(ခ) ငယ်နာမည် - မောင်လှိုင်
၂။ မိဘအမည် - ဦးဖိုးစိန် + ဒေါ်အိမ်
၃။ မွေးသက္ကရာဇ် - ၁၄၊ ၁၂၊ ၁၉၁၀
၎။ မွေးဖွားရာဒေသ - သန်လျင်မြို့နယ်၊ ချောင်းဝရွာ (ယခု-ကံသာမြင့်ရွာ)
၅။ ကလောင်အမည်ခွဲများ - သီရိဝါသေဋ္ဌာစရိယ
ထေရုပ္ပတ္တိအကျဉ်း
သပြေကန် ဆရာတော်လောင်းလျာကို ၁၉၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင် သန်လျင်မြို့နယ် ချောင်းဝကျေးရွာ (ယခု ကံသာမြင့်ရွာ) ကျေးရွာတွင် အဘ ဦးဖိုးစိန်၊ အမိ ဒေါ်အိမ်တို့က ဖွားမြင်သည်။ ငါးနှစ်သား အရွယ်မှ စ၍ ချောင်းဝရွာ စာသင်ကျောင်းတိုက်၌ လည်းကောင်း၊ မင်္ဂလွန်ရွာ ဘုန်းတော်ကြီး အရှင်ရေဝတထံ၌ လည်းကောင်း စာပေ သင်ကြားခဲ့ရာ "နမောတဿ၊ ဧဝံမေသုတံ" စသော ပါဠိဘာသာများနှင့် ရင်းနှီး ကျွမ်းဝင်ခဲ့သည်။ကိုးနှစ်သား အရွယ်တွင် သာမဏေဘဝသို့ ရောက်သည်။ ဘွဲ့တော်မှာ ရှင်ဝိမလ ဖြစ်သည်။ သပြေကန် မဟာဓမ္မိကာရာမ ကျောင်းတိုက်ရောက်မှ သပြေကန် ဓမ္မိကာရာမ ဆရာတော်ကြီးသည် ဦးဝိမလ အမည်ရှိသော ဆရာတော် တပါးထံမှ ပညာသင်ခဲ့ဖူး၍ သူ၏ ဆရာတော် ဖြစ်ခဲ့ဖူးသောသူနှင့် ဘွဲ့တော်ချင်း တူရကား သူ့ဆရာကို လေးစား၍ ဘွဲ့အမည်ကို မခေါ်ရဲခြင်းကြောင့် "ရှင်ဝါသေဋ္ဌ" ဟူသော ဘွဲ့မည်တော် ပြောင်းပေးခဲ့သည်။ ထိုသပြေကန် မဟာဓမ္မိကာရာမ ဆရာတော်ကြီးနှင့် စာချ ဆရာတော်များထံတွင် "သဒ္ဒါ-သဂြုင်္ီ-အဘိဓာန်-ဆန်း-အလင်္ကာ" တို့ကို သင်ယူခွင့် ရခဲ့သည်။ ၁၃ နှစ်သား အရွယ်၌ ပထမငယ်တန်းကို ဖြေဆိုရန် စာရင်းသွင်းခဲ့သော်လည်း ထိုအချိန်အခါက သတ်မှတ်ထားသော စာမေးပွဲ စည်းကမ်းအရ ၁၅ နှစ် မပြည့်သေး၍ ဖြေဆိုခွင့် မရခဲ့ပေ။ ၁၅ နှစ်ကျော်၍ ဖြေဆိုခွင့်ရသောအခါ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းများကို နှစ်ဆက် အောင်မြင်ခဲ့သည်။
၁၅ နှစ်သား အရွယ်တွင် "ဥဘတောဝိဘင်္ဂရေ" ဘွဲ့၊ အသက် ၁၈ နှစ် အရွယ်တွင် ဝိနည်းငါးကျမ်း ပြန်ဆိုအောင်မြင်၍ "ဝိနယဓရ" ဘွဲ့ကို ရရှိခဲ့သည်။ ထိုအချိန်အခါက သာမဏေ ဘဝဖြင့် ဝိနည်း ပါဠိတော် ကျမ်းကြီးများကို ကျတ်မှတ်ပြန်ဆိုသူကား မရှိခဲ့ပေ။ ယခုခေတ်မှသာ တိပိဋက စာမေးပွဲကြီး ဖြစ်ပေါ်လာသောကြောင့် ကျတ်မှတ်ပြန်ဆိုသူများ အနည်းငယ် ရှိခဲ့သည်။ ထိုအကြောင်းများကို ထောက်၍ သပြေကန် ဆရာတော်လောင်းလျာကား ဂုဏ်ကို လိုလား၍ ဝိနည်း ပါဠိတော်ကြီးများကို ပြန်ဆိုသည်မဟုတ် သာသနာတော်ကို ကြည်ညို၊ ဘုရား ဥပဒေတော်တို့ကို ပူဇော်လိုသော သဒ္ဒါတရား သက်သက်ကြောင့်သာ ပြန်ဆိုခြင်း ဖြစ်သည်။
