Wednesday, January 16, 2013

ကိုရီးယားနိုင်ငံတွင်ကျင်းပခဲ့သည့် Asia New Star Model ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ယှဉ်ပြိုင်သည့် မော်ဒယ်လ်ထွန်းကိုကို Grand Prize အပါအ၀င်ဆုနှစ်ဆု ရရှိ



ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဆုန်းဖာမြို့နယ် ဘန်းအာရပ်ကွက် အိုလံပစ်ပန်းခြံအတွင်းရှိ အိုလံပစ်ခန်းမတွင် ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် Asia New Star Model ပြိုင်ပွဲတွင် မြန်မာ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ်လ်များအနက် ထွန်းကိုကိုသည် Grand Prize အပါအ၀င် ဆုနှစ်ဆု ရရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် အီတလီနိုင်ငံ မီလန်မြို့တွင် အာရှကိုယ်စားပြု မော်ဒယ်လ်အဖြစ် ဆက်လက် သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်ဟု သိရှိရသည်။ ဆက်လက် သွားရောက် ယှဉ်ပြိုင်ဖြစ် မဖြစ်ကိုမူ မော်ဒယ်လ် ထွန်းကိုကိုက တရားဝင် ပြောကြားနိုင်ခြင်း မရှိသေးပေ။
Asia New Star Contest ပြိုင်ပွဲသို့  မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ရန်အတွက် Aquear Land ကုမ္ပဏီက မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် Face of Myanmar ပြိုင်ပွဲတွင် Mr& Miss Face of Myanmar ဆုရ ထွန်းကိုကိုနှင့် ဟန်သီ၊ MrPopular ဆုရ မာကိုမြတ်သူရအောင်၊ Miss Kerasy ဆုရ ခင်လပြည့်ဇော်၊ Miss Coreana ဆုရ M ဆိုင်းလူ၊ Miss Mizon ဆုရ အေးချမ်းမြေ့တို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲဝင်များအနက် ထွန်းကိုကိုသည် Asia New Star Model ပြိုင်ပွဲ၏ Grand Prize ဆုကို  ထိုင်းနိုင်ငံမှ မော်ဒယ်လ် ဗိုဦးအင်ဒါရီ နှင့်အတူ ရရှိခဲ့သည်။ ထို့ပြင် ထွန်းကို ကိုသည် SEOKYEONG University မှ ပေးအပ်သည့် ဆုကိုလည်း မွန်ဂိုလီးယားနိုင်ငံမှ မော်ဒယ်လ် ဂျန်းဂျတ်ဒူလန် နှင့်အတူ ရရှိခဲ့သည်။
Korea Model Association မှ ကြီးမှူးပြီး ကိုရီးယားနိုင်ငံ ယဉ်ကျေးမှု စတူဒီယို၊ အင်တာနေရှင်နယ် မော်ဒယ်လ်စင်တာ၊ အားကစားနှင့် ယဉ်ကျေးမှုဌာန၊ ယဉ်ကျေးမှု ခရီးသွားကုမ္ပဏီနှင့် နိုင်ငံတကာ ရုပ်သံအဖွဲ့စည်းတို့၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပခဲ့သည့် Asia New Star Model ပြိုင်ပွဲသည် အာရှကိုယ်စားပြု အကြီးဆုံး မော်ဒယ်လ်ပြိုင်ပွဲဖြစ်သည့် 2013 Cetemony of Asia Model Award အတွက် ကြိုတင်အဖွင့်ပွဲအဖြစ် ကျင်းပခဲ့ခြင်းပြီး အာရှ ၁၃ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာ့ကျောက်မျက်ရတနာများကို SP Gems မှ သွားရောက်ပြသခဲ့ပြီး မြန်မာသတို့သမီး ထိုင်မသိမ်းဝတ်စုံများကို ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်တို့က ပါဝင် ပြသခဲ့ကြသည်။ ထို့ပြင် မြန်မာအနုပညာရှင်များဖြစ်သည့် ဆန်းထွဋ်နှင့် ချမ်းချမ်းတို့လည်း ယင်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management