မန်လည် ဆရာတော်ကြီး ရှင်ဇဝန (၁၈၄၁ - ၁၉၂၀)
ကိုယ်ရေးဖြစ်စဉ်
အဖ မြို့စာရေး ဦးထင်ညိုနှင့် အမိ ဒေါ်ဖြေတို့မှ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မန်လည်မြို့တွင် မြန်မာ သက္ကရာဇ် ၁၂၀၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်နေ့ အင်္ဂါနေ့ည သုံးနာရီကျော် ဝိသာခါနက္ခတ် ထွန်းပချိန်တွင် ဖွားမြင်တော်မူခဲ့သည်။အသက် ၃ နှစ် အရွယ်တွင် ဖခင်ဦး ထင်ညို ကွယ်လွန်သွားခဲ့ရာ မိခင်နှင့်အတူ ဇာတိမြေ မန်လည်မှ ထီးချိုင့်မြို့နယ် ရှောက်ခါးရွာ၊ ထိုမှတဆင့် နဂါးဆင်းမြို့ ကျောက်ပြည်သာရွာများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ အသက် ၁၂ နှစ် အရွယ်တွင် ဝန်းသိုမြို့သို့ ရောက်ရှိပြီး တောင်ပေါ်ကျောင်း ဘုန်းတော်ကြီး ဦးပန်းအောင် (ဝန်းသို စော်ဘွားကြီး၏ နောင်တော်) ထံတွင် စာပေ ပညာများ သင်ကြားခဲ့ရသည်။ ဤသို့ဖြင့် နောက် ၃ နှစ်ခန့် ကြာသောအခါ မိခင်ကြီး ကွယ်လွန်ခဲ့ပြန်သည်။ မောင်မာအသက် ၁၆ နှစ်သားသို့ ရောက်သော် ထိုတောင်ပေါ်ကျောင်းတွင်ပင် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ရှင်ဘွဲ့မှာ ရှင်ဇဝန ဖြစ်သည်။
ဆရာတော် အလောင်းအလျာ ရှင်ဇဝနသည် မိမိဇာတိမြေ မန်လည်သို့ ပြန့်ကခဲ့ပြီး ဆရာရင်းဖြစ်သူ လေးထပ်ကျောင်းတိုက်၊ ဂိုဏ်းအုပ်ဆရာတော် ရှင်နန္ဒပဉ္ဇူထံတွင် စာပေ ကျမ်းဂန်များ လေ့လာ သင်ယူခဲ့သည်။ ရှင်ဇဝနသည် ဘွဲ့မည်နာမနှင့် လိုက်ဖက်အောင် ဉာဏ်ပညာ ထက်မြက်သည့် ဗီဇရှိသူပီပီ သာမဏေ ၆ ဝါတွင် ဗုဒ္ဓစာပေ ကျမ်းဂန်များ အတော်အတန် တတ်မြောက်ခဲ့သည့်ပြင် လေးချိုး၊ ကဗျာ၊ လင်္ကာ၊ ပျို့၊ ရတု၊ ဧချင်း၊ မော်ကွန်းများကိုလည်း ကောင်းစွာ ဖွဲ့ဆို ရေးသာနိုင်ခဲ့ပါသည်။
သက္ကရာဇ် ၁၂၂၅ ခုနှစ်ဦးပိုင်း အသက် ၂၂ နှစ်အရွယ်တွင် ဆရာရင်းဖြစ်သူ ဆရာတော် ရှင်နန္ဒမဉ္ဇူ၏ တိုက်တွန်းမှူကို လက်ခံ၍ ရဟန်းပြုတော်မူသည်။ ရဟန်းဘွဲ့တော်မှာ ဇဝနပင် ဖြစ်သည်။ မြန်မာ သက္ကရာဇ် ၁၂၈၈ ခုတွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်တွင် ပိဋကတ် စာပေများကို ဆက်လက် လေ့လာ ဆည်းပူးခဲ့သည်။ ထိုနောက် မန်လည်မြို့သို့ ပြန်လည့် ကရောက်တော်မူပြီး မြို့ဝန်ဦးပု ဆောက်လုပ် လှူဒါန်းသည့် သမန္တပါသာဒီက မဟာဝိဟာရပြသာဒ် ကျောင်းတော်ကြီးတွင် သီတင်းသုံး နေထိုင်လျက် ပိဋကတ် ကျမ်းစာများကို သာမက စာပေ လင်္ကာ ပျို့ ကဗျာကျမ်းများ၊ ဇာတ်နိပါတ်၊ မဟာဝန်၊ ရာဇဝင်ကျမ်းများ၊ နက္ခတ်ဗေဒင်၊ အဂ္ဂိရပ်ကျမ်းများ၊ သာသန္တရကျမ်း၊ နီတိကျမ်းများကို လေ့လာ ဆည်းပူးခဲ့သည်။ ဉာဏ်ပညာ ဗီဇာကလည်း ထက်မြက်၊ ဝါသနာ အရင်းခံကလည်းရှိ၊ လုံ့လ ဝီရိယကလည်း