Sunday, March 10, 2013

နဂါးကိုးကောင်ပန်းပုလက်ရာကို ကမ္ဘာ့အံ့ဖွယ်ပြသနိုင်ရန် တိုင်းဒေသကြီးသစ်တောညွှန်မှူးက ကူညီမှုများပေးသွားမည်

နဂါးကိုးကောင်ပန်းပုလက်ရာကို ကမ္ဘာ့အံ့ဖွယ်ပြသနိုင်ရန် တိုင်းဒေသကြီးသစ်တောညွှန်မှူးက ကူညီမှုများပေးသွားမည်



နဂါးကိုးကောင် ပန်းပုလက်ရာများ ပြုပြင်မွမ်းမံနေကြသည်ကို ယခုလ ၁၄ ရက်နေ့ကတွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ နယ်အတွင်းရှိ 'သိန်းသန်းအောင်' ပန်းပု သမအသင်းလီမိတက်က နဂါးကိုးကောင် ရုပ်လုံးကို ပိတောက်မြစ်မှ ထုလုပ် ပြီးစီးပြီဖြစ်ရာ သဘာဝအတိုင်း တည်ရှိ နေသောအရာများကြောင့် ကမ္ဘာ့ အံ့ဖွယ် ပြသနိုင်ရေးအတွက် သစ်တောဌာနက ကူညီ အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုတွေ့တဲ့ သစ်က အချိန်အတော် ကြာပြီ။ အခုနောက်ပိုင်း တော တွေထဲကို လူအရောက်အပေါက်များလာတဲ့ အတွက် နောင်ဆိုရင် အခုလို သဘာဝအတိုင်းသစ်တွေ ထပ်တွေ့ လာဦးမှာပါ။ ဖန်တီးနိုင်တဲ့ အနုပညာရှင်တွေနဲ့ တွေ့တော့ အခုလိုလှပတဲ့ ပုံတွေ ဖြစ်လာ တာပေါ့။ နောက်ဆို ဈေးကွက်လည်း ပွင့်လာတော့မှာပါ။ ကမ္ဘာ့အံ့ဖွယ်ပြသနိုင်ဖို့ ကိုလည်းဌာန အနေနဲ့ အားပေးသွားမှာ ပါ"ဟု မန္တလေးတိုင်းဒေသကြီး သစ်တော ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်သန်းဝင်းက ပြောသည်။
အဆိုပါ နဂါးကိုးကောင်ရုပ်လုံး ထုလုပ်ထားသော ပိတောက်မြစ်မှာ တန်ချိန်အားဖြင့် သုံးတန်ခွဲရှိပြီး အမြင့်ပေမှာ ကိုးပေခွဲ နှင့် လုံးပတ်မှာ ၁၄ ပေ၊ ၆ လက်မ ထိရှိသည်။ အဆိုပါ ပိတောက်မြစ်ကို စစ်ကိုင်း တိုင်းဒေသကြီးအတွင်းမှ ရရှိပြီးနဂါးကိုးကောင် ပြီးစီးသည်အထိ ထုလုပ်ရာ၌ ခြောက်လကြာမြင့်ကြောင်း သိရသည်။
"ဒီသစ်မြစ်က သဘာဝအလှတရား တွေနဲ့ပြည့်စုံတယ်။ အတွင်းထဲက တော့ သစ်အဆန်မရှိတော့ဘူး။ အပြင်ဘက် ပိုင်းမှာလဲ အနာမရှိဘူး။ လုံးပတ်အပြည့် အကုန်လုံး ကောက်ကြောင်းတွေက သဘာဝတိုင်း လှနေတယ်။ ဒီလို မျိုးရဖို့ မလွယ်ဘူး။
"တစ်မျိုးမဟုတ် တစ်မျိုးကတော့ အနာအဆာပါတာချည်းပါပဲ။ အခု ထုလုပ်ပြီးသွားပြီဆိုတော့ ကမ္ဘာ့အံ့ဖွယ်မှာ ပြသချင်တယ်။ အဲလိုပြသခြင်း အားဖြင့် နိုင်ငံအတွက်လည်း ဂုဏ်ယူစရာကောင်းမှာပါ။
ကျွန်တော်တို့ နိုင်ငံက အခုလို သဘာဝသယံဇာတတွေနဲ့ မြန်မာ့ပန်းပုလက်ရာ ပေါင်းစပ်လိုက်တဲ့ အနုလက်ရာတွေကို ကမ္ဘာက သိစေ ချင်ပါတယ်" ဟု ပန်းပုသမ၀ါယမအသင်းမှ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။
နဂါးကိုးကောင် ထုလုပ်ရာတွင် နဂါး ခေါင်းကိုးခေါင်းကိုသာ အဓိကထုလုပ် ထားခြင်းဖြစ်ပြီး အမြီးနှင့် လက်များကိုမူ သစ်လုံးပတ်၏ သဘာဝအလှများ ပျောက်မသွားစေရန် မူလအတိုင်း ထားရှိကာ ထုလုပ်ထားခြင်းဖြစ်ကြောင်း ပန်းပုပညာရှင်များက ဆိုသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management