင့်နာမ်၏ မမြဲဖေါက်ပြန်
ပျောင်းလွဲတတ် သည့် သဘာဝအမှန်ကို မိမိစိတ်၌ ဖြစ်နေသည့်
အတိုင်း၊ထင်ရှားနေသည့်အတိုင်း စဉ်ဆက်မပြတ်သိနေဖို့
အဖန်ဖန်အားထုတ်ခြင်းဖြစ်သည်။ ထိုဝိပဿနာဘာဝနာ ပွားများနိုင်ဖို့ရန်
သမာဓိ(စိတ်စင်ကြယ်ခြင်း စိတ္တဝိသုဒ္ဓိ)ကို ရရှိပြီးသူ ဖြစ်ရမည်။
ထို့ကြောင့် ဘာဝနာကိစ္စသည် အိုးပစ်အိမ်ခွါနှင့် ဇနီးမယား၊သမီးသား၊ကာမဂုဏ်များကို စွန့်ဖွယ် အမှန်မလိုအပ်။
လူအများစုက ဘာဝနာအလုပ်ဆိုတာ နေ့စဉ်လူနေမှုဘဝတွေမှ ရှောင်ထွက်ပြီး၊
တောကျောင်းတောင်ကျောင်း ဂူအောင်းကာ အားထုတ်ကြရသည်။ လူအဖွဲအစည်းကို
ဖြတ်တောက် အားထုတ်ကြရသည်။ တရားရသွားလျှင် မည်သူနှင့်မျှ မထိမတွေ့၊ မဆက်မဆံ၊
အိမ်ထောင်ကိုလည်း တွယ်ငြိ မှု့ ပြတ်တောက် ၏။ အိမ်ထောင်ကို စွန့်ခွါရ၏-ဟု
မှတ်ထင် ထားဟန်ရှိကြသည်။တရားရသူသည် လူ့အသိုင်းမှ တသီးတသန့် ပုဂ္ဂိုလ်ဟူ၍
ထင်မှတ် ထားကြလေ၏။
ထို့ကြောင့် တရားစခန်တွင် ဝိသာခါကျောင်းအမတို့၊ အနာထပိဏ်တို့စသော
တရားရပြီး သူများသည် အိုးမကွာ၊ အိမ်မပစ်၊ ဇနီးမယား၊ သမီးသား တို့ကို
ချစ်ခင်လျှက်၊စီးပွားရှာမပျက် နေထိုင်ကြ သည်ကို ပြောပြရသည်။
သည့်အပြင် ပိဋကတ်တော်တွင် တရားအားထုတ်ကြခြင်းဟူသည်ကို ဤသို့ သတိထားမိသည်။
ကိုယ်နာစိတ်နာနှစ်နာတို့တွင် စိတ်နာ မဖြစ်စေဖို့၊ စိတ်နာဟူသည်
ကိုယ်၏နာကျင်နေမှုကို စိတ်ကပါ လိုက်ပါပြီး မနာကျင်စေရန်တရားအားထုတ်ကြခြင်း
ဖြစ်သည်။
မိမိတို့စိတ်သည် ကိလေသာခေါ် လောဘ ဒေါသ မောဟ မာန သံသယ မနာလိုခြင်း
ဝန်တိုခြင်း ပျင်းရိခြင်း သောကဖြစ်ခြင်း-စသော အညစ်ကြေး
စိတ်မှီတရားတို့ကြောင့် ညစ်ထေးနေရသည်။ ထိုညစ်ထေးခြင်း ကိလေသာတို့မှ
စင်ကြယ်ပြီး ရှင်းသန့်ဖြူစင်သောစိတ်ကို ပိုင်ဆိုင်ဖို့ရန်
တရားအားထုတ်ကြသည်။
တရားအားထုတ်ခြင်းဖြင့် မိမိတို့မှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့
မြင့်မားတိုးတက် ရင့်ကျက်စေရန်နှင့်တည်ငြိမ်မှုဖြစ်စေရန်အလို့ငှါ စိတ်ကို
တည်ဆောက်ကြခြင်းလည်း ဖြစ်သည်။