ကြီးမားသည့် ဆရာတော်သည် စာပေ ကျမ်းဂန်များကို ပါရဂူမြောက်အောင် တတ်မြောက် ကျွမ်းကျင်ခဲ့သည်။ ဆရာတော်သည် စာပေ ကျမ်းဂန်များကို သာမက၊ ဘင်္ဂလီ၊ နာဂရီ၊ သီဟိုဠ် စသည် ဘာသန္တရကျမ်းများ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ သျှတ္တရကျမ်း၊ စစ်ချီစစ်တက် သေနင်္ဂဗျူဟာ ကျမ်းများကိုလည်း ဒိုးဒိုးဒေါက်ဒေါက် ပြောဆို ညွှန်ပြနိုင်တော်မူသော ပါရမီရှင် တဦးဖြစ်ပါသည်။ ဆရာတော်ကြီးသည် စာပေ ပိဋကတ် ကျမ်းများကိုလည်း စေတနာ ပြင်းပြ ထက်သန်စွာဖြင့် လုံ့လကြီးစွာ စိုက်ထုတ်ကာ စာသင် စာချ ဆောင်ရွက်တော်မူခဲ့သည်။
ဆရာတော်သည် ဗုဒ္ဓသာသနာ တည်တံ့ ထွန်းကား ပြန်ပွားရေးအတွက် မြန်မာနိုင်ငံ အရပ်ရပ်သို့ ကချီတော်မူ၍ တရားဒေသနာများ ဟောကြားခြင်း၊ စေတီပုထိုးများ တည်ထားလှူဒါန်းခြင်း၊ တပည့် ဒကာ ဒကာမတို့၏ မေးမြန်း လျှောက်ထားချက်များကို ပြန်လည် ဖြေကြားခြင်းဖြင့် သာသနာ ပြုခဲ့ပါသည်။
၁၂၈၁ ခုနှစ်တွင် မန္တလေး၊ စစ်ကိုင်းမြို့များမှ တဆင့် ပခုက္ကူပြည်၊ ဇလွန်၊ ပုသိမ်မြို့များသို့ ဧရာဝတီမြစ်တလျှောက် ရေလမ်းခရီးဖြင့် ကရောက်တော် မူခဲ့သည်။ ဆရာတော် ဘုရားကြီးသည် မင်းလှမြို့ (ပြည်ခရိုင်) တွင် လယ်တီ ဆရာတော် ဘုရားကြီးနှင့် တွေ့ဆုံ၍ နှစ်ပါးအတူ သီးသန့် မီးရထားဖြင့် ရန်ကုန်မြို့သို့ ဆက်လက့် ကချီတော်မူခဲ့ရာ ရန်ကုန်မြို့ အရောက်တွင် အမြောက် ၂၁ ချက် ပစ်ဖောက် အပူဇော်ခံရသည်။ ကီလီလမ်းမှ ပုဇွန်တောင် ညောင်တုန်းကျောင်းတိုက်သို့ ကားဖြင့် ကချီခဲ့ရာ လမ်းဘေးဝဲရာမှ ထောင်ပေါင်းများစွာသော ပရိသတ်ကြီးက သောင်းသောင်းဖြဖြ ကြိုဆို ပူဇော်ကြသည်။
ဆရာတော် ဘုရားကြီးသည် ကသာမြို့ မိမိ နေရပ်ဖြစ်သော မန်လည်မြို့တွင် စေတီတော်များ တည်ထားခဲ့သည်။ အိန္ဒိယနိုင်ငံ လက်ခနောင်းမြို့ ပြတိုက်မှူး ဒေါက်တာ အေဖြူရာထံမှ လက်ခံ ရရှိတော်မူခဲ့သော ဗုဒ္ဓအံတော် တဆူကိုလည်း မန်လည်မြို့ပြသာဒ် ကျောင်းကြီးဝင်း အတွင်း ၁၂၅၄ ခုနှစ်က တည်ထားခဲ့သော ဉာဏ်တော် ၇၈ တောင်ရှိ မဟာအဘယစူဠာမုနိ စေတီတော် အနောက်မုခ်တွင် ၁၂၈၁ ခုနှစ်၊ ပြာသိုလ၌ ဌာပနာတော် မူခဲ့သည်။ (ထိုဗုဒ္ဓအံတော်မှာ ကပိလဝတ်ပြည် ဆထူပု စေတီတော် အတွင်းမှ ရရှိခြင်းဖြစ်ပြီး နာဂရီစာဖြင့် ရေးသား မှတ်တမ်း တင်ထားသော ဗုဒ္ဓအံတော်အစစ် (ဗုဒ္ဓဒန္တ) ဖြစ်တော်မူသည်။)
ထိုသို့ ဘာသာအကျိုး၊ သာသနာအကျိုးကို စိတ်ရောကိုယ်ပါ ပြောင်မြောက်စွာ ထမ်းဆောင်တော်မူနိုင်ခြင်း၊ ဗုဒ္ဓစာပေ ကျမ်းဂန်နှင့် စာပေ ဗဟုသုတကို တဖက်ကမ်းရောက်အောင် တတ်မြောက်တော် မူနိုင်ခြင်းကြောင့် အင်္ဂလိပ် အစိုးရသည် (မြန်မာသက္ကရာဇ် ၁၂၇၉ ခု) ခရစ်နှစ် ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်ခဲ့သည်။
