Monday, March 11, 2013

လမ်းပတ်ကို အသင်းသစ် ရှာဖွေရန် အသိပေးလိုက်ပြီဖြစ်သော ချယ်လ်ဆီး

လမ်းပတ်ကို အသင်းသစ် ရှာဖွေရန် အသိပေးလိုက်ပြီဖြစ်သော ချယ်လ်ဆီး

 
အသင်းအတွက် သက်တော်ရှည် အမှုထမ်းကောင်း တစ်ဦး ဖြစ်ခဲ့သည့် ဖရန့်လမ်းပတ်ကို ချယ်လ်ဆီးဘက်မှ လမ်းခွဲစကား ဆိုခဲ့ပြီဟု သတင်းများက ဖော်ပြခဲ့ပြီးနောက် ယင်းကို မန်နေဂျာ ရာဖေး ဘင်နီတက်ဇ်ကလည်း အရိပ်အမြွက် ထောက်ခံလိုက်သည်။
အသင်းပရိသတ်အတွက် ဂန္ထဝင် တစ်ဦးအဖြစ် ရပ်တည်ပြခဲ့သော အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမားသည် ချယ်လ်ဆီးက အက်စတွန်ဗီလာကို (၈-၀)ဖြင့် အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ်တွင် (၂၅)ကိုက်အကွာမှ အားပါပြင်းထန်သော ကန်ချက်မျိုးဖြင့် ဂိုးသွင်းယူပြခဲ့သေးသည်။ သို့သော်လည်း အသက်(၃၄)နှစ်ရှိ ကစားသမား၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ အနာဂတ်သည် ယခုအခါ ဆုံးခန်းတိုင်သွားပြီဟု The Sunက ဖော်ထုတ်ခဲ့သည်။ ချယ်လ်ဆီးသည် ဇန်နဝါရီလ (၁)ရက်နေ့တွင် လမ်းပတ်အား အသင်းသစ် ရှာဖွေရန် အသိပေးလိုက်ကြောင်း သိရှိရသည်။
အသင်း၏ အတွင်းလူ တစ်ဦးက “လမ်းပတ်ဟာ လုံးဝကို စိတ်ပျက် တုန်လှုပ်သွားတယ်။ သူက ချယ်လ်ဆီးအတွက် ဆက်ကစားပေးချင်တာပါ။ ဒါပေမယ့် အသင်းကတော့ ဇန်နဝါရီမှာတင် သူ့ကို အသင်းသစ်ရှာဖို့ ပြောလိုက်တယ်။ ဒါကို သူမယုံဘူး ဖြစ်နေတယ်။ သူက ချယ်လ်ဆီးအတွက် အစွမ်းရှိသလောက် ကစားပေးနေချင်တာပါ။ ဒီကလပ်အသင်းဟာ သူ့အတွက် အရာအားလုံး အဓိပ္ပါယ် ရှိနေတာမျိုး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ချယ်လ်ဆီး အသင်း မန်နေဂျာ ရာဖေး ဘင်နီတက်ဇ်က ၎င်းသည် လမ်းပတ်နှင့် ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် The Sunတွင် ဖော်ပြထားသော သတင်း မှန်ကန်ကြောင်း ထောက်ခံသည့် သဘောမျိုး ပြောဆိုခဲ့သေးသည်။
The Sunက ယခုဖြစ်ရပ်သည် ချယ်လ်ဆီး၏ အကြင်နာ ကင်းမဲ့သော ရွေးချယ်မှုအဖြစ် ခေါင်းစဉ်တပ်ထားသည်။ လမ်းပတ်နှင့် နီးစပ်သူ တစ်ဦးက “သူဟာ ကလပ်ကို ကိုးကွယ်ရာ တစ်ခုလို ခင်တွယ်သူပါ။ အထူးသဖြင့် ပရိသတ်တွေကိုပေါ့။ သူ့ကစားသမား ဘဝကို စတမ်းဖို့ဒ် ဘရစ်ဂ်ျမှာ ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ချင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက သူ့ကို ခုလို ပစ်ပယ်လိုက်တာမျိုးကို လမ်းပတ်ခမျာ မယုံနိုင်လောက်အောင် ဖြစ်နေရတယ်။ ဗီလာနဲ့ပွဲမှာ သူ့ကစားပုံကို မြင်ခဲ့သူတိုင်း လမ်းပတ်ဟာ ချယ်လ်ဆီး ပထမအသင်းနဲ့ ထိုက်တန်ဆဲဆိုတာ တွေးမိပါလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။
ဘင်နီတက်ဇ်က “ကျွန်တော့် အတွက်ကတော့ ပြောရတာ လွယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ ကလပ်နဲ့ လမ်းပတ်ကြားက ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုပဲ ဖြစ်ပါတယ်။ လောလောဆယ် သူက အသင်းမှာ စာချုပ်ထားဆဲ ကစားသမားပါ။ ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့် အလုပ်ကတော့ သူအသင်းမှာ ရှိနေဆဲ အခြေအနေမှာ သူ့ဆီက အကောင်းဆုံးတွေကို ရနိုင်သမျှ ယူဆောင်ဖို့ ကြိုးစားရုံပါပဲ”ဟု မှတ်ချက်ပြုသွားခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management