ခန်းသည် ယင်းဒေသို့ နောက်ထပ် နှစ်ခေါက်သွားရောက်ခဲ့ပြီးချိန်တွင်၊ အကြွေးများ ပြန်ဆပ်နိုင်ရုံမျှမက ကြာရှည် လုပ်ကိုင်တတ်လာ သည့် သူ့လုပ်ငန်းအတွက် ငွေပင်ငွေရင်းများပင် ရရှိလာနိုင်ခဲ့သည်။ ရှေးဟောင်းဒင်္ဂါးများ၊ ရုပ်တုများနှင့် အဖိုးတန်အဆင်တန်ဆာ အမြောက်အမြားကို တူးဖော်ရောင်းစားခဲ့သော ခန်း က "ကျွန်တော့ရန်သူတွေကိုရော၊ ကျွန်တော့မိတ်ဆွေရဲ့ ရန်သူတွေကိုပါ အခု ပြန်တိုက်နိုင်ပါပြီ။ ဒီလုပ်ငန်းနဲ့ ကျွန်တော်ရူးပီးသန်းချီပြီး ရနေပါတယ်" ဟု အစ္စလမ္မာဘတ်မြို့နှင့် မိုင် ၈၀ (ကီလိုမီတာ ၁၃၀)အကွာရှိ ချာဆတ်ဒါ မြို့တွင် ခေတ်မီလက်နက်များအနီး ထိုင်လျက် ပြောသည်။
ပါကစ္စတန်နိုင်ငံသည် အိန္ဒုယဉ်ကျေးမှု (ဘီစီ ၂၅၀၀ - ၁၇၀၀) နှင့် ဂန္ဓာရယဉ်ကျေးမှု (ဘီစီ ၅၃၀ မှ အေဒီ ၂၀၂၁ အထိ) များ ထွန်းကားခဲ့သော ဒေသဖြစ်သည်။ ဂန္ဓာရခေတ်ရှေးဟောင်းပစ္စည်းများမှာ တန်ဖိုးအများဆုံး ဖြစ်သည်။ ဘီစီခြောက်ရာစုတွင် နီပေါ နိုင်ငံ၌ ဖွားမြင်တော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ ဆင်းတုတော်များမှာ ကမ္ဘာတစ်ဝန်း မှောင်ခိုဈေးကွက်တွင် ဒေါ်လာထောင်ချီ ၍ ဈေးကောင်းရနေသည်။
ခန်းက ရှေးဟောင်းပစ္စည်းတူးဖော်သည့် လုပ်ငန်းခွင်တစ်ခုမစတင်မီ သက်ဆိုင်ရာရဲစခန်းသို့ လာဘ်ငွေရူးပီး ၁၀,၀၀၀ (ဒေါ်လာ ၁၀၀) ကြိုတင်ပေး ထားရသည်။ လုပ်ငန်းစလျှင် နေ့စဉ်တစ် နေ့ရူးပီး ၁,၀၀၀ (၁၀ ဒေါ်လာ) နှုန်းပေး ရသည်။ တူးဖော်ရရှိသည့် ရှေးဟောင်း ပစ္စည်းများကို အနောက်မြောက်ပိုင်းမြို့တော် ပက်ရှာဝါတွင် လက်လွှဲရောင်းချသည်။
ထိုသူများက အစ္စလမ္မာဘတ်မြို့တော် နှင့် အဝေးမြို့များတွင် ကုန်သည်များ အား ရောင်းချပြန်သည်။ ယင်းကုန်သည်များက ထိုင်း နိုင်ငံသို့ မှောင်ခိုတင်ပို့ တော့သည်။ ပက်ရှာဝါမှ အစ္စလမ္မာဘတ်သို့ သယ်ဆောင်ရာတွင် အမျိုးသမီးများကို အသုံး ပြုကြသည်။
လုံခြုံရေးဂိတ်များတွင် ရဲများက အမျိုးသမီးများကို စစ်ဆေးရှာဖွေလေ့ မရှိကြဟု ဆိုသည်။ ရှေးဟောင်းပစ္စည်း မှောင်ခိုသမား ရာဂျာဂျဗက်၏ ဖောက်သည်များ ပက်ရှာဝါမြို့၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့တွင်ရှိသည်။ ဂျဗက်ကလည်း ဤလုပ်ငန်းကို နှစ် ၂၀ နီးပါး လုပ်ကိုင်ခဲ့ပြီးဖြစ်နေ၍ ရူးပီးသန်းပေါင်းများစွာ တန်ဖိုးရှိသော ရှေးဟောင်းအနုလက်ရာပစ္စည်းများ ထောင်ချီရောင်းချခဲ့ပြီး ဖြစ်သည်။
