ပန်းခင်းလမ်းပေါ်မှ လျှောက်လှမ်းခဲ့ပါ
ဘိက္ခုဓမ္မပိယ (USA)။ အောက်တိုဘာ
၂၆၊ ၃၀၂၂
ယခုရက်များအတွင်း
မြန်မာယဉ်ကျေးမှုနဲ့ မြန်မာ့ဓလေ့ထုံးစံများကို များများတွေးမိတယ်။ ကြီးကျယ်ခန်းနား
လှတဲ့ ကျောင်းတိုက်ကြီးတွေ၊ ရိပ်သာကြီးတွေကို တည်ထောင်သွားတော်မူကြတဲ့ ဆရာတော်ကြီးများအကြောင်း၊
သူတို့ မျှော်လင့်ခဲ့တဲ့ သူတို့ရဲ့အနာဂတ်ခရီး။ မြို့ပြပြည်ရွာများကို တည်ဆောက်သွားကြတဲ့
ရှင်ဘုရင်များနဲ့ နိုင်ငံခေါင်းဆောင် များအကြောင်း၊ သူတို့မျှော်လင့်ခဲ့တဲ့ သူတို့ရဲ့အနာဂတ်ခရီး-စတဲ့
အတွေးတွေက စုံနေတယ်။
ဖြစ်ရပ်စုံတဲ့ ဤလူဘုံမှာ တွေးမယ်ဆိုရင်
အတွေးတွေက တစ်မျှော်တစ်ခေါ်ကြီးဖြစ်မှာ။ ကြီးကျယ်ခမ်းနားထည်ဝါတဲ့ ကျောင်းတိုက်ကြီးများ၊
ရိပ်သာကြီးများကို တည်ထောင်သွားတော်မူကြတဲ့ ဆရာတော်ကြီးများရဲ့ အတွေးအမြင်တွေက ဘယ်သို့ရှိပါလိမ့်။
ဒီကျောင်းတိုက်ကြီးများ၊ ဒီရိပ်သာကြီးများရဲ့ အနာဂတ်အရေးတွေးကို ဆရာတော်ကြီးများ ဘယ်လိုစဉ်းစားကြပါလိမ့်။
သူတို့အတွက်ပေလော။ သာသနာတော်အတွက်ပေလော။ နောင်လာနောက်သားတွေအတွက်ပေလော။ စဉ်းစားမိလို့ပါ။
နောက်ပြီး သူတို့က ပန်းပျိုးသူတွေလား။ ပန်းခူးသူတွေလား။ စဉ်းစားကြည့်မိတယ်။
အတ္တနဲ့တိုက်တဲ့ တိုက်ပွဲ
လူတိုင်းရဲ့ဘ၀မှာ
လောကဓံဆိုတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ကြရတယ်။ ရှောင်ကွင်းမရလို့ ဒီတိုက်ပွဲတွေမှာ ပါဝင်
ဆင်နွှဲကြရတယ်။ လူ့ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့လောကဓံတွေ၊ ဘ၀အရေးနဲ့ ဆိုင်တဲ့လောကဓံတွေ၊ လွတ်လပ်မျှတမှုမရှိလို့
အခွင့်အရေးတွေတောင်းဆိုရတဲ့လောကဓံတွေ၊ အားရှိအားမဲ့ကြားမှာ အားပြိုင်ရတဲ့လောကဓံတွေ၊
ကိုယ်ကျင့်သိက္ခာနဲ့ ဆိုင်တဲ့လောကဓံတွေ၊ ရင်ဆိုင်ရတဲ့လောကဓံတိုက်ပွဲတွေက အများသား။ ဒီတိုက်ပွဲတွေမှာ
လူအတော်များများဟာ အားနဲ့၊ မာန်နဲ့၊ ဇွဲနဲ့၊ လုံးလနဲ့၊ ဘ၀တိုက်ပွဲတွေကို ဆင်နွဲခဲ့ကြလို့
အောင်ပွဲအလီလီ ခံနိုင်ခဲ့ကြတယ်။
နိုင်ငံရေး နယ်ပယ်မှာလဲ အကျဉ်းစံဟီရိုးများဟာ
နောက်ဆုံးမှာတော့ လွတ်မြောက်ခြင်းနဲ့ လွတ်လပ်ခြင်းဆိုတဲ့ အောင်ပွဲကို ခံယူနိုင်ခဲ့ကြတယ်။
ငယ်ရွယ်သူများမှာဆိုရင်လဲ ဂုဏ်တံတိုင်းတွေခြံရံထားပြီး
မာနတို့၊ အတ္တတို့ဆိုတဲ့ အစောင့်တွေ ထူထဲစွာချထားတဲ့ လူအဆင့်အတန်းလို့ဆိုနိုင်တဲ့ စံနန်းအိမ်ကြီးများကို
ကျော်ဖြတ်ပြီး ပိုင်ဆိုင်လိုသူကို ဇွတ်အတင်း ထုတ်ယူနိုင်ခဲ့တဲ့ စွန့်စားမှုမျိုးတွေဟာလဲ
လူငယ်လူရွယ်တို့ရဲ့ လူတန်းစားတိုက်ပွဲလို့ဆိုရမှာပဲ။
မိသားစုရှိသူများမှာ ဆိုရင်လဲ စံနန်းအိမ်ကြီးတွေနဲ့အပြိုင်
ကိုယ့်ရဲ့အိုးပိုင်၊ အိမ်ပိုင်တွေဖြစ်အောင် အံကိုခဲ၊ လက်များကို ခိုင်ခိုင်တွဲလျှက်
သားသမီးတွေရဲ့ ဘ၀ရှေ့ရေးအတွက် ဘ၀တိုက်ပွဲများကို မညီးမငြူ ဆင်နွှဲနိုင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့
သူတို့လဲ အောင်ပွဲအဆင့်ဆင့် ရခဲ့ကြတာပဲမဟုတ်လား။
တိုက်ပွဲတွေအလီလီ
အောင်နိုင်လာခဲ့ပြီး၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်စံနန်း(အိမ်)တွေနဲ့ အသီးသီးနေနိုင်
လာကြတဲ့အခါမှာတော့ သူတို့အာလုံး အရှုံးတွေနဲ့ ရင်ဆိုင်ကြရတော့တယ်။ ကိုယ်ပိုင်ဘ၀နဲ့ဆိုင်တဲ့
လောကဓံတိုက်ပွဲ တွေမှာ ရှုံးမှန်းမသိ ရှုံးကြရတော့တယ်။ အတ္တမာနရဲ့သားကောင်၊ တဏှာလောဘရဲ့ကျေးကျွန်တွေ
ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတော့တယ်။ ဒီအခါမျိုးမှာ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းတွေမရှိတော့ပဲ
အ၀ိဇ္ဇာရဲ့အမှောင်ထုအောက်မှာ မဟာသူရဲကောင်းကြီးတွေရဲ့ဘ၀ဟာ အချုပ်နှောင်ဘ၀တွေထဲ ရောက်မှန်းမသိ
ရောက်ကြရတော့တယ်။
ဟိုအရင် အခါများကဲ့သို့ မိမိမှာ အားအင်ရှိ၊
မရှိ စမ်းသပ်တဲ့အနေနဲ့ အတ္တဟိတ (ကိုယ့်ကျိုးစီးပွား) အကျိုးစီးပွားနဲ့ ပရဟိတ (သူတစ်ပါးအကျိုးစီးပွား)
အကျိုးစီးပွား ဒီစစ်ပွဲနှစ်ခုကို စိန်ခေါ်တိုက်ခိုက်ကြည့်တယ်။ ရှင်ဘုရင်ဆိုတွေလဲ ကျရှုံးတယ်။
တိုင်းပြည်ခေါင်းဆောင်ဆိုသူတွေ၊ တိုင်းပြည်ရဲ့ဟီးရိုးဆိုသူတွေ၊ အိမ်ရဲ့အရှင်သခင်ဆိုသူတွေအားလုံး
ဒီအတ္တစစ်ပွဲမှာပဲ ကျဆုံးခဲ့ကြရတယ်။ အရာအားလုံးဟာ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဖို့၊
ငါ့မိသားစုဖို့။ ထိုမှတစ်ပါး အခြားမရှိ နိုင်တော့ပြီမဟုတ်လား။ တခို့်မ်ားဆို ဒီစစ္ပဲြမို်းကို
ဆက်မတိုက်လိုတော့ပဲ ငါရှုံးပါပြီလို ကြွေးကျော်ပြီး၊ လုံးလုံးကြီးကို လက်နက်ချ၊ အရှုံးပေးလိုက်တော့တယ်။
တကယ်တော့ ပိုက်ကွန်တွင်းမှာ ဖမ်းမိနေတဲ့ငှက်များဥပမာလိုပဲ။
ပိုက်ကွန် တွင်းမှ လွတ်မြောက်နိုင်တဲ့ငှက်ဆိုတာ တစ်ကောင်စ၊ နှစ်ကောင်စလောက်သာ ရှိနိုင်သလို၊
အတ္တဟိတဆိုတဲ့စစ်ပွဲမှ လွတ်မြောက်နိုင်သူများဟာလဲ တစ်ယောက်စ၊ နှစ်ယောက်စပဲရှိပေလိမ့်မယ်။
မဟာသူရဲကောင်းကြီးတို့ရဲ့ ကျဆုံးချိန် ဆိုတာ ဒီအချိန်မျိုးပဲလား၊ သူရဲ့ကောင်းတို့ရဲ့
အမှောင်တိုင်းပြည်ဆိုတာဟာလဲ ဒါမျိုးပဲလားလို့ စဉ်းစားမိပါရဲ့။
ပရဟိတစစ်မြေပြင်မှာ
အောင်နိုင်သူ သူရဲကောင်းကြီးများလို့ သမိုင်းတွင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ ဘုရားလောင်းတွေလို
ထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ထူးများ။ ရာဇ၀င်တွင်ခဲ့တဲ့ အများအကျိုးပြု ပရဟိတလုပ်ငန်းများကို
အားသွန်းခွန်စိုက် ပြုသွားကြတဲ့ အသောကလို မင်းတရားမျိုး၊ အနော်ရထာလို မင်းတရားမျိုး၊
ယနေ့မျက်မှောက်ခေတ်မှာ ထင်သာမြင်သာရှိလှတဲ့ ထိုင်းဘုရင်ဘူမိဘောလို ရှင်ဘုရင်မျိုး၊
ဒီလိုပုဂ္ဂိုလ်မျိုးတွေပါ။ သူတို့ရဲ့ပရဟိတလုပ်ငန်းများဟာ
ပြည်သူတွေအတွက် အကျိုးကျေးဇူးတွေဖြစ်ထွန်းလို့ ''ရှင်ဘုရင်ကြီး သက်တော်ရာကျော်ရှည်ပါစေ''
ဆိုတဲ့ မေတ္တာပို့ ဆုတောင်းသံတွေဟာ မိုဃ်းချုန်းသံမျှ ဘ၀ဂ်ထိအောင် ပံျ့ဟီးနေခဲ့တယ်။
အတ္တဟိတနဲ့ ပရဟိတစစ်ပွဲမှာ ပရဟိတ စစ်ပွဲကို နိုင်အောင်နွဲနိုင်သူက နည်းပါးလွန်းနေတော့
ပရဟိတလုပ်ငန်းများကို ကိုယ်ကျိုးမဖက် ဆောင်ရွက်နေသူတွေကို ချီးမြှင့်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု
(Nobel Peace Prize)
ဆိုတာမျိုးတွေဟာလဲ ခေတ်သစ်ကမ္ဘာမှာ ပေါ်ထွန်းလာ ခဲ့တယ်။ အတ္တဟိတသမားများက များပြားလွန်းနေတော့
ကမ္ဘာလူသားများအလယ်မှာ ပရဟိတစိတ်ထားရှိသူတို့ရဲ့ ကျေးဇူးဂုဏ်ဆိုတာ ဒါမျိုးပါလို့ ပြည်သူတွေကို
သိကြားစေခြင်းပါ။
ကျောင်းတိုက်ကြီး၊ ရိပ်သာကြီးတွေ
ဘာလဲ၊ ဘယ်လဲ
ကျောင်းတိုက်ကြီးများ၊
ရိပ်သာကြီးများကို တည်ထောင်သွားတော်မူကြတဲ့ ဆရာတော်ကြီများ (သံဃာတော် များ)နှင့် သူတို့ရဲ့သာသနာရေး
အခန်းကဏ္ဍများကို မျှမျှတတ သုံးသပ်တင်ပြပါရစေ။ လောကမှာ လမ်းနှစ်လမ်းရှိတယ်။ ခရောင်းလမ်းနဲ့
ပန်းခင်းလမ်း။ ခေါင်းဆောင်ကောင်းတို့ဆိုတာ ကိုယ်ရဲ့နောက်လိုက်ငယ်သားများကို ဖြစ်နိုင်ရင်
ပန်းခင်း လမ်းပေါ်မှာပဲ လျှောက်လမ်းစေချင်ကြတယ်။ ဒါဟာ သူတို့ရဲ့ မွန်မြတ်တဲ့စေတနာလို့ဆိုရမှာပါ။