အာရုံနှင့်စိတ်(ရုပ်နှင့်နာမ်)ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အရှိအတိုင်း
သိမြင်နိုင်စွမ်းသော ဉာဏ်ကို ပိုင်ဆိုင်နိုင်ဖို့ရန် တရားအားထုတ်ကြကုန်၏။
စိတ်သန္တာန်တွင် ချမ်းမြေ့ခြင်း၊အေးချမ်းတည်ငြိမ်ခြင်းတို့ဖြင့် ပြီးပြည့်စုံလျှက် ဖြစ်နေစေရန် တရားအားထုတ်ကြ၏။
အဆင့်အမြင့်ဆုံးသော လောကလွန်ဉာဏ်ဖြင့် ဘာမှမရှိတော့သည့် အမှန်တရား နိဗ္ဗာန်ကို သိမြင်မျက်မှောက်ပြုနိုင်ဖို့ရန် တရားအားထုတ်ကြ သည်။
စဉ်းစားကြဖို ဖြစ်ပါသည်။ မိမိတို့ နှစ်စဉ်တရားစခန်းတွေဝင်နေကြရပြီး
မိမိတို့ စိတ်အခြေအနေ မည်သို့ ဖြစ်ပါသနည်း?အဘယ်မျှ တည်ငြိမ်အေး ချမ်းမှု
ဖြစ်ကြပါသနည်း? သဒ္ဓါစသောတရားများ အဘယ်အတိုင်းတာအထိ
မြင့်မားတိုးတက်လာပါသနည်း? ကိုယ်ပိုင်ဉာဏ်ဖြင့် ရုပ်နှင့်နာမ်ကို ခွဲခြမ်း
စိတ်ဖြာ သိပါပြီးလား? ကိုယ်သန္တာန်မှာ ဖြစ်နေတာတွေကိုအရှိအတိုင်း
(အမည်တံဆိပ်မတပ်ဘဲ) အသိကပ် နိုင်ကြပါရဲလား? ဆိုတာ ကိုယ့် အနေအထားကို
ကိုယ်တိုင်ဘဲ စိစစ်ပြီး ဝိပဿနာဘာဝနာ အစစ်ကို နှစ်ခြိုက်စွာ
အားထုတ်ကြရပါမည်။
စာရေးသူ၏ တရားစခန်းတွင် ယောဂီများကို “ကိလေသာဝေးကွာပြီး၊ သဒ္ဓါစသောဣနြေ္ဒတွေ
ရင့်ကျက်မှုရှိရဲ့လား” ဆိုတာ ဖာသာစီစစ်ပြီး တရားအသားတက်ခြင်း၊
မတက်ခြင်းကို သိကြပါလို့” အဖန်ဖန် သတိပေးနေရပါသည်။
တရားအားထုတ်ခြင်းနှင့် အကြားအမြင် ရခြင်းဘာမှမဆိုင်တာကို ယောဂီများက
မသိကြတော့ တရားစခန်းမှာ “ဟိုဟာမြင်တယ်၊ဒီမြင်တယ်နဲ့” သံယောင်လိုက်
ပေါက်တတ်ကရ ပြောတတ်ကြသည်။
မှန်၏။ ဝိပဿနာ ဘာဝနာအားထုတ်ခြင်းသည် တတိယမျက်လုံးကို ပိုင်ဆိုင်ရန်အတွက်
အားထုတ်ခြင်းမဟုတ်ဆိုတာကို နားမလည်ကြ ၍ ဖြစ်သည်။
လက်ရှိမျက်လုံးနှစ်လုံးဖြင့် မြင်ရတာထက် ကျော်လွန်းပြီး သာမာန်လူတို့
မမြင်နိုင်တာကို မြင်နိုင်စွမ်းရှိသည် အမြင်မျိုး (အကြားအမြင်) ကို
တတိယမျက်လုံးဟု ဆိုကြသည်။ ရိပ်သာဂျိုးကပ်ကြီးတွေပင် “ဟိုဟာမြင်၊ ဒီဟာမြင်”
ပြောတတ်ကြ၍ အံ့ဩရပါသည်။ သမထနှင့်ဝိပဿနာ မကွဲကြသေး၍ ဖြစ်၏။