ယခုအခါ ဂန္ဓာရပြည်နယ်၊ တက္ကသီလာမြို့ပြတိုက် နှင့် မီတာအနည်းငယ်အကွာရှိ တစ်ဧက နီးပါးကျယ်ဝန်းသည့် ခြံကြီးတွင် ကြီးကျယ် ခမ်းနားစွာ နေထိုင်လျက် ရှိသည်။ သူ့အဆိုအရ ကီလိုဂရမ် ၄၀ မှ ၈၀ အတွင်းရှိ ကြီးမားသည့် ဗုဒ္ဓဆင်းတုတော် အဆူ ၂၀ ကို တစ်ဆူလျှင် ဒေါ်လာ ၂၀,၀၀၀ ၀န်းကျင်နှုန်းဖြင့် ရောင်းချခဲ့ပြီး ဖြစ်သည်။ သူ့လုပ်ရပ်သည် ရာဇ၀တ်မှုမြောက်သည်ဟု သူ မယုံကြည်။
အစိုးရကသာ ရှေးအနုပညာလက်ရာပစ္စည်းများကို ပေါက်ဈေးဖြင့် ၀ယ်ယူရမည်ဟု သူ ယုံကြည်ထားသည်။ ရှေးဟောင်းရုပ်တုများ၊ ရွှေဒင်္ဂါးပြားများ၊ ရတနာအဆင်တန်ဆာများ၊ အသုံးအဆောင်ပစ္စည်းများအား မိမိပိုင်ခြံဝိုင်း အတွင်း၌ တူးဖော်ရရှိလင့်ကစား ပြောင်း ရွှေ့ခြင်း၊ ရောင်းချခြင်းမပြုရန် ဥပဒေဖြင့် တားမြစ်ထားသည်။ ရှေးဟောင်းပစ္စည်းများသည် ပါကစ္စတန်နိုင်ငံတွင် အစိုးရပိုင်ဖြစ်၍ အဆိုပါ ပစ္စည်းတစ်ခုအား ပြောင်းရွှေ့၊ ရောင်းချသူများသည် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ဒဏ်ငွေ ရူးပီး ၅၀၀,၀၀၀ (ဒေါ်လာ ၅,၃၀၀) သို့မဟုတ် ယင်းပြစ် ဒဏ်နှစ်ရပ်စလုံး စုပေါင်းကျခံရမည်ဖြစ်သည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ရှေးဟောင်းပစ္စည်း မှောင်ခိုသမားများ၏ ဗဟိုချက်ဖြစ်သည့် ပက်ရှာဝါမြို့ရတနာ ပစ္စည်းဈေးကွက်တွင် လည်း ဂျဗက်နှင့် ခန်းတို့ကို တွေ့ရသည်။ ပစ္စည်း၏ အရည် အသွေး၊ အခြေအနေနှင့် ခေတ်ကာလ အလျောက် ရှေးဟောင်းပစ္စည်း တစ်ခု၏ တန်ဖိုးမှာ ဒေါ်လာဆယ်သန်းအထိ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။ ရှေးဟောင်းပစ္စည်းမှောင်ခိုလုပ်ငန်း တွင် အတုပြု လုပ်ခြင်း၊ ပုံတူထုလုပ်ခြင်း များလည်း ရှိသည်။ နိုင်ငံခြားခရီးသည် များ လာရောက်ဆဲဖြစ်သည့် တက္ကသီလာ မြို့များမှ ပန်းပုဆရာ တစ်ဦးက ကျောက်တုံးကို ဗုဒ္ဓဆင်းတုထွင်းထုပြီး ရွှံ့တွင် နှစ်ကာ ရှေးပစ္စည်းသဏ္ဌာန်ပေါ်အောင် ဖန်တီးပြသလိုက်သေးသည်။
0 comments:
Post a Comment