Sunday, March 10, 2013

ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီး သမိုင်း (၁)

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး
မြိတ်မြို့
သမိုင်းအကျဉ်း
တနင်္သာရီတိုင်း၏မြို့တော် မြိတ်မြို့သို့အ၀င် မျက်နှာစာတွင်ရှိသော ပထော်ကျေးရွာ၊ ပထက်တောင်ကမ်းခြေတွင် တည်ဆောင်ထားသည့် အတုလရံသီ ရွှေသာလျောင်းဘုရား ဆင်းတုတော်ကြီးသည် ညဏ်တော်အားဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးစာရင်းဝင်ဖြစ်၍ ခေါင်းပွသံကူကွန်ကရစ် တည်ဆောက်ပုံနည်းစနစ်အရ တစ်ဆူတည်းသာရှိသေးသော ဆင်းတုတော်ကြီးဖြစ်ပေးသည်။
လျောင်းတော်မူလေးမျိုး
လျောင်းတော်မူ ရုပ်ပွားတော်များ တည်ထားသည့် ဦးခေါင်းပြုရာ အရပ်မျက်နှာကို အကြောင်းပြု၍ လျောင်းတော်မူရုပ်ပွားတော် လေးမျိုးကွဲပြားကြောင်း မှတ်သားရပါသည်။
“အရှေ့ပေါင်းလောင်းတောင်သာလျောင်းအနောက်စောင်းတန်းနေရဗန် မြောက် ပရိနိဗ္ဗာန်”
တစ်နည်း
“အရှေ့ရှင်မင်း တောင်ခွင်သာလျောင်း အနောက်ပေါင်းလဲ မြောက်ထဲပရိနိဗ္ဗာန်”
(က) အရှေ့အရပ်ကို ဦးခေါင်းပြုသော လျောင်းတော်မူဘုရားသည် မဟာဂရုဏာသမာပတ်၊                နိရောဓသမာပတ် ၀င်စားတော်မူဟန် ဖြစ်ပါသည်။
(ခ) တောင်အရပ်သို့ ဦးခေါင်းပြုသော လျောင်းတော်မူဘုရားသည် နိရောဓသမာပတ်၊ ဖလသမာပတ်နှင့် ဧည့်ခံတော်မူဟန် ဖြစ်ပါသည်။
(ဂ) အနောက်အရပ်သို့ ဦးခေါင်းပြုသော လျောင်းတော်မူဘုရားသည် နိဗ္ဗာန်သို့ အာရုံပြု၍ နိရောဓသမာပတ်ဝင်စားတော်မူဟန်ဖြစ်ပါသည်။
(ဃ) မြောက်အရပ်သို့ ဦးခေါင်းပြုသောအနေအထားသည် ပရိနိဗ္ဗာန်ဝင် စံတော်မူဟန် ဖြစ်ပါသည်။
မြိတ်မြို့၊ ပထက်တောင် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးမှာ တောင်အရပ်သို့ ဦးခေါင်းပြု၍ မြိတ်မြို့ကို ရှုစားလျက် သမာပတ်ဝင်စားတော်မူဟန် ဖြစ်ပါသည်။

မြန်မာနိုင်ငံလျောင်းတော်မူဘုရားကြီးများ
စဉ်      ဘုရားကြီးဘွဲ့တော်၊မြို့                                       ညဏ်တော်               စတည်ခုနှစ်
၁။       ဟင်္သာတမြို့၊ နတ်မော်လောကဥသျှောင်ဘုရားကြီး     ၁၆၈တောင်              ၁၂၇၁ ခုနှစ်
၂။       ထားဝယ်မြို့၊ လောကသရဖူဘုရားကြီး                    ၁၆၂တောင်              ၁၂၉၃ ခုနှစ်
