Wednesday, January 16, 2013

 သီရိလင်္ကာတွင် အွန်လိုင်းမှတစ်ဆင့် ငွေလိမ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ


သီရိလင်္ကာနိုင်ငံတွင် အင်တာနက်မှတစ်ဆင့် ငွေလိမ်ယူနေသော တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
သီရိလင်္ကာ ဗီဇာကိုင်ထားသော ယင်းတရုတ်နိုင်ငံသားတို့သည် တရုတ်နိုင်ငံတွင်းရှိ ကွန်ပျူတာများ၏ အချက်အလက်များကို ခိုးယူကာ သီရိလင်္ကာရှိ ဘဏ်စာရင်းများထံ ငွေလွှဲပေးရန် လိမ်လည်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်ရဲများက သီရိလင်္ကာရဲတပ်ဖွဲ့ကို အကူအညီတောင်းပြီး မြို့တော်ကိုလံဘိုဝန်းကျင်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က စီးနင်းရှာဖွေရာ၌ ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စအတွက် ကိုလံဘိုရှိ တရုတ်သံရုံးကို မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်း မရှိပေ။
သီရိလင်္ကာတွင် တည်ထောင်ထားသော တရုတ်တို့၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာက လာရောက်အလုပ်လုပ်နေကြသည်။ အများစုမှာ ခရီးသွားဗီဇာများဖြင့် ၀င်လာကြပြီး ၀န်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်လေ့ရှိကြသည်။
အရှေ့တောင်အာရှတွင် တရုတ်သြဇာကြီးမားလာသည်နှင့်အမျှ သီရိလင်္ကာတွင်လည်း တရုတ်နိုင်ငံသားများသည် အလုံးအရင်းနှင့် မြှုပ်နှံလျက်ရှိကြသည်။ ပြီးခဲ့သည့် ဇွန်လကပင် အပူပိုင်းဇုန်ထဲရှိ ကျွန်းတစ်ကျွန်းဖြစ်သော သီရိလင်္ကာတွင် တရုတ်တို့၏ချေးငွေဖြင့် တည်ဆောက်ထားသော ပထမဆုံးဆိပ်ကမ်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management