ကျွန်တော်နေတဲ့ အိမ်ယာက မလေး
လူမျိုးတွေ မနက်ကတည်းက လှုပ်လှုပ်ရွရွဖြစ်နေကြတယ်။ ဘောလုံး ပွဲကြည့်ဖို့ပေါ့။
သူတို့နိုင်ငံ အသင်းက သူတို့မြေ သူတို့ရေမှာ စင်ကာပူအသင်းကို
ရင်ဆိုင်ရမယ်။ အင်နဲ့ အားနဲ့ သွားအားပေးဖို့ မနက်ကတည်းက အလံတွေပြင်..
ဂျာစီတွေ ၀တ်နဲ့ ဆိုပါတော့။ လမ်းမပေါ်မှာလည်း မလေးရှား အလံတွေ တလူလူ
လွှင့်နေတဲ့ ကိုယ်ပိုင် ကားတွေက မြင်မဆုံးဘူး။ မလေးရှား လူမျိုးတွေက
သူတို့အသင်းကို တကယ် အားပေးတာပါ။ ဘယ်လောက်တောင်လဲ ဆိုတော့ မန်ယူပွဲနဲ့
သူတို့နိုင်ငံက ပြည်တွင်း ကလပ်ပွဲတွေနဲ့ တိုက်ဆိုင်ရင်တောင် မန်ယူပွဲ
မကြည့်ဘဲ သူတို့ပြည်တွင်း ကလပ်တွေကို အားပေးကြတာ မျက်မြင်ပါပဲ။ နိုင်ငံ
ကိုယ်စားပြုအသင်း ဆိုရင်တော့ တွေးသာကြည့်ပါတော့။ ကြီးကြီးကျယ်ကျယ် ..
ပျိုပျိုအိုအို . ကလေးလူကြီးပါ မကျန် သည်းသည်းလှုပ် အားပေးကြပါတယ်။
(မလေးတရုတ်တွေတော့ သိပ်မပါဘူး)
ထင်တဲ့ အတိုင်းပါပဲ။
ပွဲစတော့ ကွင်းထဲမှာ မလေးအကျီ င်္အ၀ါရောင်တွေ ဖုံးလို့ လွှမ်းလို့။ အော်လိုက်ကြတာကလည်း ကွင်းနံရံတွေ ကွဲမတတ်ပဲ။ အလံတွေ ဝှေ့ယမ်းနေတဲ့ လူလှိုင်းလုံးကြီးတွေကလည်း ကြက်သီးထစရာပါပဲ။ အင်းပေါ့လေ..။ သူတို့က အိမ်ရှင် မဟုတ်လား။ မကန်ခင်မှာ စင်ကာပူတော့ သွားပြီလို့ ထင်လိုက်မိသေးတယ်။ မလေးရှားက လက်ရှိ ချန်ပီယံလည်း လက်ရှိ ချန်ပီယံပါ။ အိမ်ရှင်လည်း အိမ်ရှင်ဆိုတော့ သူတို့နိုင်မယ်လို့ပဲ ထင်ခဲ့မိတယ်။ အားပေးတဲ့ ပရိသတ်အားနဲ့တင် စင်ကာပူကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ် ထင်မိတာပေါ့။
ဒါပေမယ့် တကယ့် တကယ်တန်း ကစားတော့ ထင်ခဲ့သမျှ အကုန် လွဲတာပဲ။ မလေးရှားတွေဟာ ကိုယ့်ပရိသတ် ဖိအားကို ကိုယ်ပြန်ခံစား လိုက်ရတယ်။ စင်ကာပူ ကောင်းတာလဲ ကောင်းတာပါပဲ။ ဒါပေမယ့် မလေး ကစားသမားတွေ ကိုယ်တိုင်က ကိုယ့်ပရိသတ်ရှေ့မှာ အလွဲလွဲ အချော်ချော်တွေ ဖြစ်နေခဲ့တယ်။ စင်ကာပူကို ပထမဂိုး ပေးလိုက်ရပြီးနောက်မှာ ချေပဂိုး ပြန်သွင်းချင်တဲ့ စိတ်ကလည်း လောနေတယ်။ စင်ကာပူက တိုက်စစ် ဆင်လာရင်လည်း နောက်တစ်ဂိုး ပေးရမလား ဆိုတဲ့ ကြောက်စိတ်နဲ့ ကစားသွားရတာမို့ ဖရိုဖရဲဖြစ်ကုန်တယ်။ စင်ကာပူက လူသောင်း ချီနေတဲ့ မလေးရှား ပရိသတ်တွေ ရှေ့မှာပဲ တစ်လုံးပြီး တစ်လုံး သွင်းပြီးတော့ အိမ်ရှင်ကို အသည်း ခွဲသွားတယ်။ ဘောလုံးပွဲတွေမှာ အိမ်ရှင် အခွင့်အရေး ရှိသူတွေ မကြာခဏဖြစ်တတ်တဲ့ အားနည်းမှုပေါ့။ ကိုယ့် ဖိအားကို ကိုယ် ပြန်မခံနိုင်တာလေ။