၃။       မြိတ်မြို့၊ အတုလရံသီရွှေသာလျောင်းဘုရားကြီး         ၁၄၄တောင်              ၁၃၁၇ ခုနှစ်
၎။       ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးရုပ်ရှင်တော်မြတ်            ၁၄၄တောင်              ၁၃၂၈ ခုနှစ်
၅။       ပဲခူးမြို့၊ ရှင်ပင်သာလျောင်းဘုရားကြီး                     ၁၂၀တောင်              ၃၅၆ ခုနှစ်
          မြိတ်မြို့၊ ပထက်တောင် အတုလရံသီဘုရားကြီးနှင့် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးမှာ မြိတ်ဇာတိဖွား ပန်းပုဆရာကြီး ဦးသောင်း တစ်ဦးတည်းလက်ရာဖြစ်၍ မြိုတ်မြို့၊ ဘုရားကြီးကိုတည်ဆောက်ပြီး (၁၁)နှစ်အကြာမှ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကို တည်ဆောက်ခဲ့ခြင်းဖြစ်လေသည်။
          ယခုအခါ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဗောတိတစ်ထောင် လျောင်းတော်မူဘုရားကြီးတစ်ဆူကို တည်ဆောက်ပြီးသည့်အပြင် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာတွင်လည်း ၀င်းစိန်ဆရာတော်ကြီး ဘဒ္ဒန္တကေသရ ဦးဆောင်၍ ဇိနသုခရန်အောင်ချမ်းသာ လျောင်းတော်မူဘုရားကြီးတစ်ဆူကို တည်ဆောက်လျက်ရှိရာ ပြီးစီးပါက အတောင်(၄၀၀)ရှိမည်ဖြစ်ကြောင်း သိရပါသဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဘုရားကြီး ဖြစ်လာနိုင်ပါသည်။
ပထက်တောင် အတုလရံသီရွှေသာလျောင်းဘုရားကြီး
          ရှေးအခါက မဏိစည်သူမင်းကြီး ဖောင်တော်နှင့် နိုင်ငံတ၀ှမ်း တိုင်းခမ်းလည့်လည်တော်မူစဉ် ဖောင်တော်ကြီးထစ်တန့်၍ ရပ်နေခဲ့သောနေရာဖြစ်ခဲ့၍ ဖောင်တောင်ထစ်တောင်ဟု ခေါ်တွင်စေပြီး၊ တောင်ပေါ်တွင် စေတီတစ်ဆူ တည်ထားခဲ့သည်ကို အကြောင်းပြု၍ ရှေးအခါက “ဖောင်ထစ်တောင်”ဟု ခေါ်ဝေါ်ခဲ့ရာမှ ကာလရွှေ့လျောသောအခါ “ပထက်တောင်” ဟု အမည်တွင်ခဲ့ကြောင်း အဆိုရှိခဲ့ပါသည်။
                ထိုမှတစ်ဖန် ၁၉၂၃-၂၄ ခုနှစ်တွင် ပထက်တောင်ကို မိုင်းခွဲ၍ ကျောက်များထုတ်ယူပြီး (၇)ဖာလုံခန့်ရှိသော မြိတ်မြို့၏ကမ်းနားလမ်းကို ကျောက်တန်းဆည်၍ တည်ဆောက်လိုက်သောအခါ မြိတ်ဆိပ်ကမ်းသည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့တိုင် ဂုဏ်သတင်းကျော်ကြားခဲ့သည်အထိ လှပတင့်တယ်စေခဲ့ပြီး၊ ပထက်တောင်ကမ်းခြေတွင်လည်း သမိုင်းတစ်ခေတ်တွင် ထင်ရှားလာမည့် ရွှေသာလျောင်းဘုရားကြီး တည်ဆောက်လာရန် ကမ်းခြေလွင်ပြင်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပါသည်။