၁၉၃၀ ခုနှစ်၊ ဇူလိုင်လ၊ ၁၀ ရက်နေ့တွင် "သပြေကန် သဒ္ဒါကြီး နိဿယသစ်၊ ကစ္စာယနသံခိပ်၊ ဂဏသင်္ဂဟဒဿန၊ သုတ္တသင်္ဂဟ" ကျမ်းတို့ကို ပြုစုတော်မူသော ပထမ သပြေကန် ဆရာတော် ဘုရားကြီးကို ဥပဇ႙ာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ခဲ့သည်။ သက်တော် ၂၁ နှစ်၊ ရဟန်း တစ်ဝါ အရတွင် ရန်ကုန်မြို့ "စေတိယင်္ဂဏပရိပတ္တိ" အသင်း၌ သံယုတ်ပါဠိတော် ၅ ကျမ်းကို ပြန်ဆို အောင်မြင်၍ ဝါသေဋ္ဌာဘိသိရီပဝရ သာသနာ ဓဇသံယုတ္တဘာဏက ဟူသော ရှားပါး ခဲယဉ်းသော ဘွဲ့တော်ကို ထူးထူးခြားခြား ရရှိတော်မူခဲ့ပါသည်။
ရဟန်း နှစ်ဝါအရတွင် ပခုက္ကူမြို့ မဟာဝိဇယာရာမ (အရှေ့) တိုက် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တဇဝနနှင့် မန္တလေးမြို့ အဘယာရာမ ရွှေဂူတိုက် ဘဒ္ဒန္တအဂ္ဂဓ္ဓမ စသော ဆရာတော်ကြီးများ ထံတော်၌ မာဂဓနှင့် သက္ကတ စာပေများကို သင်ကြားခဲ့သည်။ မြန်မာပြည် သာသနာဝင်၌ ထင်ပေါ် ကျော်ကြားသည့် စာမေးပွဲကြီးဖြစ်သော "သကျသီဟ" ခေါ် ပရိယတ္တိ သာသနာ့ဟိတ အသင်း စာမေးပွဲကြီး၌ စာသင်တန်းနှင့် စာချတန်းများကို အောင်မြင်သောကြောင့် "ပရိယတ္တ သာသနာဟိတ ဓမ္မာစရိယ" ဘွဲ့ကိုလည်း ရရှိတော်မူသည်။ ၁၉၃၈ ခုနှစ်၌ မိမိ၏ ဥပဇ႙ာယ် ဆရာ ပထမ သပြေကန် မဟာဓမ္မိကာရာမ ဆရာတော်ကြီး ပျံလွန်တော်မူရာ ၁၉၃၉ ခုနှစ်၊ ဝါဆိုဦး၌ တာဝန်အရ သပြေကန် မဟာဓမ္မိကာရာမ တိုက်ကြီးသို့ ပြန်လည့် ကတော်မူလာကာ စာသင်သားတို့အား စာပေ ပို့ချပေးလျက်နေစဉ် အစိုးရ ဓမ္မာစရိယ စာမေးပွဲကြီး ပေါ်ပေါက်လာရာ ထိုစာမေးပွဲကို ဝင်ရောက် ဖြေဆိုတော်မူ၍ တနှစ်တည်းဖြင့် ကျမ်းရင်း သုံးကျမ်းနှင့် ဂုဏ်ထူး ခြောက်ကျမ်းကိုပါ ပထဆုံး ဖြေဆို အောင်မြင်တော်မူသောကြောင့် "သာသနာဓဇ သီရိပဝရ ဓမ္မာစရိယသိရောမဏိ" ဘွဲ့တော်ကို ပထမဆုံး ရရှိတော်မူပါသည်။
