Tuesday, March 19, 2013

သရေပွဲအများစုနှင့် အဆုံးသတ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်များ




စိုးလင်းဦး(ယာ)၏ ကန်ချက်ကို တွေ့မရှောင် ကာကွယ်နေစဉ်။
ဓာတ်ပုံ - ရတနာ
အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ချုပ်မှ ကြီးမှူးပြီး Calsome ကွေကာမှ အဓိကပံ့ပိုးကူညီကာ T & T Group မှ စီစဉ်တင် ဆက်သည့် မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများကို ပြီးခဲ့သည့် တနင်္ဂနွေ နေ့က ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံ၌ ကျင်းပခဲ့သည်။
ယင်း ပွဲစဉ်များတွင် သုံးချီစိန်ခေါ်ပွဲ နှစ်ပွဲ၊ လေးချီစိန်ခေါ်ပွဲ လေးပွဲနှင့် ငါးချီစိန်ခေါ် ပွဲနှစ်ပွဲ စုစုပေါင်းပွဲစဉ်ရှစ်ပွဲ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။
ထိုသို့ ပွဲစဉ်ရှစ်ပွဲ ထိုးသတ်ရာ၌ အနိုင်အရှုံးရလဒ် ပွဲစဉ်တစ်ပွဲသာ ထွက် ပေါ်ခဲ့ပြီး ကျန်ခုနစ်ပွဲ မှာ သရေလဒ်များနှင့်သာ အဆုံးသတ် ခဲ့သည်။
သို့သော်ပရိသတ်များအတွက် ပွဲစဉ်အားလုံးမှာ အကြိုက်ဖြစ်ခဲ့သည်။ သုံးချီစိန်ခေါ်ပွဲတွင် မျိုးဆက်သစ်နှင့် အထူးစိန်ခေါ်ပွဲဟု နှစ်မျိုးခွဲ ထား ပြီး မျိုးဆက်သစ်ပွဲစဉ်တွင် ဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် ခင်ဝင်း (၀ါဆို)တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။၊
နှစ်ယောက်စလုံးမှာ အလယ်တန်းကျောင်းသားအရွယ် တကယ့်လူငယ်လေးများဖြစ်သော်လည်း နည်းစနစ်ကောင်းကောင်း၊ အသည်း ကောင်းကောင်းနှင့် တစ်ဦးနှင့် တစ်ဦး အနိုင်မခံ အရှုံးမပေး ဇွဲသတ္တိ ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားသည့်အတွက် ပရိသတ် လက်ခုပ်ဩ ဘာသံများ ဆူညံ ခဲ့ပြီး သရေရလဒ်နှင့် အဆုံးသတ်သွား သည်။
ထိုပွဲစဉ်အပြီး လေးချီစိန်ခေါ်ပွဲများ ဆက်လက်ထိုးသတ်ရာ ပထမဆုံးပွဲစဉ် ဖြစ်သော စောအယ်လေး (T&T) နှင့် ရန်တိုင်းကျော်(၀ါဆို) တို့ပွဲမှာ လေးချီ စိန်ခေါ်ပွဲစဉ်များ၌ အကောင်းဆုံးပွဲစဉ် ဟု ဆိုရမည်ဖြစ်သည်။
စောအယ်လေးမှာ ထောက်လက်သီးများအသုံးပြုပြီး ရန်တိုင်းကျော်ကို ပထမအချီကတည်း ကပင် ဖိထိုးခဲ့သည်။ ရန်တိုင်းကျော်မှာ ယင်းထောက်လက်သီးများကြောင့် အလစ်အငိုက်မိကာ ပထမအချီတွင် နိမ့်သလိုဖြစ်ခဲ့ရသည်။
ဒုတိယအချီတွင် မူ ရန်တိုင်းကျော်သည် စောအယ်လေး၏ ထောက်လက်သီးများကို သတိထား ရှောင်နိုင်ခဲ့ပြီး တန်ပြန်ထိုးသတ်နိုင်ခဲ့ သည်။