ဒါကြောင့် သူတို့ ကျောင်းတိုက်ကြီးတွေတည်တယ်။ ကျောင်းကြီးတွေဆောက်တယ်။
ကျောင်းတိုက်ကြီးတွေတည်တဲ့အခါမှာ ရည်ရွယ်ချက်
နှစ်မျိုးနဲ့ တည်ကြတာကို တွေ့ရတယ်။ တခိျု့ဆရာတော်ကြီးက ကိုယ့်ကျောင်း၊ ကိုယ့်တိုက်တာများ
ကြီးပွားတိုးတက် အောင် ဆောင်ရွက်ကြတယ်။ တခိျု့က သာသနာ့အဆောက်အဦးများ တိုးတက်ကြီးပွားဆောင်ရွက်ကြတာကိုတွေ့ရတယ်။
အဲဒီလို အားထုတ်ကြတဲ့ အခါမှာ တစ်ခိျု့ဆရာတော်ကြီးများက
အမျှော်အမြင်ကျယ်ကျယ်နဲ့ တပည့်များကို သည်းခံပြီး မွေးကြတယ်။ ရလာတဲ့လာဘ်လာဘများကို
တပည့်များနဲ့အတူ မျှဝေသုံးစွဲတယ်။ ပညာရေးတွေ ထူးထူးချွန်ချွန် ဖြစ်အောင် သင့်တော်တဲ့စာသင်တိုက်ကြီးများသို့
ပို့ဆောင်အပ်နှံပေးတယ်။ ခေတ်သမိုင်းက တောင်းဆိုလာတဲ့ ဘာသန္တရ ပညာရပ်များ တတ်မြောက်နိုင်ဖို့
နိုင်ငံရပ်ခြား၊ တိုင်းပြည်များသို့ သင့်တော်တဲ့တပည့်ရဟန်းများကို ပို့ဆောင်ပေးတယ်။
ဒီလို ချီးမြောက်မှုတွေကိုပြုတယ်။ တပည့်များအပေါ်မှာထားရှိတဲ့ သူတို့ရဲ့ မေတ္တာစေတနာတွေဟာ
အမေတစ်ယောက်၊ အဖေတစ်ယောက်ရဲ့ ကရုဏာမျိုးပါ။ ဆရာသမားများရဲ့ချီးမြောက်များကို မရခဲ့ကြတဲ့
အတူနေတပည့် သူငယ်ချင်းခြင်းများကို တွေကြတဲ့အခါ သူတို့ဘ၀တွေဟာ ပညာရေး၊ လူမှုရေးကအစ
အစစအရာရာ ဘယ်လောက် ကွာခြားနေတယ်ဆိုတာ ကိုယ်တိုင်သိကြရတာ။ စဉ်းစားနိုင်ဖို့ပါ။
တစ်ခိျု့ဆရာတော်ကြီးများကတော့
မိမိတို့မှာ ပစ္စည်းဥစ္စာများ ပိုလျှံနေအောင် ပေါများနေသော်လည်း ပညာရေးစသည်များမှာ အမျှော်အမြင်အားနည်းခြင်း။
ခေတ်အမြင်များအားနည်းခြင်း-စတဲ့ အကြောင်းများကြောင့် တပည့်များရဲ့ ပညာရေးမှာ စိတ်ဝင်စားမှု
အားနည်းနေတတ်ကြတယ်။ ကျောင်းတိုက်မှာပဲ မရှိအတူ၊ ရှိအတူအနေမျိုးနဲ့ အတူနေစေပြီး၊ သင့်တော်တဲ့
စာသင်တိုက်ကြီးများ၊ ကမ္မဋ္ဌာန်းရိပ်သာများ၊ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ဘာသန္တရစာပေ
များကို သွားရောက်၍ ပညာသင်ကြားနိုင်ရန် အားပေးခြင်း၊ ထောက်ပံ့ကူညီခြင်းများ၌ စိတ်မ၀င်စား
နိုင်ကြပေ။
အမွေဆက်ခံရေးကိစ္စမျိုး၌လဲ ကျောင်းတိုက်ကြီးကို
ထိန်းသိမ်းနိုင်မဲ့ ပညာပြည်ဝတဲ့တပည့်ကြီးများ မရှိကြ၍ ကျောင်းကြီး၊ ကန်ကြီးတွေကကြီးကြီး၊
အမွေအနှစ်တွေကများများ၊ တပည့်များရဲ့ ပညာအရည်အချင်းများက နည်းပါးဆိုတော့ အမွေ ဆက်ခံနိုင်မဲ့သူနဲ့
ကြီးမားတဲ့ကျောင်းတိုက်ကြီးတွေကြားမှာ ဂုဏ်နဲ့ဂုဏေး မမျှတနိုင်အောင်ဖြစ်ခဲ့တယ်။
ဒီအရေးတွေးကို မြင်တော်မူလို့ ဆရာတော်ကြီးများက
ပညာအရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များကို ခေါ်ယူထားပြန်တော့လဲ နောက်မှပေါက်တဲ့ ရွှေကြာမျိုးမို့
လက်ရှိတပည့်များရဲ့စိတ်ထဲမှာ ဘုရားလက်ထက်က ဆန္ဒမထေရ်ရဲ့စိတ်ဓာတ်ကို အတုယူထားကြလေသလားမသိ
ငါ့ဆရာ၊ ငါတို့ကျောင်းရယ်လို့ အထင်ရောက်နေခဲ့ကြတယ်။ ကျောင်းတိုက်ကို အုပ်ချုပ်နိုင်တဲ့အရည်အချင်း
ရှိတဲ့ပုဂ္ဂိုများကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်အောင်ဖြစ်နေခဲ့ကြတယ်။ မထေရ်ငယ်၊ မထေရ်ကြီးတို့ရဲ့ကြားမှာ
လောကဓံ တိုက်ပွဲတွေ ပြင်းထန်လာမဲ့အခြေအနေများရှိလာတော့ ပညာအရည်အချင်းရှိတဲ့ ရဟန်းတော်များဟာ
လာလမ်းအတိုင်း ပြန်လှည့်ခဲ့ကြတယ်။
တကယ်တော့ မြန်မာပြည်မှာ ကြီးကျယ်ခန်းနားထည်ဝါတဲ့
ကျောင်းတိုက်ကြီးများ၊ ရိပ်သာကြီးများဟာ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်စွမ်းမရှိတဲ့
