Monday, March 11, 2013

အာဆင်နယ် ၇-၃ နယူးကာဆယ်

ဝဲလ်ကော့ရဲ့ ဟတ်ထရစ်နှင့် အမ်းမရိတ် ဂိုးသွင်းပြိုင်ပွဲ # အာဆင်နယ် ၇-၃ နယူးကာဆယ်

 
ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ၏ စနေနေ့ည နောက်ကျ ပွဲစဉ် အဖြစ် အာဆင်နယ် အသင်းသည် နယူးကာဆယ် အသင်းအား အိမ်ကွင်း အမ်းမရိတ်တွင် လက်ခံ ကစားခဲ့ရသည်။ ယနေ့ပွဲတွင် အာဆင်နယ် အသင်း၏ တိုက်စစ် ပြောင်းလဲမှုများ အလုပ်ဖြစ်ခဲ့ပြီး နယူးကာဆယ် အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ နယူးကာဆယ် အသင်းဖက်မှ ဘား၏ သွင်းဂိုး နှစ်ဂိုး၊ မားဗောက်စ်၏ ဂိုးတို့ဖြင့် ၃ ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့သော်လည်း အိမ်ရှင် အာဆင်နယ်အသင်းက (၇) ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ အနိုင်ရလဒ် ဖန်တီးနိုင်ခဲ့သည်။ အိမ်ရှင် အတွက် ဂိုးများကို ဂီယော့ဒ် က (၂) ဂိုး၊ ပိုဒေါစကီးနှင့် ချမ်ဘာလိန် တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြပြီး တိုက်စစ်မှုးအဖြစ် ကစားခဲ့သည့် ဝဲလ်ကော့ ဟတ်ထရစ် ရယူနိုင်ခဲ့သည်။
အိမ်ရှင် အာဆင်နယ် တွင် တိုက်စစ်မှုး အဖြစ် ဝဲလ်ကော့ကို ကစားစေခဲ့ပြီး ပိုဒေါစကီး၊ ချမ်ဘာလိန် တို့နှင့် တွဲပေးခဲ့သည်။ ကွင်းလယ်တွင် အာတီတာ၊ ဝီလ်ရှီးယား၊ ကာဇိုလာ တို့ကို အပြောင်းအလဲ မလုပ်ခဲ့ပဲ ခံစစ်၌ ဂိုးသမား ဆက်ဇက်နီအား ဆက်နာ၊ ကိုစီရယ်နီ၊ ဗာမယ်လန် ဂစ်ဘ် တို့ဖြင့် ကာကွယ်စေခဲ့သည်။ ဧည့်သည် နယူးကာဆယ် တွင်တော့ တိုက်စစ်မှုး ဘားနှင့် ဆစ်ဆီ ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှ အိုဘာတန်၊ တီအိုတီ၊ ဘီဂီရီမာနာ၊ မားဗောက်စ် တို့ဖြင့် ပံ့ပိုးစေခဲ့သည်။ ခံစစ်၌ ကိုစီရယ်နီ၊ ဆင်ဆမ်၊ ပါ့ခ်ျ၊ ဆန်တန် တို့အား ဂိုးသမား ကရူးလ်ကို ကာကွယ်စေခဲ့သည်။
ယနေ့ပွဲတွင်တော့ နှစ်သင်းလုံး တန်ပြန် တိုက်စစ်ကို အားပြု ကစားခဲ့ပြီး ပွဲစကတည်းက ဂိုးသွင်းခွင့်များ အပြိုင်အဆိုင် ဖန်တီးခဲ့ကြ၍ ကြည့်ရ မြိုင်ဆိုင်ခဲ့သည်။ အာဆင်နယ် အသင်း၏ တိုက်စစ်မှုး အဖြစ် ဝဲလ်ကော့ကို ကစားစေခဲ့သည့် နည်းဗျူဟာ အလုပ် ဖြစ်ခဲ့သည်ကို တွေ့ရပြီး ကွင်းလယ် ဖန်တီးမှုများဖြင့် အင်္ဂလန် ကစားသမား ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ပွဲချိန် အစပိုင်းတွင် နယူးကာဆယ် အသင်းသည် ကွင်းလယ် ကစားအားကို အားပြုခဲ့ကာ ခံစစ်လူများ တိုက်စစ် လိုက်ပါမှု နည်းခဲ့၍ အာဆင်နယ် အပိုင် ဂိုးသွင်းခွင့်များ အရနည်းခဲ့သည်။ သို့သော်လည်း ပွဲချိန် (၁၀) မိနစ် နောက်ပိုင်းတွင် အာဆင်နယ် အသင်း၏ ကွင်းလယ်တိုက်စစ် ပိုမို ကောင်းမွန်လာခဲ့သောကြောင့် ဧည့်သည် အသင်း၏ ခံစစ်ကို ဆက်တိုက် ဖိအားပေးနိုင်ခဲ့သည်။