ဤသို့ ဂန္တန္တရ၊ ဘာသန္တရ၊ ဒေသန္တရ ဗဟုသုတ ရတနာတိုက်ကြီး သဖွယ် ဖြစ်တော်မူသော၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ပါဠိပါရဂူ ကျမ်းပြု ပညာရှိ ကဝိတဆူ ဖြစ်တော်မူသော ကျေးဇူးရှင် မန်လည် ဆရာတော် ဘုရားကြီးသည် အောက်မြန်မာပြည် သာသနာပြု ခရီးမှ အပြန် ၁၂၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်၊ သက်တော် ၇၉ နှစ်၊ ဝါတော် ၅၆ ဝါတွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။ အံ့သြဖွယ်ရာ ထူးခြားမှုတရပ်မှာ ဆရာတော် ဘုရားကြီး၏့ ကင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်သည် ပုပ်သိုးပျက်စီးခြင်း မရှိဘဲ ရုပ်ကလာပ်တော်ကို အုပ်ပြသာဒ်ကြီးထဲ၌ ထည့်သွင်း ပူဇော်ခဲ့ပါသည်။ ဆရာတော်ကြီး၏ မပုပ်မသို့း ကင်းကျန်ခဲ့သော ရုပ်ကလာပ်ကို မန်လည်မြို့တွင် ယနေ့တိုင် ဖူးတွေ့ ကြည်ညိုနိုင်ပါသည်။
ဆရာတော် ဘုရားကြီး၏ လက်ရာ စာပေ အမြုတေများထဲမှ အထူးကောင်းမွန် ထင်ရှားသော ကျမ်းစာများ ဖြစ်သော အောက်ပါ ကျမ်းစာများကို နှောင်းခေတ် ပညာရှင်တို့က မှတ်တမ်း တင်ခဲ့ကြပါသည်။
၁။ ပဉ္စစတ္တာလီသ ပုစ္ဆာဝိသဇ္ဇနာကျမ်း
၂။ သတပဒီက ပုစ္ဆာသဇ္ဇနာကျမ်း
၃။ ဝဇီရဂ္ဂဒိဌ ဝိသောဓနကျမ်း
၎။ ဂတိဝိသောဓနကျမ်း
၅။ ဝဇီ ရူပမ ဗျာကရဏကျမ်း
၆။ ဝဇီရုတ္တရ ပကာသဏီကျမ်း
၇။ ကစ္ဆာယန သုသုဟာရကပါဌ်
၈။ ကစ္ဆာယန သုသုဟာရကပါဌ် နိဿယကျမ်း
၉။ ဝဇီရဥာဏဝန္ဒနာ စသော ဘုရားရှိခိုးအမျိုးမျိုး
၁၀။ မဏိဇောတိက ဝိသဇ္ဇနာကျမ်း
၁၁။ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
၁၂။ မင်္ဂလာရတုပေါင်းချုပ်
၁၃။ အလမႝူတကျမ်း
၁၄။ ပုစ္ဆာဝိသဇ္ဇာကျမ်း
၁၅။ သိမဝိစာရဏကျမ်း
၁၆။ ကမ္မဌာန်းကျမ်း
၁၇။ ဖုဿတ္တေရ ဂါထာပါဌ်နိဿယကျမ်း
၁၈။ သာမည ဖလသုတ်ပါဠိတော် နိဿယကျမ်း
၁၉။ ဂီရိမာနန္ဒသုတ် ပါဌ်နိဿယကျမ်း
၂၀။ ဒသသီလဝဇီရဂ္ဂနိဈကျမ်း
၂၁။ ကဗျာသာရနိ ဿယခေါ်ဘုန်းကြီးပြန်ငိုချင်း
၂၂။ ပဒုမောဝါဒကထာ
၂၃။ ကုသိမောဝါဒကထာ
၂၄။ ဆန်းသံခိပ်
၂၅။ ဥဿယဝါဒိက သိက္ခာပဒဝိနိဈယ
၂၆။ သန္တိပမာဏကျမ်း
၂၇။ ပညာဝီမံသနကထာကျမ်းတို့ ဖြစ်ပါသည်။
ကိုးကား
- 'နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)'၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုသည်၊ ရွှေဟင်္သာ စာအုပ်တိုက်၊ ၂၀၀၆ နိုဝင်ဘာ၊ ပထမအကြိမ်
ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့်
ကျေးဇူးဆပ်နိုင်ကြပါစေ....ကုဒိုလ်ဒါနပြုနိုင်ကြပါစေ...
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co
0 comments:
Post a Comment