တပည့်သံဃာတော်များရဲ့လက်ထဲသို့ ရောက်ရှိသွားကြတာ များပါတယ်။ ဒီလိုဖြစ်ရတဲ့ကိစ္စမျိုးမှာ
ဦးဆောင်သံဃာတော်များနဲ့ ဒကာ ဒကာမများရဲ့ ပယောဂတွေလဲ မကင်းနိုင်ဘူးလို့ ဆိုရမှာပါ။
ကျောင်းတိုက်ကြီးများ၊
ရိပ်သာကြီးများကို စီမံနိုင်ခွင့်ရှိတဲ့ ဆရာတော်များ၊ မိဘဘိုးဘွား အစဉ်အဆက် ကိုးကွယ်လာကြတဲ့
ဒကာ ဒကာမအများစုဟာ သနားကြင်နာတဲ့ကရုဏာစိတ်ကို အခြေခံထားကြတာဆိုတော့ ဆရာတော် ဘုရားကြီးများရဲ့
အရိုက်အရာကို အမွေခံနိုင်တဲ့ ရဟန်းသံဃာတော်များကို ရှာဖွေရကြတဲ့အခါ အရည်ချင်းရှိရှိ၊
မရှိရှိ မိမိတို့နဲ့နီးစပ်ရာ ရဟန်းသံဃာတော်များကိုသာ ရွေးချယ်တတ်ကြတယ်။
သံယောဇဉ်စိတ်၊ သနားကြင်နာစိတ်၊ ရင်းနှီးစိတ်နဲ့
ထိုရဟန်းသံဃာတော်များကိုပဲ ကြီးကျယ်ခန်းနားတဲ့ ကျောင်းတိုက်ကြီးတွေကို အပ်နှံခဲ့ကြတယ်။
ကျောင်းတိုက်ကြီး တွေကကြီးမား၊ အဆောက်အဦးတွေကများပြား၊ အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ကနည်းပါး၊
ဘာပြောကောင်း မလဲ မကြာမီမှာပဲ ခန်းနားကြီးကျယ်တဲ့ ကျောင်းတိုက်ကြီးတွေဟာ မထိမ်းနိုင်၊
မသိမ်းနိုင်ဖြစ်ပြီး ပျက်စီးကုန်တော့တယ်။
တစ်ခါက ဒီကျောင်းတိုက်ကြီးများရဲ့အရေးကို
''ကျောင်းငယ်တွေကို စုပေါင်းပြီး တစ်မြို့မှာ ကျောင်းကြီးတစ်ကျောင်းထဲ ပြုလုပ်လို့မရဘူးလား''ဆိုတဲ့
ဒကာကြီးတစ်ယောက်က်က လျောက်ထားဖူး၍ ထည့်သွင်း ဆွေးနွေးလိုက်ခြင်းပါ။ ၀ိုင်းဝန်းစဉ်းစားနိုင်ဖို့ပါ။
အတ္တအလှူ၊ မာနအလှူ ဘာအလှူလဲ
နောက်တစ်ခုဖြစ်နိုင်ခြေရှိတာက
သာသနာကို ထောက်ပံ့နေကြတဲ့ ဒကာ ဒကာမများဟာ သာသနာကို ပညာနဲ့သဒ္ဓါ ဘက်မျှစွာထားပြီး ကိုးကွယ်ဆည်းကပ်နိုင်တဲ့
စွမ်းရည်များနည်းနေတာကို တွေ့ရတယ်။ ဒီကြားထဲ အတ္တ မာနတွေကအစွန်းထွက်နေတော့ ကိုးကွယ်မှုများမှာလဲ
အစွန်းထွက်နေတာကို တွေ့ရတယ်။ နဲနဲလေးရှင်းပြပါရစေ။
အများစုဟာ သာသနာကို ကိုးကွယ်တဲ့နေရာမှာ
သံဃာကို ကိုးကွယ်ခြင်းမျိုးထက် ဆရာကို ကိုးကွယ်ကြတာများတယ်။ ''ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်''
''ပုဂ္ဂိုလ်ကြိုက်မှ တရားဆိုက်တယ်'' ဖြစ်နေကြတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုနဲ့ သံဃာကိုး ကွယ်မှု
ရောထွေးနေကြတယ်။ ဒါကြောင့် ရှေးဆရာတော်ကြီးက ''သံဃာကို ဆရာကွယ်တယ်'' လို့ ဆိုမိန့်ခဲ့ကြတယ်။
လှူတဲ့တန်းတဲ့အခါ၊
သံဃိကဒါနမျိုး သက်ရောက်အောင်
လှူဒါန်းတတ်သူ အရေအတွက်က နည်းနည်းလာတယ်။ အတ္တစွန်း၊
မာနတွေစွန်းထွက်နေသူများဆိုရင် ရဟန်းသံဃာများကို
ကိုးကွယ်ကြတဲ့အခါမှာ မိမိစိတ်ထားနဲ့တူတဲ့ ရဟန်း သံဃာမျိုးမှ၊
မိမိအကြိုက်ကို မှန်သည်ဖြစ်စေ၊
မှားသည်ဖြစ်စေ မိမိဘက်ကလိုက်ပြီး ပြောဆိုတတ်တဲ့ ရဟန်းသံဃာမျိုးမှ လှူချင်၊
ဒါန်းချင်ကြတာ။
သူတို့စိတ်နဲ့ ထပ်တူထပ်မျှ မကျနိုင်တော့တဲ့ရဟန်းသံဃာတော်များဆိုရင်တော့
ဘိုင့်ဘိုင်ပဲပေါ့။ သာသနာမျက်နှာကို ကြည့်တတ်သူက
အတော်ကိုရှားလာပြီလို့ဆိုရမှာပဲ။
ဒီထဲမှာ စည်းရုံးရေးအားကောင်းသူ၊ ငွေကြေး ဓနအထိုက်အလျှောက်
ပြည့်စုံသူဖြစ်နေခဲ့မယ်ဆိုရင်
ကိုယ်စွမ်းပြနိုင်ဖို့ ကျောင်းသစ်တည်ထောင်ပေးတာမျိုးတို့၊ စည်းရုံး
ပေးတာမျိုးတို့၊
တဖက်သားရဲ့ဂုဏ်သိက္ခာကို ချေဖျက်တာမျိုးတို့ကို စတင်ပြုလုပ်ကြတော့တာ။
ဒါကြောင့်လဲ မြန်မာနိုင်ငံမှာ အိမ်သာသာရှိတဲ့
ကျောင်းငယ်လေးတွေ၊ မှိုလိုပေါက်နေတာ။ စိတ်ဝင်စားဖို့ကောင်းတယ်။ အကျိုးဆက် အနေနဲ့ ဒီအတွေးအခေါ်တွေက
ပြည်သူတွေနဲ့အတူ နိုင်ငံခြားကို ပါလာတယ်။