မနက်ဖြန်မှာ ကျွန်တော်တို့ မြန်မာ အသင်းက အိမ်ရှင် ထိုင်းနိုင်ငံနဲ့ ယှဉ်ပြိုင် ကစားရမယ်။ မလေးရှား ပရိသတ်ထက် မလျော့တဲ့ လူအင်အားနဲ့ သူတို့ အသင်းကို လာအားပေးကြမှာပါပဲ။ ဆယ်စုနှစ်နီးပါး ဖလားလက်မဲ့ ဖြစ်နေခဲ့တဲ့ ထိုင်းနိုင်ငံဟာ သူတို့မြေမှာ အောင်ပွဲကို ဆာလောင်နေလိမ့်မယ်။ မြန်မာကို ကျိန်းသေ အနိုင် တွက်ထားလိမ့်မယ်။ ဒါပေမယ့် ဗီယက်နမ်ကို သရေကစားထားတဲ့ မြန်မာ.. နောက်ပိုင်းနှစ်တွေမှာ သိသိသာသာခြေစွမ်းတက်လာတဲ့ မြန်မာကို စိုးရိမ်နေတဲ့ အငုံစိတ်လည်း ရှိနေမှာ ကျိန်းသေပဲ။ သူ့ကွင်း သူ့ပရိသတ်ရှေ့မှာ ရှုံးများ ရှုံးသွားရင်ဆိုတဲ့ ဖိအားက ဒီကောင်တွေကို ကျိန်းသေပေါက် စိတ်လှုပ်ရှားစေလိမ့်မယ်။ ဒီပွဲမှာ သရေ ကျသွားရင်တောင် နောက်ပွဲမှာ ဗီယက်နမ်နဲ့ တွေ့ရဦးမှာမို့လို့ မဖြစ်မနေနိုင်ချင်တာရယ်.. ရှုံးသွားမလား ကြောက်တဲ့ စိတ်ရယ်နဲ့ မြန်မာကို ရင်ဆိုင်ရမှာပါပဲ။
ဒီအခွင့်အရေးကို ကျွန်တော်တို့ အသင်းက အမိအရ ဆုတ်ကိုင်နိုင်ရမယ်။ သူတို့ ပရိသတ်များတာ ကိုယ့်အတွက် ဘာမှ မထူးဆန်းဘူး။ သူတို့ ပရိသတ်ကို ကိုယ့်ပရိတ်သတ်လို့ သဘောထားပြီး မကြောက်မရွဲ့နဲ့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ လိုတယ်။ သူတို့ ပရိသတ်ပေးတဲ့ ဖိအားကို သူတို့အပေါ်မှာပဲ သက်ရောက်ပါစေ။ ဒါဆို ထိုင်းကို မြန်မာ ကျိန်းသေနိုင်ပါတယ်။ နောက်တစ်ခုက ဒိုင်လူကြီးတွေ အိမ်ရှင်ကိုပေးမယ့် အခွင့်အရေးမျိုးကို အလွယ်တကူ မရအောင် ထိန်းရမယ်။ မညစ်နဲ့။
မကြမ်းနဲ့။ စိတ်လောမကြီးနဲ့။ သူတို့ တိုက်စစ်ကို စနစ်တကျကစား။ တန်ပြန်ကောင်တာတိုက်စစ်နဲ့ မကြာခဏချိန်းခြောက်ပေးထားနိုင်ရင် နဂိုကတည်းက ကယောင်ခြောက်ခြားဖြစ်နေတဲ့ ထိုင်းကောင်တွေ ဘာခံနိုင်မှာလဲ။ ပထမပွဲမှာ ဖိလစ်ပိုင်လို အသင်းမျိုးကိုတောင် 2-1 ဂိုးနဲ့သာ အနိုင်ယူနိုင်တာကိုကြည့်ရင် ဒီကောင်တွေလည်း ခြေစွမ်းအရမ်းကြီး မကောင်းဘူး။ တကယ်တမ်း သုံးသပ်ရင် တို့မြန်မာတွေလောက်တောင် မကောင်းဘူး။ သူ့မြေသူ့ရေ.. သူ့ပရိတ်သတ်ရှေ့မှာမို့ ဘာမှ စိုးထိတ်စရာမလိုဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ စုစုစည်းစည်း ကစားနိုင်ရင် ငါတို့ အနိုင်ကျိန်းသေပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံရောက် မြန်မာတွေကလည်း လာအားပေးဦးမှာပဲ။ ကိုယ့်ပရိသတ်အကြောင်းကို ကိုယ်သိတယ်မို့လား။ မျိုးချစ်စိတ်နဲ့ ခံယူချက်မှာ ထိုင်းတွေထက် အပုံကြီးသာတယ်။ သူတို့ ပရိသတ်ရဲ့ ငါးပုံတစ်ပုံလောက်ဆိုရင်တောင် “မြန်မာဟေ့...မြန်မာဟေ့” ဆိုတဲ့ အသံတွေ ရာဇမဂ်လာကွင်းတစ်ခုလုံး လျှံထွက်သွားမယ်။
ဖိုက်တင်းမြန်မာ။ .. ရှေ့သို့ မြန်မာ။
ထိုင်းနိုင်ငံဟာ ငါတို့ အောင်မြေဖြစ်တယ်။
ထိုင်းပွဲကို စိုးရိမ်နေတဲ့သူတွေအတွက် အားပေးချင်လို့ဖြစ်ပါတယ်။
ရေးသားသူ - လင်းရောင်
0 comments:
Post a Comment