ရိုဟင်ဂျာဒုက္ခသည်ကို ထိုင်းစစ်တပ်က လူကုန်ကူးသူတွေဆီ ရောင်းချလို့ဆို
နောက်ဆုံးရေးသားချိန် 12 March 2013, 9:56 AEST
ရောင်းစားခံရသူတွေဟာ အလုပ်ကြမ်းတွေလုပ်ရပြီး ထွက်ပြေးလို့ ဖမ်းမိ ရင်လည်း နှိပ်စက် ခံနေရတယ်လို့ ပြောပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က စုံစမ်း စစ်ဆေးရေးတစ်ရပ် ပြုလုပ်ခဲ့ပေမယ့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာတွေကို လူကုန်ကူးသူတွေဆီ ရောင်းစားတာတွေ လုပ်ခဲ့တယ်ဆိုတာ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
တချိန်တည်းမှာပဲ လှေနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ထိုင်းအာဏာပိုင်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကတ်မြို့မြောက်ပိုင်း ပင်လယ်ပြင်မှာ ရိုဟင်ဂျာနှစ်ဦးရဲ့ ရုပ်အလောင်းကို မကယ်ထုတ်ခင် သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ထိုင်းရွာသားတွေက အေဘီစီကို ပြီးခဲ့တဲ့ တပတ်က ပြောပြပါတယ်။
ထိုင်းရွာသားတွေ ကယ်တင်ထားတဲ့ တခြားရိုဟင်ဂျာတွေရဲ့အဆိုအရ သူတို့ကို ထိုင်းအာဏာပိုင်တွေက လှေပေါ်ကနေ ဆွဲချခဲ့တဲ့အကြောင်း ထွက်ပြေးတဲ့အခါ သေနတ်နဲ့ လှမ်းပစ်ခတ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေကတော့ သေဆုံးသူတွေဟာ ရေနစ်ပြီး သေဆုံးတဲ့အကြောင်း ထိုင်းအာဏာပိုင်တွေအနေနဲ့ ထိုင်းနိုင်ငံထဲ ဝင်မလာဖို့ သတိပေးတဲ့အနေနဲ့ သေနတ်ပစ်တာမှန်ပေမယ့် လှေပြေးဒုက္ခသည်တွေကို ချိန်ပြီး ပစ်ခတ်တာတွေ မလုပ်ရဘူးလို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝကတော့ ထိုင်းအစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကို အားမပေးတဲ့အတွက် ဒီဖြစ်စဉ်ကို စုံစမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေ ခံစားရတဲ့အကြောင်းတွေကို အေဘီစီကိုပြောပြတဲ့ ရိုဟင်ဂျာတစ်ဦးလည်း ပျောက်ဆုံးနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်နေရတယ်လို့ ဒီသတင်းကို ပေးပို့တဲ့ အရှေ့တောင်အာရှဆိုင်ရာ အေဘီစီသတင်းထောက် Zoe Daniel က သတင်းပေးပို့ခဲ့ပါတယ်။
မလေးရှားရေပိုင်နက်ထဲ ဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာတွေကို မလေးရှားကယ်တင်
ရိုဟင်ဂျာတွေလို့ ယူဆရသူ လူပေါင်း ၁၃၆ ယောက်ကို မလေးရှားအာဏာပိုင်တွေက ကယ်တင်ထားကြောင်း သိရပါတယ်။
အဲဒီလူပေါင်း ၁၃၆ ယောက်က သူတို့အနေနဲ့ ပင်လယ်ထဲ မျောနေတာ ၂၅ ရက် ရှိပြီလို့ ပြောပြခဲ့ကြပြီး မလေးရှားအာဏာပိုင်တွေကလည်း လှေငယ်လေးမှာ လူတွေ မတန်တဆများပြားတာကို တွေ့ရတဲ့အကြောင်း၊ လှေက ပေါက်နေပြီး လှေပေါ်မှာ အစားအစာနဲ့ သောက်ရေတွေ ပါမလာကြတာကိုလည်း တွေ့ရတဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။
မလေးရှားနိုင်ငံ မြောက်ပိုင်း ပီနန် ပြည်နယ်နားမှာ လှေကို တွေ့ခဲ့တာဖြစ်ပြီး လှေပေါ်မှာ အနည်းဆုံး လူကြီး ၉၆ ယောက် နဲ့ ကလေးငယ်အယောက် ၄၀ ပါဝင်တယ်လို့ သိရပါတယ်။ လှေပေါ်ပါလာသူအားလုံးကို မလေးရှားနိုင်ငံ လူဝင်မှု ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းမှာဖြစ်ပါတယ်။
0 comments:
Post a Comment