ထို့ကြောင့် ဝိသာခါကျောင်းအမတို့လို သောတာပန်အရိယာအဆင့်လောက် မှန်းပြီး
အားထုတ်ကြရမှာ။ သို့ပေမယ့် ယနေ့ခေတ် တရားအားထုတ် သူတို့သည် အကဲစမ်းသည့်
သဘောမျိုးဖြင့်သာ အများစုအားထုတ်နေကြဟန်တူသည်။
သောတာပန်အရိယာအဖြစ်သည် စကြာဝတေးမင်း၊ ပဒေသရာဇ်မင်း၊ ဧကရာဇ်မင်းတို့ထက်
သာလွန်လှ၏။ တု၍မရ၊ ယှဉ်၍မနိုင် မြတ်လှ၏။ အဘယ်ကြောင့်ဆိုသော်
မင်းတရားတို့သည် အပါယ်ဘဝတို့မှ မလွန်မြောက်နိုင်၊သောတာပန်အရိယာကား
အပါယ်ဘဝတို့မှ လွန်မြာက်ပြီး အဆုံးစွန်(၇)ဘဝ နောက်ဆုံးထား
ပရိနိဗ္ဗာန်စံဝင်ခြင်း (ဝါ)ဘဝဇာတ် ခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ်
သောကြောင့်တည်း။ (သောတာပန်၏ ဂုဏ်ရည်များကို ကျောင်းအမသောတာပန်ဖြစ်ခန်း၌
ရေးသားပါမည်)
ဝိသာခါကျောင်းအမနှင့်ပတ်သက်သော ပိဋကတ်တော်အလာ အကြောင်းအရာတို့ကို
ပြည့်ပြည့်ဝ၀ သိချင်စိတ်ပြင်းပျ၍ ရှာဖွေဖတ်ဖြစ်၊ ရေးဖြစ်၏။ ပြီးတော့
စာဖတ်သူများကိုလည်း ဝေငှချင်စိတ်ဖြစ် မိပါသည်။
အရိယာပုဂ္ဂိုလ်ဖြစ်၍ အတုယူဖို့ချည်း ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မလို။
ကိုယ့်ဘဝကို ဝိသာခါကျောင်းအမသို့နှယ် မူပွားယူလို့ ရ၏။ သောတာပန်
အရိယာဖြစ်သည်ထိ မူပွားနိုင်ကြမည်ဆိုရင် နိဗ္ဗာန်သို့ပင်
မျက်မှောက်ပြုနိုင်ပါသည်။
ဘဝအကျိုးပေး ကောင်းလှတဲ့ ကျောင်းအမ
ကျောင်းအမဝိသာခါသည် မျိုးရိုးကလည်းမြတ်၏။ အသက်ကလည်းရှည်၏။ အဆင်းကလည်းလှ၏။
ခွန်အားဗလနှင့်လည်းပြည့်စုံ၏။ ဥစ္စာက လည်းပေါ၊ ရုပ်ကလည်းချောလှသူမို့
ဘဝပေးကံ အကျိုးပေးကောင်းသူဟု ဆိုရသည်။
အပိုဆောင်းကောင်းကျိုးအဖြစ်ဖြင့် အရိယာဖြစ်သည်။နောက် အကျိုးဆက်အနေဖြင့်
ဘုံစဉ်စံစားပြီး နိဗ္ဗာန် လက်မှတ်ရထားပြီးသူမို့ အပါယ်ဘဝ တို့သို့ လုံးဝ
မကျရောက်နိုင်တော့။
သို့နှယ် ဘဝကံအကျိုးပေးကောင်းမွန်ခြင်းသည်
ဆုတောင်းနှင့်လူပေါင်းမမှားခဲ့ခြင်းတို့ကြောင့် ဖြစ်၏။ ဆုတောင်းမှား
လူပေါင်းမှားသူတို့ ဘဝကံ အကျိုးပေးနှံချာလှသည်ကို သတိထားသင့်၏။ အချို့
စည်းစိမ်၊ ရာထူးဋ္ဌာနန္တတွေ မြင့်မြင့်မားမား ပိုင်ဆိုင်ရစေဦးတော့
ဆုတောင်းတွေမှား၊ လူပေါင်းတွေမှားခဲ့ကြသဖြင့် ဘဝတွေ စုတ်ပြတ်သွားကြသည်ကို
မိမိတို့ရှေ့မှောက်တွင် မြင်တတ်က မြင်သာထင်သာ မြင်နေရ၏။
ဘဝကံအကျိုးပေးတွေ ကောင်းကြစေဖို့ ဆုတောင်းတွေ၊ လူပေါင်းတွေလည်း
မမှားကြဖို့ အလွန်လိုအပ်၏။ ဝိသာခါကျောင်း အမသည် ဆုတောင်းမှန်ခဲ့သည်ကို
ဤသို့ ဖေါ်ပြထား၏။
အစိန္တေယျမြတ်ဗုဒ္ဓ ဂေါတမပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှပြန်၍ ရေတွက်က
ကမ္ဘာတစ်သိန်းအထက်တွင် ပဒုမုတ္တရဘုရား ပွင့်တော်မူပါသည်။
ထိုဘုရားရှင်လက်ထက်တွင် ဝိသာခါကျောင်းအမသည် ဟံသာဝတီမြို့၌
သူဋ္ဌေးသမီးဖြစ်ခဲ့ဖူး၏။
တစ်နေ့တွင် ပရိသတ်များစွားနှင့်အတူ ဘုရားတရားတော်ကို နာယူနေစဉ်
အမျိုးတစ်ဦးကို ဒါနအရာတွင် အခြားသူတို့ထက် အမြတ်ဆုံး၊ အသာဆုံးဖြစ်သူဟူ၍
ဧတဒဂ်ဘွဲ့ထူးတပ်လျှက် ပဒုမုတ္တရဘုရားရှင်ကိုယ်တော်တိုင် ပရိသတ်အလယ်တွင်
ချီးမွမ်းတော်မူသည်ကို အားကြခြင်း ဖြစ်မိ၏။
“ငါသည်လည်း ဤဥပါသိကာမကဲ့သို့ ဘုရားတစ်ဆူ၏သာသနာ၌ ဒါနအရာတွင် အမြတ်ဆုံး
၊အသာဆုံး ဥပါသိကာမ ဖြစ်ရပါလို၏” ဟူ၍ ဆုတောင်းပြီး လွန်လွန်ကဲကဲ
ကောင်းမှုများကို အားထုတ် ပါတော့၏။
အားကြခြင်းသည် ဆုတောင်းခြင်းကို ဖြစ်စေသည်။ဆုတောင်းရုံမျှနှင့်လည်း
လိုအပ်ဆန္ဒပြည့်ဝမည် မဟုတ်၊ ပြည့်မြောက်စေရန် လိုအပ်သည့် ကုသိုလ်တို့ကို
လွန်လွန်ကဲကဲ အားထုတ်ကြရသည်ကို ကျောင်းအမဝိသာခါက သတိပေးနေဘိအလား ဖြစ်ချေ၏။
သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ရပြီး
အားကြသည်။ဒီပင်္ကရာကဲ့သို့ သူလည်း ဘုရားဖြစ် ချင်သည်။ ပြင်းပျသောဆန္ဒဖြင့်
ဘုရားဖြစ်လို၏။စကြာဝဠာအတွင်း အလျှံညီးညီး မီးကျည်းခဲ တွေအပြည့်
ခင်းထားစေပြီး ဤမှာဘက်အစမှနေ ဟိုမှာဘက်အဆုံးသို့ သွားနိုင်သူသည် ဘုရားဖြစ်
မည်ဆိုက မီးကျည်းခဲတို့အပေါ် နင်းသွားလိုသူဖြစ်၏။ ယင်းကို အဓိကာရဆန္ဒဟု
ဆိုသည်။ အလွန်အကဲ ပြင်းပြင်း ထန်ထန် ဖြစ်လိုစိတ်ဟူ၏။
