Wednesday, March 27, 2013

ကမ္ဘောဒီးယားနိုင်ငံကို ကာကွယ်ရန် ကာစီနိုလောင်းကစားရုံများ ဖွင့်လှစ်ရ





ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်တစ်လျှောက်တွင် တည်ဆောက်ထား သည့် ကာဆီနိုလောင်းကစားရုံများအနက်မှ တစ်ခု။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဖနွမ်းပင်- ကမ္ဘောဒီးယား နယ်စပ် တစ်လျှောက်တွင် ကာစီနို လောင်းကစားဝိုင်းတွေ တည်ဆောက်ခွင့်ပြုခဲ့ရခြင်းသည် နိုင်ငံ၏ ပိုင်နက်နယ်နိမိတ်ကို ပတ်ဝန်းကျင်နိုင်ငံများရန်မှ ကာကွယ်ရန် 'လျှို့ဝှက်ဗျူဟာ' ဖြစ်သည်ဟု ကမ္ဘောဒီး ယားဝန်ကြီးချုပ်ဟွန်ဆန်က ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြား လိုက်သည်။
ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ် သတ်မှတ်ရေး ပြဿနာများနှင့် ပတ်သက်၍ ပါလီမန်အတွင်း၌ ငါးနာရီကြာ မိန့်ခွန်းပြောရာတွင် ၀န်ကြီးချုပ် ဟွန်ဆန်က "ကျွန်တော် ကာစီနိုတွေကို မကြိုက်ပါဘူး။ ဒါပေမယ့် ကာစီနိုတွေ တည်ဆောက်ဖို့ ခွင့်ပြုရတဲ့ အဓိက ရည်ရွယ် ချက်က နိုင်ငံရဲ့နယ်နိမိတ်ကို ကာကွယ်ချင်လို့ပါ။
နယ်ခြားအမှတ်အသား ကျောက်တိုင်ကို ရွှေ့ပစ်လို့ရတယ်။ ငါးထပ် တိုက် ဟိုတယ်အဆောက်အအုံကိုတော့ ရွှေ့ပစ်လို့ ဘယ်ရမလဲ။ ခင်ဗျားတို့က မပြောမဖြစ်အောင် ၀ိုင်းဖိအားပေးနေတော့ ထုတ် ပြောလိုက်ရတော့တာပေါ့။ အမှန်က ဒါဟာ နိုင်ငံကို ကာကွယ်ဖို့ 'လျှို့ဝှက် မဟာဗျူဟာ'သာ ဖြစ်သင့်တာပါ" ဟု ပါလီမန်တွင်း ၌သူ့ကို ဝေဖန်နေသော အတိုက်အခံများကို ပြောကြားခဲ့သည်။
အတိုက်အခံများက လောင်းကစား ကာစီနိုများ နိုင်ငံနယ်စပ်တစ်လျှောက် တည်ထောင်ခွင့်ပြုခြင်းသည် နိုင်ငံ အတွက် အန္တရာယ် ရှိသည်ဟု ၀န်ကြီးချုပ်ကို ဝေဖန်ခဲ့ကြသည်။ ဗီယက်နမ်က ကမ္ဘောဒီးယား ပိုင်နက်ကို ကျူးကျော်နေသည်ကို ၀န်ကြီးချုပ် ဟွန်ဆန်က ခွင့်ပြု နေသည်ဟု အတိုက်အခံများက စွပ်စွဲသည်။
ပြင်သစ် ကိုလိုနီလက်အောက်ခံ အမွေအဖြစ် ဗီယက်နမ်နှင့် ကမ္ဘောဒီး ယားအကြား နယ်နိမိတ်ပြဿနာမှ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး နောက် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် မိုင် ၇၉၀ ကျော်ရှည်သော နှစ်နိုင်ငံအကြား နယ်နိမိတ်ကို တရားဝင် သတ်မှတ် ခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် နယ်စပ်တစ်လျှောက် ကာစီနိုကစားဝိုင်းများတည် ထောင်ပြီး ဟိုတယ်များ ဆောက်ခွင့်ပြု ခဲ့သည်။ လောင်းကစားသူများမှာ နိုင်ငံခြားမှ လောင်းကစားသမားများသာ ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသားများကို ပါဝင်လောင်းကစားခွင့်မပြုချေ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management