ဘယ်သူကိုမှ အပြစ်တင်နေခြင်း မဟုတ်ပါ။
တစ်စိတ်တစ်ပိုင်းထင်ဟပ်နေတဲ့ မြန်မာလူမျိုးတို့ရဲ့ စိတ်ဓာတ်ကို သိစေချင်လို့ပါ။ ဒီလိုအတွေး
အခေါ်မျိုးတွေရှိနေပါလျှက် တခိျု့မြန်မာတွေက (အမေရိကမှာရှိတဲ့ မြန်မာတွေက) မြန်မာကျောင်းတွေကို
အခြား လူမျိုးများ (ထိုင်း၊ ကမ္ဘေဒီယားစသည်)ရဲ့ ကျောင်းကြီးတွေနဲ့ နှိုင်းခိုင်းပြီး
ပြောချင်ကြတယ်။ မြန်မာတွေရဲ့ စိတ်ဓာတ်တွေ မပြုပြင်နိုင်သေးသမျှကာလပတ်လုံး ''ယှဉ်မတုနဲ့ ရှက်စရာ'' လို့သာ ဆိုလိုက်ချင်ပါရဲ့။
နောက်တစ်ခုဖြစ်နိုင်ခြေရှိသေးတာက
ဒကာ ဒကာမအများစုဟာ နာမည်ကြီး၊ ဘုန်းကြီး၊ အချွေအရံကြီးမှ ကိုးကွယ်ချင်ကြတာ၊ လှူဒါန်းချင်ကြတာ။
ဗေဒင်ယကြာများတတ်ထားရင် ပိုပြီးတောင် သဘောကျတတ်ကြတာ။ ကျမ်းဂန်များမှာ ဂုဏ်နဲ့ကျော်ကြားမှုကို
အလေးပြုပြီး ကိုးကွယ်တတ်တဲ့ဦးရေပမာဏ (ဃောသပမာဏ) ဟာ ငါးပုံ ပုံရင် လေးပုံရှိတယ်လို့
ဖေါ်ပြထားလို့ မြန်မာတို့ ကိုးကွယ်တဲ့နည်းက စာနဲ့ပေနဲ့ညီနေတယ်လို့ပဲ ပြောရလေမလားမသိ။
စိတ်ဝင် စားဖို့ကောင်းတယ်။
ဒကာ ဒကာမများက ဂုဏ်ရှိမှ ကိုးကွယ်ချင်ကြတာဆိုတော့
တစ်ခိျု့ရဟန်း သံဃာတော်များဟာ ဂုဏ်ရှိရေးကို သဲသဲမဲမဲ အားထုတ်ကြတော့တယ်။ တစ္ခို့်ဒကာ
ဒကာမများဟာ သဒ္ဓါသာရှိပြီး၊ ပညာကအားနည်း နေတော့ ယောကျာ်းမှန်ရင် ''ဦး'' တပ်လို့ရတဲ့
ဂုဏ်ပုဒ်မျိုးနဲ့ အလားတူတဲ့၊ ရဟန်းတော်မှန်ရင် ဘွဲ့ရဲ့ရှေ့မှာ တပ်လို့ရတဲ့ ''ဘဒ္ဒန္တ''
ဆိုတဲ့ ဂုဏ်ပုဒ်ကို တစ်ဂုဏ်တစ်ခဲကြီးထင်နေကြတယ်။ ဒါကြောင့် ''ဘဒ္ဒန္တ''ပါတယ်ဆိုရင်ပဲ
တကယ့်ဂရိတ်ကြီး ထင်ပြီး ကြည်ညိုလို့မဆုံး၊ အမွှန်းတင်လို့မဆုံး။
ဒီအရေးတွေးကို မြင်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ရဟန်းတော်များကို ''မရသေးတဲ့ တရားထူး၊ တရားမြတ်များကို မိမိမှာ ရထားပြီလို့ ၀ါကြွားပြောဆိုရင်
ပါရာဇိက။ ရထားတဲ့ တရားထူး၊ တရားမြတ်များကိုပင် လူသာမဏေတို့အား ပြောကြားရင် ပါစိတ်အာပတ်သင့်စေ''
လို့ ပညတ်တော် မူခဲ့ရတာ။ သာသနာကို စောင့်ရှောက်နိုင်ဖို့ ပညတ်တော်မူခဲ့တာပါ။ အနာဂတ်ကို
ကြိုတင်မြင်တော်မူတဲ့ မြတ်စွာ ဘုရားပါ။
ကိုယ့်အကျိုးရှိဖို့အတွက်
သူများကိုလှူ
နောက်တစ်ခုဖြစ်နိုင်ခြေရှိနေသေးတာက
ဟောရေး၊ ပြောရေးကဏ္ဍ။ မြတ်စွာဘုရားရဲ့သာသနာကို ကဏ္ဍနဲ့ ခွဲပြောရင် (၁) ပရိယတ္တိသာသနာ (၂)
ပဋိပတ္တိသာသနာ (၃) ပဋိဝေဓသာသနာ ရယ်လို့ သာသနာသုံးရပ်ရှိတယ်။ အဲဒီသာသနာတော်သုံးရပ်ကို
''ပ''သုံးလုံးသာသနာလို့ ဆိုကြတယ်။ အဲဒီသာသနာကို ထောက်ပံ့ကြတဲ့အခါမှာ ဟောရေး ပြောရေးကိုမှီပြီး
လူအများက အလှူဒါနကို ပြုကြတယ်။ ဟောတဲ့ပုဂ္ဂိုလ်က ဆဠင်္ဂဒါနသုတ္တံမျိုး၊ ဝေလာမဇာတ်တော် မျိုးကို
ဇောင်းပေးဟောဆိုရင် အဲဒီအချိန်ကစပြီး အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြတော့တယ်။
ဆဠင်္ဂဒါန သုတ္တံမှာ ကုသိုလ်ဒါနပြုရာမှာ အကျိုးများစွာရရှိနိုင်ရေးအတွက်
အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီး လှူဒါန်းကြရမယ်။ ရွေးချယ်တဲ့အခါမှာ (၁) လောဘကင်းပြီးတဲ့ပုဂ္ဂိုလ်
(သို့မဟုတ်) လောဘကင်းအောင် အားထုတ်နေဆဲပုဂ္ဂိုလ် (၂) ဒေါသကင်းပြီးတဲ့ပုဂ္ဂိုလ် (သို့မဟုတ်)
ဒေါသကင်းအောင် အားထုတ်နေဆဲပုဂ္ဂိုလ် (၃) မောဟကင်းပြီးတဲ့ပုဂ္ဂိုလ် (သို့မဟုတ်) မောဟကင်းအောင်
အားထုတ်နေဆဲပုဂ္ဂိုလ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို လှူဒါန်းရင် အကျိုးကျေးဇူး ဘယ်လောက်များနိုင်သလဲဆိုရင်