          ဘာသာတရားကို ရိုသေလေးစားကြသော မြိတ်မြို့လူကြီးများ၏ ကြိုးပမ်းမှုကြောင့် ၁၃၁၇ခုနှစ်၊ ကဆုန်လဆန်း(၃)ရက်၊ (၉-၅-၁၉၅၅) တွင် မြေဧရိယာ(၂၁.၃၂)ဧကရှိသော မြိတ်မြို့သို့ မျက်နှာပြုသည့် ပထက်တောင်တော်တ၀ှမ်းလုံးကို နိုင်ငံတော်အစိုးရ၏ အခွန်လွတ်သာသနာမြေအဖြစ် အသိအမှတ်ပြု ရရှိခဲ့ပါသည်။
          ဤသို့ဖြင့် ၁၃၁၇ ခုနှစ်၊ နယုန်လဆန်း(၁၄)ရက်၊ (၄-၆-၁၉၅၅) စနေနေ့တွင် မြိတ်မြို့၊ တော်ကျောင်းဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးပဒုမ အမှူးပြုသော ဆရာတော်ကြီများ၊ ပထက်တောင်ကျောင်းဆရာတော် ဦးပဏ္ဍိစ္စ၊ မြိတ်ခရိုင်ဝန် ၀ဏ္ဏကျော်ထင် ဦးမြခင်၊ သာသနာရေး အရာရှိ ဦးဘချစ်နှင့် မြိတ်မြို့လူကြီးများက ပထက်တောင်ကမ်းခြေရင်ပြင်တွင် လျောင်းတော်မှုဘုရားကြီး တည်ဆောက်ရန် အုတ်မြစ်ချခဲ့ကြပါသည်။ တာဝန်ယူတည်ဆောက်ပေးသည့် ပန်းပုဆရာကြီးမှာ မြိတ်မြို့၊ သန်းဖိုရပ်၊ ပုလဲလမ်းနေ ဦးကြွယ်+ဒေါ်နှင်းရီး တို့၏သား ဦးသောင်းဖြစ်ပါသည်။
          ပထမအကျိုးဆောင်လူကြီးများဖြစ်ကြသော ဥက္ကဌ-ဦးသံကြူး၊ အတွင်းရေးမှူး-ဦးစံတိတ် ဦးဆောင်သည့် အဖွဲ့ဝင်(၆၆)ဦးပါဝင်သော တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် (၄-၆-၁၉၅၅ မှ ၃၁-၁-၁၉၇၀)ထိ (၁၅) နှစ်အတွင်း ဦးခေါင်းတော်နှင့်ကိုယ်လုံးတော်ပခုံးထိ ပြီးစီးခဲ့ပါသည်။ ဒုတိယပိုင်းဥက္ကဌ-ဦးပန်ယား၊ အတွင်းရေးမှူး-ဦးကျော်အေး ဦးဆောင်သည့် အမှုဆောင် (၁၅)ဦးနှင့် အဖွဲ့ဝင် အရပ်လူကြီး (၇၀)ပါဝင်သော အကျိုးဆောင်လူကြီးများလက်ထက်တွင် (၁-၂-၁၉၇၀ မှ ၃၁-၁-၁၉၈၂ ထိ) (၁၂)နှစ်အတွင်း ဥာဏ်တော် (၂၀၁ပေ၊ ၆လက်မ) ရှိ ကိုယ်လုံးတော် အဖြူထည် ပြီးစီးခဲ့ပါသည်။
          (၁-၇-၁၉၈၂)ရက်နေ့တွင် နာယကကြီး ဦးယုဆိုင်နှင့် ဦးကျော်စိန် ဦးဆောင်၍ တည်ဆောက်ရေးအဖွဲ့သစ်ကို တတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး၊ ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ စည်းမျဉ်းတစ်ရပ်ကို ရေးဆွဲကာ နိုင်ငံတော်သြ၀ါဒါစရိယ မြိတ်မြို့၊ ရွှေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလအား လျှောက်ထားတင်ပြ၍ သဲဃာတော်များ၊ မြို့လူကြီးများ၏ အတည်ပြုချက်ဖြင့် (၂-၁၂-၁၉၈၂)ရက်နေ့တွင် ပထမဆုံးအကြိမ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။