ဆရာတော်သည် စာမေးပွဲများကိုသာ ထူးချွန်စွာအောင်မြင်တော်မူ သည်မဟုတ်သေး၊ ဉာဏ်ပညာထက်မြက်ရုံမျှမဟုတ် စိတ်ကူးဉာဏ်ကောင်းလှ၍ စာအရေးအသားသွက်လက်ဆန်းသစ်သည်။ ပါဠိစာပေအရာ ဂါထာစုဏႜိယ မြန်မာစာပေအရာ အလင်္ကာကဗျာနှင့် စကားပြေ အရေးအသားတို့မှာ ထိပ်သီးစာပေပညာရှင်များပင် အံ့သြချီးကျူးကြရသည်။ ဆရာတော်ကြီး ရေးသားတော်မူသော စာပေများအနက် ပရိတ်ကြီး နိဿယသစ်သည် အထင်ရှားဆုံးဖြစ်သည်။ ဆရာတော်သည် စာပေအရေးအသားကောင်းသကဲ့သို့ ပင် တရားနှင့်စပ်၍ အပြောအဟောမှာလည်းကောင်းသည်။ တရားတော်၏ အနှစ်သာရကို ဆန်းသစ်သည့် ဝေါဟာရပီပြင်သည့် အသုံးအနှုန်းများဖြင့် တရားနာပရိသတ်၏ နားထဲစွဲသွားအောင် ဟောပြောနိုင်စွမ်းရှိသည်။ ထို့ပြင် ပိဋကတ်စာပေလာခဲရာခဲ ဆစ်ပြဿနာများကို လျှောက်ထားလာလျှင် ပြဿနာရှင်များ ဉာဏ်အမြင် ရှင်းရအောင် ဖြေနိုင်စွမ်းရှိ၍ ဝိနိဈယဉာဏ် ရင့်သန်လှသည်ဟု ပြဿနာရှင်များက မှတ်ချက်ချကြသည်။ ပါဠိစာပေပညာရှင်ကြီးများက ဆရာတော်၏ ပါဠိအရေးအသားကို "စံ" အဖြစ်ထားကြသည်။ မြန်မာစာပေပညာရှင်ကြီးများက ဆရာတော်၏ မြန်မာစာအရေးအသားကို အားကျကာ အတုယူရေးသားကြသည်။
ဆရာတော်သည် ကျမ်းဂန်တတ် အကျော် ဖြစ်သော်လည်း မာန်မာန မရှိဘဲ မိမိကိုယ်ကို နှိမ့်နှိမ့်ချချ နေထိုင် ပြောဆိုလေ့ရှိသည်။ ဆရာတော်၏ စကားသံသည် ဒေါသ၊ မာန ကင်းနေသည့် အသံမျိုး ဖြစ်သည်။ ဆရာတော်ကား ဂုဏ်သတင်း ကျော်စောမှုကို မလိုလား လာဘ်လာဘ ရရှိမှုကို အလေးမထားခြင်း ဟူသော "ဂုဏအပိဈတာ - လာဘအပိဈတာ" ဂုဏ်တို့ကြောင့် ဆရာတော်ကို သာမာန် ပုဂ္ဂိုလ်များထက် စာပေ ပညာရှင်များနှင့် သူတော်ကောင်းကြီးတို့က ပိုမိုကြည်ညို လေးစားကြသည်။
ဆရာတော်သည် ၁၉၇၈ ခုနှစ်တွင် ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ် ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လ (ဓမ္မစရိယ) (ဘီအေ-ရန်ကုန်) (ဘီအေ-ဂုဏ်ထူး-လန်ဒန်) ပျံလွန်တော်မူသော အခါ ရန်ကုန်တိုင်း ရွှေကျင်နိကာယ ဝိနည်းပြန် ဌာန သံဃာတော်များ၊ ကျောင်းတိုက် သံဃာတော်များက တာဝန် ပေးအပ်နှင်းသည် ဖြစ်၍ သံဃာ့ ဆန္ဒအရသာ ရွှေကျင်ကျောင်းတိုက်ကြီး၏ ပဓာန နာယက အဖြစ် တာဝန် ယူခဲ့ရသည်။ မိမိဆန္ဒဖြင့် ရွှေကျင်ကျောင်းတိုက်ကြီးကို လက်ခံလိုခြင်း၊ နေထိုင်လိုခြင်း အလျဉ်းမရှိပါ။ ဆရာတော်၏ ဘဝ တသက်တာသည် မိမိကိုယ်ကို ဆန္ဒနှင့်အညီသာ ဖြစ်စေခဲ့သည်။
ဘ၀နိဂုံး