သမုဒ္ဒရာရေကို ပြည်တို့၊ တောင်းတို့နဲ့ ချင့်တွက်ပြီး ရေတွက်မပြနိုင်သလို ရရှိနိုင်တဲ့
ကုသိုလ်ကျိုးကို ရေတွက်ပြလို့ မရနိုင်ဘူးတဲ့။ ဘုရားဟောထားတဲ့တရားပါ။ ဒီလို ဘုရားဟောဒေသနာက
ရှိထား လေတော့ ကုသိုလ်ပြုရင် အကျိုးများများရချင်တဲ့ ပုထုဇဉ်များဟာ ကုသိုလ်ကျိုးများများရဖို့
ပုဂ္ဂိုလ်ကိုရွေးပြီး လှူတော့ တာပေါ့။ ဒါကြောင့် သာသနာလောကမှာ ပြောဆိုနေကြတာကတော့ မြန်မြန်ကြီးပွားချင်ရင်
ရိပ်သာတည်ထောင်ပါတဲ့။ စဉ်းစားနိုင်ဖို့ပါ။
ရိပ်သာပြီးရင်
စာသင်တိုက်များက ကြီးပွားနိုင်တဲ့အခွင့်အလမ်းမှာ
ဒုတိယနေရာမှာရှိတယ်လို့ဆိုရမှာပါ။
ကျမ်းဂန်များမှာ – သာသနာတော်သုံးရပ်မှာ ပဋိဝေဓသာသနာက ကြာနဲ့တူတယ်။
ပဋိပတ္တိသာသနာက ရေနဲ့တူတယ်။ ပရိယတ္တိသာသနာက ကန်ဘောင်ကြီးနဲ့တူတယ်။
ကြာပန်းတွေ
အမြဲလန်းနိုင်ဖို့ ရေရှိရမယ်။ ရေတွေ ကန်ကြီးထဲမှာ အမြဲတည်ရှိနိုင်ဖို့
ရေကန်ဘောင်ကြီးတွေခိုင်ခံ့ရမယ်ဆိုတဲ့
ကျမ်းဂန်စကား ရှိထားတယ်။ ဒီတော့ ရေကန်ဘောင်ကြီးနဲ့ တူတဲ့
ပရိယတ္တိသာသနာတော်ကြီးခိုင်ခံ့မှ
သာသနာသုံးရပ်စလုံး ခိုင်ခံ့မှာဖြစ်တယ်။
ဒါကြောင့် ပရိယတ္တိ သာသနာ တော်ကြီးခိုင်ခံ့အောင်
လှူဒါန်းထောက်ပံ့ခြင်းဟာ သာသနာပြုကုသိုလ်ဖြစ်တယ်ဆိုတာသိကြတော့ ပရိယတ္တိသာသနာကို ကြိုးစားပြီး
ထောက်ပံ့လာကြတယ်။ ၀မ်းသာစရာပါ။ ဒါပေမဲ့ ဂုဏ်မထယ်တဲ့စာသင်တိုက်တွေမှာတော့ အထောက် အပံ့များ နည်းပါးမြဲနည်းပါး၊ ပစ္စည်းလေးပါးလဲ
ရှားပါးမြဲရှားပါးနေဆဲဆိုတာကို သတင်းစကား ပါးလိုက်ချင်ပါရဲ့။
အများအကျိုးအတွက် ပရဟိတအလှူ
ဗုဒ္ဓသာသနာတော်မြတ်ကြီးရဲ့
အနာဂတ်အရေးကို ခေတ်အမြင်နဲ့သုံးသပ်ပြောဆိုရရင် ရင်အေးနိုင်စရာ
အကြောင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော်
သာသနာ့အဖွဲ့အစည်းများမခိုင်မာခြင်း၊ ကျောင်းထိုင်၊ ကျောင်းပိုင်ရွေး
ချယ်ရာ၌ အရည်အချင်းထက်
ပုဂ္ဂိုလ်ကိုဦးစားပေးရွေးချယ်နေခြင်း၊ ကျောင်းကြီး၊ ကျောင်းငယ်တွေများသလောက်
နိုင်ငံနဲ့လူမျိုးရဲ့အကျိုးစီးပွား၊
သာသနာတော်ရဲ့အကျိုးစီးပွားကို လုပ်ကိုင်ပေးတဲ့ ရဟန်းသံဃာတော်အရေအတွက်မှာ
များသလောက်
နည်းပါးနေသေးခြင်း၊ ခေတ်နှင့်လျှော်ညီစွာ ပညာရေးစနစ်များကို
ပြုပြင်ပြောင်းလွဲနိုင်မှုမရှိသေးခြင်း၊
သာသနာပြုလုပ်ငန်းများ၌ ပရဟိတလုပ်ငန်းများကို ခေတ်ကာလအလျှောက်
တောင်းဆိုနေမှုများကို လျစ်လျူရှု ထားကြတဲ့ ရဟန်းသံဃာတော်အရေအတွက်က
များလွန်းနေသေးခြင်း-စတဲ့အကြောင်းများကြောင့်
ရတက်မအေးနိုင်သူတို့အတွက် ရင်အေးနိုင်စရာမရှိပါ။
သာသနာတော်သုံးရပ်
ရေရှည်တည်တန့်နိုင်ရန် ပရိယတ္တိသာသနာတော်သည် အရေးကြီးကြောင်း ဖေါ်ပြပြီး ဖြစ်တယ်။ သို့သော်
ထိုပရိယတ္တိသာသနာနှင့်တူတဲ့ ကန်ဘောင်ကြီးကို စံနစ်တကျ ခြံစည်းရိုးကာရံထားခြင်း (သို့မဟုတ်)
လုံခြုံသောအစောင့်အရှောက်များကိုချထားခြင်း-စတဲ့ လုပ်သင့်လုပ်ထိုက်တာများကို ပြုလုပ်မထားနိုင်ခဲ့ကြရင်
ကန်ဘောင်ကြီးကို ဖျက်ဆီးလိုသူတို့က အလွယ်တကူ ချိုးဖေါက်နိုင်ခြင်း၊ ရေကန်ထဲသို့ အညစ်အကြေးများစွန့်ခြင်း၊
အဆိတ်ခပ်ခြင်း-စသည်များကို ပြုလုပ်နိုင်၍ တိုးတက်နေတဲ့နိုင်ငံများ၊ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့နိုင်ငံများ၌
သောက်ရေ၊ သုံးရေအဖြင့် အသုံးပြုတဲ့ ရေလှောင်ကန်ကြီးများကို ခြံစည်းရိုးကာရံထားခြင်း၊
အစောင့်အရှောက်များကို ချထားခြင်များ ပြုလုပ်ထားသည်ကို တွေ့မြင်နိုင်တယ်။