ပွဲချိန် မိနစ် (၂၀) အပြည့်တွင် အာဆင်နယ် အသင်း တန်ပြန် တိုက်စစ်မှ တဆင့် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကိုတော့ ဘယ်တောင်ပံ တိုက်စစ်မှုးအဖြစ် ကစားခဲ့သည့် ပိုဒေါစကီး၏ ဖန်တီးပေးပို့မှုမှ တဆင့် သီယိုဝဲလ်ကော့ က လူကျွံထောင်ချောက်ကို ဖောက်ထွက်၍ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ဂိုးဧရိယာထဲထိ ဆွဲဝင်ခဲ့ပြီး ဂိုးတိုင် အဝေးထောင့်သို့ ကန်သွင်းယူခဲ့သည့် ဝဲလ်ကော့၏ ကန်သွင်းချက် တိကျသေသပ် ခဲ့၍ နယူးဂိုးသမား ကရူးလ် ကာကွယ်မှု မပြုလုပ်နိုင်ခဲ့ချေ။ ဦးဆောင်ဂိုး ရပြီးနောက်တွင် အာဆင်နယ် အသင်း၏ ကစားပုံ ပိုမို ကောင်းမွန်လာခဲ့ကာ နယူးကာဆယ် အသင်းကို အချိန်ပြည့် ဖိအားပေးနိုင်ခဲ့သည်။ ပွဲချိန် (၃၄) မိနစ်တွင် အာဆင်နယ် အသင်း ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်မလို ဖြစ်ခဲ့သေးသည်။ နယူးကာဆယ် နောက်ခံလူများအကြားမှ လှည့်ထွက်၍ ဦးဆောင်ဂိုး သွင်းယူထားသူ ဝဲလ်ကော့ ဂိုးသမားနှင့် တစ်ဦးခြင်း ပိတ်သွင်းယူခဲ့ရာတွင် တွမ်ကရူးလ် ကာကွယ်နိုင်ခဲ့သည်။
ပထမပိုင်း နောက်ပိုင်း မိနစ်များတွင်တော့ ဧည့်သည် နယူးကာဆယ် အသင်း၏ ကစားပုံ ပြောင်းလဲလာခဲ့ကာ ချေပဂိုးရယူရန် တိုက်စစ်ဆင် ကစားလာနိုင်ခဲ့သည်။ ပွဲချိန် (၃၉) မိနစ်တွင် ကွင်းလယ်လူ တီအိုတီ ကွင်းလယ် မှ တဆင့် အဝေးကန်ချက် ပြင်းပြင်းဖြင့် ချေပဂိုး ရယူရန် ကြိုးစားခဲ့မှု ကောင်းမွန် ခဲ့ပေမယ့် ဆက်ဇက်နီ လက်စွမ်းပြ ပုတ်ထုတ် ခဲ့သဖြင့် အိမ်ရှင် အသင်း သက်သာရာ ရခဲ့သည်။ အာဆင်နယ် အသင်းသည် နယူးကာဆယ် အသင်း ဘောလုံးပျက်ချိန်တိုင်း လျင်မြန်သည့် တန်ုပြန် တိုက်စစ်များ ဖန်တီးနိုင်ခဲ့သည်ကို တွေ့ခဲ့ရပေမယ့် Final Pass များ လွဲချော်နေခဲ့သဖြင့် အပိုင် ဂိုးသွင်းခွင့်များ ဆုံးရှုံးခဲ့ရသည်။ ပွဲချိန် (၄၃) မိနစ်တွင်တော့ နယူးကာဆယ် အသင်း ချေပဂိုး သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးကိုတော့ တိုက်စစ်မှုး ဘား က အလွတ်တည် ကန်ဘောမှ တဆင့် တိုက်ရိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဘား၏ ကန်သွင်းချက် ကို ဝီလ်ရှိုင်းယား ပိတ်ဆို့ တားဆီးရန် ကြိုးစားခဲ့ရာတွင် လမ်းကြောင်းပြောင်းပေး ခဲ့သလို ဖြစ်ခဲ့တာကြောင့် ဆက်ဇက်နီ ကာကွယ်နိုင်ခြင်း မရှိခဲ့ချေ။ ပထမပိုင်း ပြီးဆုံးကာနီးတွင်လည်း ဧည့်သည် နယူးကာဆယ် အသင်း တန်ပြန် တိုက်စစ်မှတဆင့် ဦးဆောင်ဂိုး ရခဲ့မလို ဖြစ်ခဲ့သေးသည်။ ကွင်းလယ်လူ ဘီဂီရီမာနာ အဝေးကန်ချက် ပြင်းပြင်းဖြင့် ကန်သွင်းမှု ဆက်ဇက်နီ လက်စွမ်းပြ ပုတ်ထုတ်ခဲ့တာကြောင့် အိမ်ရှင်တို့ ထောင့်ကန်ဘောသာ ပေးခဲ့ရသည်။
ပွဲချိန် ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံး လူအပြောင်းအလဲ မရှိ ကစားခဲ့ကြသည်။ ပွဲအစမိနစ် မှာပင် အာဆင်နယ် အသင်း ဦးဆောင်ဂိုး ရရန် နီးစပ်ခဲ့သည်။ ကာဇိုလာ၊ ပိုဒေါစကီး တို့၏ တိုက်စစ်အတွဲမှ တဆင့် တိုက်စစ်လိုက်ပါလာသည့် နောက်ခံလူ ကီရန်ဂစ်ဘ် ဂိုးသမားနှင့် တစ်ဦးခြင်း ကန်သွင်းရန် ကြိုးစားခဲ့ရာ ကရူးလ် ကာကွယ်သွားခဲ့သဖြင့် ဂိုးမဖြစ်ခဲ့ချေ။ သို့သော်လည်း ပွဲချိန် မိနစ် (၅၀) တွင် အိမ်ရှင် အသင်း ဦးဆောင်ဂိုး ရခဲ့သည်။ ယင်းဂိုးကို တော့ ကာဇိုလာ၏ ပေးပို့မှုမှ တဆင့် လူငယ် ကစားသမား ချမ်ဘာလိန် ဂိုးဧရိယာ ထိပ်မှ တဆင့် အနိမ့်ဘော ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ဦးဆောင်ဂိုး သွင်းခံလိုက်ရသည့် နောက်တွင်တော့ နယူးကာဆယ် အသင်းသည် တိုက်စစ်ကို ပိုမို အားပြုလာခဲ့ပြီး ချေပဂိုး ရရန် တိုက်စစ်ဆင် ကစားနိုင်ခဲ့သည်။ ယင်းအချိန်တွင် အိမ်ရှင် အသင်း တန်ပြန် တိုက်စစ်ဆင်ခွင့်များ မကြာခဏ ရရှိခဲ့သော်လည်း ဝဲလ်ကော့ တကိုယ်ကောင်းဆန် နေခဲ့သဖြင့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။
ပွဲချိန် (၅၈) မိနစ်တွင် နယူးကာဆယ် အသင်း ချေပဂိုး ရခဲ့သည်။ ယင်းဂိုးကိုတော့ ဘယ်တောင်ပံ ကစားသမား အိုဘာတန်၏ ဖန်တီးမှုမှ တဆင့် မားဗောက်စ် က ဂိုးသမား မရှိတော့သည့် ဂိုးပေါက်ကို အပိုင် အဆုံးသတ် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အကြိမ် ခြေပဂိုး ပေးလိုက်ရ၍ အိမ်ရှင် အသင်း တိုက်စစ် ဖွင့်ကစားခဲ့ကာ ပွဲချိန် (၆၁) မိနစ်တွင် ကာဇိုလာ ဂိုးဧရိယာ ထိပ်မှ အမှတ်မထင် ကန်သွင်းမှု ကောင်းမွန် ခဲ့ပေမယ့် ကရူးလ် လက်စွမ်းပြ ကာကွယ်ခဲ့သဖြင့် ထောင့်ကန်ဘောဖြင့်သာ ကျေနပ်ခဲ့ရသည်။ ထို့နောက် (၃) မိနစ် အကြာတွင် အာဆင်နယ် အသင်း ဂိုးရရှိခဲ့သည်။ ဝီလ်ရှိုင်းယား၏ ခြေစွမ်းပြ ဖန်တီးမှုကို ကိုလော့စီနီ ခေါင်းတိုက် ဖျက်ထုတ်ခဲ့ပေမယ့် ပိုဒေါစကီးက အခွင့်အရေးကို အသုံးချနိုင်ခဲ့ကာ အသာအယာ ဂိုးသွင်းယူခဲ့သည်။ အာဆင်နယ် အသင်း၏ ဦးဆောင်ဂိုး ပွဲချိန် (၄) မိနစ်သာ ခံခဲ့ပြီး နယူးကာဆယ် အသင်း၏ ချေပဂိုး သွင်းယူမှုကို ခွင့်ပြုခဲ့ရသည်။ ယင်းဂိုးကိုတော့ မားဗောက်စ်၏ ဖန်တီးမှုမှ တဆင့် တိုက်စစ်မှုး ဘားက အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။ ယခုဂိုးသည် မားဗောက်စ်၏ ဖန်တီးမှု ကောင်းမွန်သည်ထက် အာဆင်နယ် ခံစစ်လူ ကီရန်ဂစ်ဘ်၏ မှားယွင်းမှု က ပိုမို သိသာခဲ့ပြီး ၎င်း၏ အားနည်းမှုကြောင့်သာ ဘား ဂိုးသွင်းယူနိုင် ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပွဲချိန် (၇၂) မိနစ်တွင် အာဆင်နယ် အသင်း တိုက်စစ်မှုး ဝဲလ်ကော့ က အိမ်ရှင် အသင်းအတွက် ဖိအားလျော့နည်းစေသည့် ဂိုးသွင်းယူ ခဲ့ပြီး ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ကီရန်ဂစ်ဘ်၏ တိုက်စစ် လိုက်ပါ ဖန်တီးမှုကို ဝဲလ်ကော့ က ဂိုးဧရိယာ ထဲတွင် အပိုင် ထိန်းယူခဲ့ပြီး ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်ပိုင်း မိနစ် များတွင် နှစ်သင်းလုံး လူစားလဲမှု များ ပြုလုပ်ခဲ့ကြပြီး ပွဲကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြသည်။ အာဆင်နယ် အသင်းဘက်မှ ဂီယော့ဒ်နှင့် ရမ်ဆေး တို့ ဝင်ရောက်လာခဲ့ကာ နယူးကာဆယ် အသင်းဖက်မှ အမီယိုဘီ ကို ထည့်သွင်းခဲ့သည်။ ပွဲချိန် မိနစ် (၈၀) နောက်ပိုင်းတွင် အာဆင်နယ် အသင်းဖက်မှ အနိုင်သေချာစေမည့် ဂိုးများကို သွင်းယူနိုင်ခဲ့ကြသည်။ ပွဲချိန် (၈၄) မိနစ်နှင့် ပွဲချိန် (၈၇) မိနစ်တို့တွင် ဝဲလ်ကော့၏ ဖန်တီးမှုများမှ ပင် ဂီယော့ဒ်က ဂိုးနှစ်ဂိုး ဆက်တိုက် သွင်းခဲ့၍ အိမ်ရှင်တို့ ၆ ဂိုး ၃ ဂိုးနှင့် အနိုင်ရနေခဲ့သည်။ ပွဲချိန် အပိုဆောင်း မိနစ်တွင် အိမ်ရှင် အသင်းအတွက် ခြေစွမ်းပြနေသည့် ဝဲလ်ကော့ က ၎င်းအတွက် ဟတ်ထရစ်ဂိုး ဆက်လက် သွင်းယူခဲ့၍ နယူးကာဆယ် အသင်းအား ၇ဂိုး ၃ဂိုးဖြင့် အာဆင်နယ် အသင်းအနိုင် ရရှိခဲ့သည်။ ပွဲပြီးဆုံးကာနီး နောက်ဆုံး မိနစ်တွင် ဂီယော့ဒ် ဟတ်ထရစ် ရယူနိုင်မည့် အခြေအနေ ရရှိခဲ့သော်လည်း ဂိုးသမားမရှိသည့် ဂိုးပေါက်ကို ပိတ်သွင်းခဲ့ရာတွင် ဂိုးဘားတန်း မှန်သွားခဲ့၍ ဟတ်ထရစ်နှင့် လွဲချော် ခဲ့ရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management