ဆရာတော်သည် ၁၉၈၄ ခုနှစ်၌ "အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့၊ ၁၉၉၁ ခုနှစ်တွင် "ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက" အဖြစ်နှင့် ၁၉၉၂ ခုနှစ်တွင် "အဘိဓဇမဟာရဌဂုရု" ဘွဲ့တံဆိပ်တော်ကို ခံယူတော်မူသည်။ သက်တော် ၈၅ နှစ်အထိ သာသနာ့ တာဝန်ကို ထမ်းဆောင်တော်မူရင်း ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၆ ရက် တနင်္လာနေ့တွင် တဘဝ အတွက် ချုပ်ငြိမ်းတော်မူပါသည်။ရေးသား ပြုစုတော်မူခဲ့သော ကျမ်းစာများ
၁။ အဘယာရာမသန္ဓစိန္တာနိဿယ နိဒါန်း ၁၉၃၄၂။ ဆဌသံဂါယနာမူ ပါဠိတော်အဌကထာ ကျမ်းစာများ၏ ပါဠိ နိဒါန်းများ ၁၉၅၄
၃။ ဓမ္မနှင့် ဂုဏ်အဖွဲ့စုံ ၁၉၆၆
၎။ ဥပသကာဂုဏ်ရည်နှင့် သရဏဂုံတရားတော် ၁၉၈၅
၅။ သပြေကန် ပရိတ်ကြီး နိဿယသစ် ၁၉၈၉
၆။ နိဗ္ဗာန်ချမ်းသာ တရားတော် ၁၉၉၀
၇။ ဗောဇ႙င်ခုနှစ်ပါး တရားမြတ် ရတနာ ၁၉၉၀
၈။ ဆဆက္ကသုတ္တန် တရားတော် ၁၉၉၁
၉။ သပြေကန် တရားပေါင်းချုပ် အမှတ် (၁) ၁၉၉၂
၁၀။ စေတီနှင့် ရိုသေမှု ၁၉၉၉
၁၁။ သပြေကန် ဓမ္မပဒ ပါဠိတော်နိဿာသစ် ၂၀၀၀
၁၂။ မရဏာနုဿတိ ဘာဝနာသံဝေဂ ဓမ္မကထာများ (ဆရာတော်ကြီး ဘဝနတ်ထံ စံလွန်တော်မူသည့် ခြောက်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေသည်) ၂၀၀၁
၁၃။ သပြေကန် တရားပေါင်းချုပ် အမှတ် (၂) ၂၀၀၂
၁၄။ သပြေကန်စာတိုပေစ (ဆရာတော်ကြီး ဘဝနတ်ထံ စံလွန်တော်မူသည့် ရှစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေသည်) ၂၀၀၂
၁၅။ သင်္ကြန် တရားတော်များ ၂၀၀၂
၁၆။ အဘယာရာမိကဂုဏ်ရည် ၂၀၀၂
၁၇။ ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ ဂါထာကြီး (၇၄) ဂါထာ ၂၀၀၂
စာညွှန်း
- ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၆ နိုဝင်ဘာမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (ဒုတိယတွဲ)' ကနေ "သပြေကန် ဆရာတော် (၁၉၁၀- ၁၉၉၅)" ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းနဲ့ စာစုစာရင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိများကို တွေ့ရှိသမျှ မှတ်သားကာ ပြန်လည် မျှဝေခြင်းဖြင့် သူတော်ကောင်းအပေါင်းတို့အားး ဒါနပြုရပါလို၏....။....။
အောင်အောင်(မကစ)
www.ledimyethar.com
www.depelyin.co.c
0 comments:
Post a Comment