ဒီနေရာမှာ အထူးပြုပြောခြင်းတာက ပရဟိတလုပ်ငန်းများဟာ
ရေကန်ဘောင်ကြီးကိုတည်တံ့နိုင်ဖို့၊ ကန်ထဲမှာ ရေများအမြဲတန်းတည်ရှိနေဖို့နဲ့ ကြာပန်းလေးများ
အမြဲလန်းဆန်နိုင်ဖို့ကို လုံးခြုံမှုပေးနိုင်တဲ့ ခြံစည်းရိုးနှင့်တူနေကြောင်း သတိပြုနိုင်ကြဖို့ပါ။
အရာရာတိုင်းဆိုသလို မဲနဲ့ဆုံးဖြတ်တဲ့ ယနေ့ခေတ်ကမ္ဘာ၏ကျင့်ထုံးများ၌ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်ဦးရေးများ
အလွန်အကျွံ နည်းပါးသွားခဲ့ရင် ဦးရေများတဲ့ဘာသာဝင်များရဲ့ သာသနာဟာ နိုင်ငံတော်ရဲ့ ဘာသာ၊
သာသနာဖြစ်သွားနိုင်ဆိုတာ အမျိုး၊ ဘာသာ၊ သာသနာကို မြတ်နိုးသူတိုင်း သတိရှိနိုင်ကြဖို့ပါ။
''မြေမျိုး၍လူမျိုးမပျောက်၊ လူမျိုမှ
လူမျိုးပျောက်သည်'' ဆိုတဲ့အဆိုရှိထားသော်လဲ ဒီခေတ်ဒီအခါ၌ ထိုအဆိုသည် ရာနှုန်းပြည့်မှန်သည်ဟု
မဆိုနိုင်တော့ပါ။ အဘယ် ကြောင့်ဆိုသော် လူမျိုက လူမျိုးမပျောက်နိုင်ပါ။ ပျောက်သွားနိုင်တာက
ဘာသာ၊ သာသနာယဉ်ကျေးမှု အမွေအနှစ်များပါ။ လူမျိုးဆိုတာကတော့ ရှိမြဲရှိနေမှာပါ။ ဥပမာ၊
မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်တို့မှာ သာသနာတော့ ကွယ်သွားခဲ့တယ်။ မလေးလူမျိုး၊
အင်ဒိုနီးရှားလူမျိုးတွေကတော့ ရှိမြဲရှိနေဆဲပါ။
တွေးတောဆင်ခြင်နိုင်ဖို့ပါ။
မြန်နိုင်ငံ၏ခေတ်သမိုင်းအတွက်
အရေးကြီးလှတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ ပရဟိတသာသနာ (သို့မဟုတ်) ပရဟိတလုပ်ငန်းများရဲ့
အရေးပါမှုကို ဟောပြောပေးသူ၊ ရေးသားပေးသူများ နည်းနေသည်ကိုတွေ့ရတယ်။ အလှူရှင်များ ရှုဒေါင့်မှ
ကြည့်မည်ဆိုရင်တော့ ပရဟိတကျောင်းများမှာ ရောက်ရှိနေကြတဲ့ကိုရင်များ၊ ကျောင်းသားများ၊
သိက္ခာ ရှင်များ၊ ကျောင်းသူများကို လှူဒါန်းဖို့၊ ပေးကမ်းဖို့ ခက်ခဲနေမည်မှာ သိသာနိုင်ပါတယ်။
သို့သော် ထိုကလေးများကို ဗုဒ္ဓဘာသာရဟန်းသံဃာတော်များက
စောင့်ရှောက်ထားရင် ထိုကလေးများဟာ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်လာကြ မည်မှာ ၉၉%ရာခိုင်နှုန်း
သေချာသလောက်ရှိပါတယ်။ ထိုကလေးများရဲ့နှလုံးသားမှာ ဓမ္မစေတီများတည်ထားပေးကြ မယ်ဆိုရင်
ကျောင်းသားတစ်ယောက် စေတီတစ်ဆူ၊ ကျောင်းသားတစ်ရာ စေတီတစ်ရာ၊ ကျောင်းသား တစ်ထောင် စေတီတစ်ထောင်မျိုး
တည်ပေးခြင်းကဲ့သို့ ကြီးမားသောကုသိုလ်ကျိုးများကို ရရှိနိုင်ကြမှာပါ။ လှူဒါန်းတဲ့ပစ္စည်း
ကြီးမားဖို့ကအဓိကလား၊ စိတ်စေတနာကအဓိကလားဆိုတာ သဘောပေါက်နိုင်ဖို့ပါ။
အလှူခံလား အလှူလား
ကုသိုလ်ပြုရာ၌
ကျေးဇူများနိုင်ဖို့ အလေ့အထနှစ်မျိုးရှိကြောင်းကို သိထားဖို့ပါ။ အလှူခံကို ရွေးချယ်၍
ကုသိုလ်ပြုခြင်းဟာ အရိသာဝကတို့ရဲ့ အလေ့အထလို့ဆိုရမှာပါ။ အလှူခံကို ရွေးချယ်ခြင်းမပြုပဲ
အလှူခံပုဂ္ဂိုလ်များ အဆင်ပြေမှု၊ ဆင်းရဲငတ်မွတ်မှုဘေးမှလွတ်မြောက်မှုကို အဓိကထားပြီး
ပရဟိတအကျိုးများမှုကိုသာ ပဓာနထားပြီး၊ ကုသိုလ်ပြုခြင်းဟာ ဘုရားအလောင်းတော်တို့ရဲ့ အလေ့အထပါ။
ဘုရားလောင်းတော်တို့ ကုသိုလ်ပြုရာမှာ အတ္တဟိတ
အကျိုးစီးပွားထက် ပရဟိတအကျိုးစီးပွားကို အလေးထား၍ စိတ်ကြည်ကြည်လင်နဲ့ ကုသိုလ်ဒါနများကို
ပြုခဲ့ကြ တာကြောင့် လောကတွင် အတူမရှိ၊ အတုမရှိတဲ့ ကုသိုလ်ကျိုးကိုရခဲ့ခြင်းပါ။ ကုသိုလ်ဒါနပြုရာမှာ
အလှူခံပုဂ္ဂိုလ်များ အပေါ်မှာထားတဲ့ စေတနာနှင့် အသိဉာဏ်ပညာတို့ဟာ မည်မျှအရေးကြီးကြောင်း