          ပထမအကြိမ် ပထက်တောင်ရွှေသာလျောင်းဘုရားကြီး ဂေါပကအဖွဲ့တွင် နိုင်ငံတော်သြ၀ါဒါစရိယရွှေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကေသရ ဦးဆောင်သော သြ၀ါဒါစရိယဆရာတော်ကြီး (၉)ပါး၊ ဦးကျော်စိန်၊ ဦးယုဆိုင်၊ ဦးဦးကြည် ဦးဆောင်သော နာယကကြီး(၈)ဦး၊ ဥက္ကဌ-ဦးချမ်းလှိုင် အတွင်းရေးမှုး-ဦးဘွန်ကြည်ပါဝင်သော အမှုဆောင်(၁၃)ဦးနှင့် ဂေါပကအဖွဲ့ဝင် အရပ်လူကြီး(၃၄)ဦး ပါဝင်ခဲ့ကြ၍ ပထမအကြိမ် ဂေါပကအဖွဲ့လက်ထက် (၂-၁၂-၁၉၈၂ မှ ၆-၆-၁၉၈၇ ထိ) ကာလအတွင်း (၂၆၀ ပေ x ၆၀ပေ)ရှိသော သံတန်ဆောင်းတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည့်အပြင် ကိုယ်လုံးတော် အကြမ်းထည် (၂၀၁ပေ ၊ ၆လက်မ) ရှိသော ဘုရားကြီး၏ခြေတော် အချိုးအစား၊ မညီမျှဖြစ်နေခြင်းအား ပန်ပုဆရာကြီး ဦးဟန်တင် ထုတ်လုပ်ပေးသည့် ပုံစံဒီဇိုင်းဖြင့် ဥာဏ်တော် (၂၁၆ပေ) ရှိ အချိုးအစားပြေပြစ်တင့်တယ်သည့် ဘုရားကြီးဖြစ်လာသည်အထိ ပြုပြင်မွမ်းမံ တည်ဆောက်နိုင်ခဲ့ပါသည်။
          ထို့နောက် (၇-၆-၁၉၈၇)ရက်နေ့တွင် သက်တမ်းကုန်ဆုံးသော ဂေါပကအဖွဲ့ကို ဒုတိယအကြိမ် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အဖြစ် ထပ်မံအတည်ပြု ဖွဲ့စည်းခဲ့ပြီး၊ ရွှေသာလျောင်းဘုရားကြီးကို အသားတော် ကျောက်သားတင်ခြင်း၊ ဆေးသား ရွှေသင်္ကန်တော်ကပ်လှူခြင်း၊ ဥုံဏလုံမွေရှင်တော် တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြရာ၊ ၁၃၅၁ ခုနှစ်၊ နယုန်လတွင် အပြင်ပိုင်း အလုံးစုံပြီးစီးခြင်းသို့ ရောက်ခဲ့ပါသည်။ ဤသို့ဖြင့် မိုးဒဏ်၊ လေဒဏ်ကို အကာအကွယ်ပေးမည့် တန်ဆောင်တော်ကြီးနှင့်တကွ အတုလရံသီဘွဲ့မည်တော်ရှိသည့် ရွှေသာလျောင်းဘုရားကြီး အလုံးစုံပြီးဆုံးခြင်းသို့ ရောက်ရှိသည့်အထိမ်းအမှတ်အဖြစ် ၁၃၅၁ ခုနှစ်၊ ၀ါဆိုလဆန်း(၇)ရက်နေ့တွင် ဗုဒ္ဓဘိသေကမင်္ဂလာအခမ်းအနား ကျင်းပပြီး၊ ဘုရားကြီး ဦးခေါင်းတော်ပြုရာ တောင်အရပ်တွင် ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသည့် ဗောဓိပင်ပျိုတစ်ပင်အား စိုက်ပျိုးလှူဒါန်းခဲ့ကြပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management