ဝိသာခါကျောင်းအမသည်လည်း ထိုလွန်ကဲသောဆန္ဒဖြင့်
အားကြခြင်းဖြစ်သည်။အများစုသည် ပြည့်စုံနေသူကို တွေ့က အားကြတတ်သည်မှာ
ဓမ္မတာကဲ့သို့ ဖြစ်နေကြပေမယ့်၊ထိုသူကဲ့သို့ ဖြစ်အောင်
အဓိကာရဆန္ဒမရှိကြသူတွေကများလှ၏။ တော်သူ၊ကောင်းသူများကိုတွေ့က အားကြကြရ မည်။
ပြီးတော့ အဓိကာရဆန္ဒရှိကြရမည်။လွန်လွန်ကဲကဲ သူ့လိုလူဖြစ်အောင်
ကြိုးစားကြပါမည်။
ပဒုမတ္တရဘုရားရှင်နှင့်ဂေါတမမြတ်ဗုဒ္ဒ နှစ်ဆူတို့သည်
များစွာအဆက်အစပ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်ဂေါတမမြတ်ဗုဒ္ဓခေတ်တွင်
ကျွတ်တမ်းဝင်ကြမည့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ကြရ သော ပကတိသာဝကတို့သည်
ကမ္ဘာတစ်သိန်းကာလက ပွင့်တော်မူခဲ့သည့် ပဒုမုတ္တရ ဘုရားရှင်ထံတော်တွင်
ဆုထူးပန်ခဲ့ကြရသောကြောင့် ဖြစ်၏။
ထိုကဲ့သို့ ဆုတောင်းကောင်းခဲ့သည် ဝိသာခါကျောင်းအမသည်
ကမ္ဘာတစ်သိန်းကာလပတ်လုံး နတ်ပြည့်၊ လူပြည့် တို့၌သာ ကျင်လည့်ခဲ့ရပြီး
ဤဘဒ္ဒကမ္ဘာ၊ကဿပဘုရားရှင်လက်ထက် ကာသိတိုင်းရှင် ဘုရင်
ကိကိမင်းကြီး၏သမီးတော်(၇)ဦးအနက် သံဃဒါယီအမည်ဖြင့် အငယ်ဆုံး သမီးအထွေး
ဖြစ်ခဲ့၏။
အသက်ထက်ဆုံး ကုသိုလ်ကောင်းမှု့ဖြင့်သာ မွေ့ပျော်ပြီး
အစိန္တေယျကဿပဘုရားရှင်နှင့် ဂေါတမဘုရားရှင် နှစ်ဆူတို့၏အကြားကာလ
တစ်လျှောက်လုံးမှာလည်း လူပြည့်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၏။
မည်သည့်ကုသိုလ်ပြုလုပ်သည်ဟု တိတိကျကျ ထိုဘဝတွင် မတွေ့ရပေမယ့်၊
အနှစ်နှစ်သောင်းကာလတစ်လျှောက်လုံး ကောမာရိကဗြဟ္မစရိယခေါ် အပျိုစဉ်ဘဝဖြင့်
စင်ကြယ်စွာ နေထိုင်ခဲ့ခြင်း၊ ဘုရားအမှူးရှိ သံဃာတော်အား ပြုစုစောင့်ရှောင့်
ခြင်းတို့ကို ဖေါ်ပြထားသည်။
သမီးတော်(၇)ဦးသည်အစိန္တေယျဂေါတမမြတ်ဗုဒ္ဓ လက်ထက်တော်တွင် ခေမာထေရီ၊
ဥပ္ပလဝဏ်ထေရီ၊ ပဋာစာရီထေရီ၊ ဂေါတမီထေရီ၊ ဓမ္မဒိန္နာထေရီ ၊
မယ်တော်မာယာနှင့်ဝိသာခါ ကျောင်းအမကြီးတို့ ဖြစ်လာကြသည်။
သည့်အပြင် ကဏှာဒီပါယနဇာတ်တွင် ဝိသာခါကျောင်းအမ အကြောင်းကို ဤသို့ တွေ့ရ၏။