သိနိုင်ဖို့ပါ။ အရိယာသာဝကများရဲ့ ကုသိုလ်ပြုနည်း၊ ဘုရားလောင်းများရဲ့ကုသိုလ်ပြုနည်း၊ ဒီနှစ်နည်းကို ကြိုက်ရာရွေးချယ်နိုင်ဖို့ပါ။
အမျိုး၊
ဘာသာ၊ သာသနာတော်အတွက်ဆိုရင် ပြောချင်တာတွေကတော့ တစ်ပုံတစ်ပင်ကြီးရှိနေတာ။ ဒါပေမဲ့ ဘယ်သူမဆို
ဖြစ်နိုင်ရင်တော့ အပြောလျှော့ပြီး တိုင်းကျိုး၊
ပြည်ကျိုး၊ သာသနာတော်အကျိုးများဖို့ ကိုယ်လုပ်ပေးနိုင် သလောက် လုပ်ပေးကြဖို့ပါ။
ဒီနေရာမှာ
အမေရိကန်သမ္မတ ဂျွန် အက်ဖ်
ကနေဒီက ပြောဖူးတယ်။ ''တိုင်းပြည်က သင်အတွက် ဘာလုပ်ပြီးပြီလဲ မမေးပါနဲ့၊
သင်က တိုင်းပြည်အတွက်
ဘာတွေ လုပ်ပြီးပြီလဲ''လို့မေးပါတဲ့။ အတုယူနိုင်ဖို့ပါ။ အခုတော့
ကိုယ့်စိတ်နဲ့ သဘောမတိုက်ဆိုင်ရင် ပြောချင်ရာပြောတာမျိုး၊
ဆဲရေးတိုင်းထွာနေတာမျိုးကတော့
အမျိုး၊ ဘာသာ၊ သာသနာတော်အတွက် ဘာမှ ဖြစ်လာနိုင်မှာမဟုတ်ပါ။
တကယ်တော့ အချိန်တွေ၊ လုပ်အားတွေ၊ အရင်းအနှီးတွေ
များစွာစိုက်ထုတ်သွားကြတဲ့ ဆရာတော်ကြီးများ၊ တိုင်းပြု၊ ပြည်ပြု ရှင်ဘုရင်များ၊ တိုင်းပြည်ခေါင်းဆောင်းများရဲ့
မေတ္တာ၊ စေတနာတွေကို နားလည်နိုင်သူတို့အတွက်တော့ သူတို့စေတနာကို တန်ဖိုးဖြတ်၍မရပါ။ သူတို့ရဲ့
အနာဂတ်မျှော်မှန်းချက်များကြောင့် ခန်းနားလှတဲ့
ကျောင်းတိုက်ကြီးတွေ၊ ရိပ်သာကြီးတွေ၊ မြို့ပြ၊ ပြည်ရွာတွေကို တည်ထောင်သွားကြတယ်ကို
သတိရနိုင်ဖို့ပါ။ လေးလေးနက်နက် စဉ်းစားစေချင်တာကတော့ ကျောင်းတိုက်ကြီးများ၊ ရိပ်သာကြီးများ၊
မြို့ပြပြည်ရွာများကို တည်ဆောက်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အတ္တဟိတအကျိုးအတွက်ပေလော၊
(သို့မဟုတ်) နောက်လာနောက်သားတွေရဲ့ ပရဟိတ အကျိုးအတွက်ပေလော။ မျှမျှတတစဉ်းစားနိုင်ကြဖို့ပါ။
ကျောင်းတိုက်ကြီးများရဲ့
ဖေါင်ဒါများဖြစ်ကြတဲ့ တခိျု့ဆရာတော်ကြီးများဟာ ကိုယ်ဖြစ်ချင်တဲ့ပုံစံနဲ့ အံဝင်ဂွင်ကျ
ဖြစ်အောင် ကျောင်းအဆောက်အဦးကြီးများကို ကြိုးစားတည်ဆောက်ခဲ့ကြပေမဲ့
ထိုကျောင်းကြီးတွေပေါ်မှာ တစ်နှစ်၊ နှစ်နှစ်လောက်သာ နေသွားရရှာပြီး ပျံလွန်တော်မူသွားကြရှာတာ။
တခိျု့များဆို ကျောင်းကြီးမပြီးခင် ပျံလွန်တော်မူ သွားကြတာ။ သူတို့ရဲ့ဘဏ္ဍာတွေ၊ သူတို့ရဲ့ဝတ္တုကြေးငွေတွေကို
အသုံးမပြုပဲ အထုတ်ကြီးထုတ်ပြီး ထိုအထုတ်ကို လုံးဝမဖြေပဲ ထားခဲ့မယ်ဆိုရင် ဘာဖြစ်သွားနိုင်လဲ။
အများဆုံးဖြစ်နိုင် ခြေရှိတာကတော့ ကျောင်းကြီးတွေကို တည်ဆောက်မထားခဲ့ဘူးဆိုရင် တစ်ဦးစ၊
နှစ်ဦးစလောက်သာ အကျိုးများနိုင်ဖွယ်ရှိပြီး၊ အများအတွက် အကျိုးရှိမယ် မဟုတ်ပါ။ တကယ်တော့
သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့စေတနာတွေဟာ နောင်လာနောက်သားတွေ ကောင်းစားဖို့ပါ။ နောင်လာနောက်သားတွေ
ချမ်းချမ်း သာသာနဲ့နေနိုင်ပါ။
အရိုးခံသဘောနဲ့ ပြောရမယ်ဆိုရင် နောင်လာနောက်သား
တွေကို ပန်းခင်းတဲ့လမ်းပေါ်မှာ ချမ်းချမ်းသာသာနဲ့ လျှောက်လှမ်းစေချင်တာဟာ ဆရာတော်ဘုရားကြီးများရဲ့
အနှိုင်းမဲ့မေတ္တာ၊ စေတနာများလို့ဆိုရမှာပါ။
သူတို့မျှော်လင့်ထားတဲ့ အနာဂတ်ခရီးမှာ
သူတို့တည် ဆောက်သွားတဲ့ ပန်းခင်းလမ်းကြီးတွေက ဖြူးလို့။ သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့စေတနာ၊
သူတို့ရဲ့ဆန္ဒတွေက သူတို့ရဲ့ အရိုက်အရာကို ခံယူကြမဲ့ သူတို့ရဲ့တပည့်များအား ''မင်းတို့
ချမ်းချမ်းသာသာနဲ့ ပန်းခင်းလမ်းပေါ်မှာ လျှောက်လှမ်းကြပါ''လို့ မှာကြားနေတဲ့အသံကို ကြားရောင်နေမိဆဲပါ။
ချမ်းသာစွာ အိပ်စက်နိုင်ပါစေ။
0 comments:
Post a Comment