ထို့ကြောင့် ဒုတိယအချီတွင် ရန်တိုင်းကျော်မှာ စောအယ်လေးကို မျက်ခုံးကွက်သွားအောင် ထိုးသတ်နိုင်ခဲ့သည်။ စောအယ်လေးသည် မိမိ၏အားသာချက်ကို ပြိုင်ဘက်ကစားသမားက သိရှိ သွားသည့်အတွက် ပထမအချီတုန်းက လို အခွင့်အရေးမျိုးမရတော့ပဲ သတိဖြင့် ထိုးသတ်ခဲ့ရသည်။
ကစားသမား နှစ်ယောက်စလုံး အလုံးအထည်၊ သက်လုံ၊ ပညာတို့မှာ သိပ်မကွာတာ ကြောင့် လေးချီပြီးဆုံးချိန်အထိ အရှုံး အနိုင်ရလဒ် မပေါ်ဘဲ သရေနှင့် အဆုံးသတ်သွားသည်။
ထို့အတူ ကြယ်လေး(ရွှေဖူး)နှင့် သိန်းညီညီ (အလင်းရောင်)၊ ကြယ်စင်ဖြိုး (အဖြူ ရောင်သွေးသစ်)နှင့် ၀င်းမောက် (မျိုးဇာနည်)တို့၏ လေးချီစိန်ခေါ်ပွဲများမှာလည်း ပူးတွဲသရေများနှင့်သာ အဆုံးသတ်ခဲ့သည်။ လေးချီပွဲတစ်ပွဲဖြစ်သော စောသဲမင်း(မိုးသောက်ကြယ်) နှင့် ကျော်ခေါက်(ဒေါင်းမြန်မာ)တို့ပွဲစဉ်တွင် စောသဲမင်းက ပထမအချီမှာပဲ အလဲထိုး အနိုင်ရရှိသွားသည်။
ငါးချီပွဲစဉ်တစ်ပွဲ ဖြစ်သော လေးညှို့ရှင် (သာစည်)နှင့် ရဲတံခွန် (အလင်းရောင်)တို့ပွဲတွင် တတိယအချီ၌ ရဲတံခွန် အမှတ်စဉ် အရေခံရ သောလည်း ပွဲပြီးချိန်မှာ သရေရလဒ်ရအောင် ထိုးသွားနိုင်ခဲ့သည်။
ယင်းပွဲစဉ်များအပြီး သုံးချီအထူးစိန် ခေါ်ပွဲအဖြစ် ခွန်ကျော်ဆွေ(သထုံ)နှင့် စောတင်းပုတ်(ခ) Sean (လှိုင်သာယာ) တို့၏ ပွဲစဉ်ကို ယှဉ်ပြိုင်စေခဲ့သည်။ လက်ဝှေ့သမားနှစ်ယောက်စလုံးမှာ အသက် ၄၀ ကျော်နေပြီဖြစ်သော်လည်း ပွဲပြီးဆုံးချိန်အထိ အကောင်းဆုံး ယှဉ်ပြိုင်ထိုး သတ်သွားကြသည်။
နောက်ဆုံးပွဲစဉ်အဖြစ် တွေ့မရှောင် (နဂါးမာန်)နှင့် စိုးလင်းဦး(မျိုးဇာနည်)တို့ပွဲစဉ်ကလည်း ပရိသတ်တွေအတွက် စိတ်ကျေနပ် လောက်သည့် ပွဲတစ်ပွဲဖြစ်ခဲ့ သည်။ အတွေ့အကြုံပိုင်းမှာ အများကြီး သာသည့် တွေ့မရှောင်လို လက်ဝှေ့သမားကို သူတစ်ပြန် ကိုယ် တစ်ပြန် ထိုးသတ် သွားနိုင်သည့် စိုးလင်းဦး၏ ပညာနှင့် သတ္တိကတော့ ချီးကျူးစရာကောင်း လှသည်။
သူတို့နှစ်ဦးဟာ အခုပွဲမတိုင်မီ နယ်ပွဲစဉ်တစ်ပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး သရေပွဲနှင့် အဆုံးသတ်ခဲ့သည်။ ယခုပွဲစဉ်မှာလည်း နှစ်ယောက်စလုံး ဟာ ဆုံးဖူးသည့် သူတွေဖြစ်နေတာကြောင့် တစ်ယောက် အကြောင်းတစ်ယောက် သိနေပြီး အကောင်းဆုံးယှဉ်ပြိုင်သွားခဲ့ကာ သရေ နဲ့ပဲ အဆုံးသတ်သွားခဲ့သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management