ဘုရားအလောင်း ကဏှာဒီပါယနရသေ့ကို လူဘဝက မိတ်ဆွေဖြစ်သူ မဏ္ဍဗျသူဋ္ဌေးသည်
ဇနီး+သားငယ် ယညဒတ္တတို့နှင့်အတူ လာရောက်ဖူးတွေ့ကြသည်။
လှူဒါန်းဖွယ်ရာတွေ လှူဒါန်းကြပြီး စကားပြောဆိုနေကြစဉ် သားငယ်
ယညဒတ္တသူငယ်သည် ကလေးပီပီ တောရ သင်္ခမ်းကျောင်းလေး၏ ဝန်းကျင်တွင် ဂျင်ပေါက်ပြီး
ဆော့ကစားနေ၏။
သားငယ်၏ ဂျင်ကလေးသည် အနားရှိတွင်းငယ်တခုသို့ ကျသွားသဖြင့် ဂျင်ကို
နှိုက်ယူရာ တွင်းအတွင်းရှိ မြွေက သားငယ်၏လက်ကို ကိုက်လိုက်၏။
အဆိပ်ပြင်းထန်သောကြောင့် သားငယ်သည် ထိုနေရာမှာပင် တစ်ကိုလ်လုံး အဆိပ်တက်ကာ
လဲကျသွားတော့၏။
မိဘတို့သည် မြွေဆိပ်ကြောင့်မေ့လဲနေသည့် သားကို ပွေ့ချီ၍ “ဆရာရသေ့ရယ်
၊ကယ်ပါဦး၊ဆေးကုပေးပါဦး၊ မန်းမှုတ်ပေးပါဦး၊ သားတော့သေေ တာ့မှာပဲ ၊
ရသေ့ရဟန်းတွေဆိုတာ ဆေးဝါးနားလည်းပါတယ်၊ ကုပေးပါဦး” စသဖြင့် သောကကြီးစွာ
ပြောဆိုကြကာ ရသေ့၏ ခြေရင်းတွင် သားငယ် ကို ဆန့်ဆန့်ကြီး
လဲလျောင်းထားလိုက်ကြ၏။
ထိုအခါ ဆရာရသေ့က “ငါ ဆေးလည်းမသိ၊ကုလည်း မကုတတ်ဘူးလို့” ပြောရာ-
“ ဒီလိုဆို၊ အရှင်ဘုရားရယ်၊ သားအတွက် မေတ္တာပို့ပေးပါဦး ဘုရား”
“ ကောင်းပါပြီ၊သစ္စာဆိုပါမယ်” ဟု ပြောကာ သားငယ်၏ခေါင်းကို ပွတ်သပ်ပေးလျှက်
ဤသို့ သစ္စာဆိုပါသည်။ “ ငါသည် ရသေ့အဖြစ်သို့ ရောက်ပြီး (၇)ရက်မျှသာ
ကြည်ညိုစိတ်ဖြင့် ပျော်ရွှင်စွာ အားထုတ်ခဲ့၏။ သည်နောက် နှစ် (၅၀)ကျော်မျှ
လုံးဝမပျော်ပဲ ကျင့်နေရ၏။ ဤသစ္စာကြောင့် သားငယ် ယညဒတ္တ ချမ်းသာပါစေ၊
အဆိပ်ပြေကာ အသက်ရှည်ပါစေ”ဟူ၍ ဆိုလိုက်ရာ အဆိပ်သည် ရင်ချိုင့်(နို့)အထိ
ကျဆင်းသွား၏။ မျက်လုံးများ ပွင့်လာ၏။ မေမေဖေဖေဟု ခေါ်နိုင်လာ၏။
“ကဲ ဒကာတို့၊ ငါတော့ စွမ်းနိုင်သလောက် အမှန်စကားကို ဆိုပြီးပြီ” မင်းတို့ အလှည်ပဲ။
ထိုအခါ ကလေးဖခင်သည် သား၏ရင်ဘတ်ပေါ်လက်တင်လျှက်“ ငါသည် လှူဒါန်းခြင်းကို
စေတနာအမှန်မရှိ၊ လူကဲ့ရဲ့မည်စိုး၍ လှူမြဲတိုင်း လှူနေရ ၏။ အလှူရဲ့
ကောင်းကျိုးကိုလည်း မယုံကြည်ခဲ့၊ ဤသစ္စာကြောင့် သားငယ် ယညဒတ္တချမ်းသာပါစေ၊
အဆိပ်ပြေကာ အသက်ရှည်ပါစေ” ဟူ၍ ဆိုလိုက်ရာ အဆိပ်သည် ခါးတိုင် လျောကျသွား၏။
ထ၍ ထိုင်နိုင်လာ၏။ မရပ်နိုင်သေး။
ထိုအခါ အဖင်ဖြစ်သူက ဇနီးမယားကို-
“ကဲ-အမေကြီး အလှည့်ပဲ ကျန်တော့တယ်၊ အမှန်ကို သစ္စာဆိုပါ-ဟူ၍ ပြောရာ-
“အဖေကြီးရှေ့မှာ သစ္စာဆိုရန် အခက်အခဲ ဖြစ်နေပါတယ်”
“ဆိုသာဆိုပါ အမေကြီးရယ် ၊သားကျန်းမာဖို့ ရောဂါကင်းဖို့က အရေးကြီးပါတယ်”
ဆို ဆိုလဲ ဆိုရတော့မှာဘဲ “ငါသည်၊ ယခု သားကိုကိုက်သောမြွေဆိုးကို
မချစ်လုံးလုံး မုန်းလှပါ၏။ အလားတူ သားရဲ့အဖေကိုလည်း ယနေ့တိုင် မချစ်ခဲ့ပါ၊
အမျိုးအနွယ်ရဲ့ ဂုဏ်သိက္ခာကြောင့် မပေါင်းချင်ပဲ ပေါင်းနေရသည်။
ဤသစ္စာကြောင့် သားငယ် ယညဒတ္တ ချမ်းသာပါစေ၊ အဆိပ်ပြေကာ အသက်ရှည်ပါစေ” ဟူ၍
ဆိုလိုက်ရာ အဆိပ်သည် လုံးဝကင်းစင်ပြီး ကလေးမှာ ထ၍ပြေးဆော့တော့၏။
ကဲ ဒကာရေ-ဒကာလည်း ယနေ့မှစ၍ ဒါနနဲ့ဒါနရဲ့ကောင်ကျိုးကို ယုံကြည်စွာနဲ့
လှူဒါန်းပါ- တင်ပါ့ဘုရား-ဆရာရသေ့လည်း ဗြဟ္မစရိယ ကို ပျော်မွေ့ စွာ
အားထုတ်ပါတော့ဘုရား-
မှန်ပါ့-တပည့်တော်မလည်း၊ ယနေ့မှစ၍ ခင်ပွန်းရဲ့ အလိုသို့လိုက်
အကြိုက်ဆောင်ပါတော့မယ် ဘုရား-ဟူ၍ အချင်းချင်း နာလည်းမှု ရယူကြပါသည်
။(ဇာတကအဋ္ဌကထာ၊၄။၃၆။)
ထိုဇာတ်တော်တွင် မဏ္ဍဗျသူဋ္ဌေးက အရှင်အာနန္ဒာ၊ ဇနီးမယားက ဝိသာခါကျောင်းအမ၊
သားငယ် ယညဒတ္ထက ရှင်ရာဟုလာ၊ ကဏှဒီပါယန ရသေ့က ဘုရားရှင် ဖြစ်ခဲ့ဖူးကြောင်းကို
မှတ်သားရပါသည်။
ရဟန်းတစ်ပါး သာသနာမှာ မပျော်ပိုက်မမွေ့လျော်ဘဲ ပျင်းပျင်းရိရိ နေရခြင်းကို
အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သည်။ ကောင်းခြင်း ဆိုခြင်းကား အဓိကမဟုတ်၊
မှန်ကန်မှု့သာ ပဓာနဖြစ်ပြီး မှန်ကန်မှုရှိပါက သစ္စာမှာစွမ်းအား
အပြည့်ရှိကြောင်းကို ဤဇာတ်တော်တွင် သတိထား မိလိုက်၏။
ဝိသာခါကျောင်းအမ၏ အတိတ်ဘဝဇာတ်ကြောင်းကို ဤမျှသာ ချေရာခံမိပါသေး၏။
မှတ်ချက်။ ။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
6 months ago
0 comments:
Post a Comment