အရှေ့တောင်အာရှ ထိပ်တန်းမှတ်တမ်းရုပ်ရှင်ငါးကားတွင် မြန်မာဇာတ်ကား နှစ်ကားပါဝင်
ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က
ဦးဆောင်ပြုလုပ်သည့် မှတ်တမ်းရုပ်ရှင်ပွဲတော် ထိပ်တန်းဇာတ်ကားငါးကား
စာရင်းတွင် မြန်မာနိုင်ငံမှ ဇာတ်ကားနှစ်ကား စာရင်းဝင်သွားကြောင်း
သတင်းရရှိသည်။
အရှေ့တောင်အာရှ နိုင်ငံများမှ မှတ်တမ်းရုပ်ရှင်ဇာတ်ကားများ ပါဝင်ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံမှ ဒေါက်တာ အောင်မင်း ရိုက်ကူးသည့် Clinic နှင့် ဒါရိုက်တာဝီရရိုက်ကူးသည့် Lass Man ဇာတ်ကားတို့ဖြစ်ပြီး ကျန်သုံးကားမှာ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှဖြစ်ကြောင်း အရှေ့တောင်အာရှ ရုပ်ရှင်ဇာတ်ကား ထိပ်တန်းငါးကားစာရင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ရိုက်ကူးထားသည့်ဇာတ်ကားနှစ်ကားအနက် ဒေါက်တာ အောင်မင်း ရိုက်ကူးထားသည့်မှာ ဆရာ ၀န်တစ်ဦး၏ အတွင်းစိတ်ပဋိပက္ခနှင့်လူနာတို့ကြား ပိတ်မိနေသည့် အဖြစ်အပျက်တို့ကို ရိုက်ကူးထားခြင်း ဖြစ်သည်။
“ကျွန်တော်က ဆရာဝန်ဖြစ်ပေမယ့် အနုပညာလုပ်ချင်တယ်။ ဒါပေမဲ့ ဆေးခန်းလေးထဲမှာ ပိတ်မိနေတယ်။ လူနာတွေက ဆရာဝန်ဆို သူရဲကောင်းထင်မှတ်ပြီး ကယ်နိုင်မယ်ထင်လို့ လာတယ်။ ဆရာဝန်က မကယ်နိုင်ဘူးဆိုတာ သိနေတယ်။ လူနာနဲ့ ဆရာဝန်ကြားက ပဋိပက္ခတွေကို အဓိက ရိုက်ကူးထားတာပါ” ဟု ဒေါက်တာအောင်မင်းက ပြောကြားသည်။
ဒါရိုက်တာဝီရမှာ မွေးရာပါ အရိုးကြွပ်ဆတ်ရောဂါကို ခံစားနေရသော မသန်စွမ်းသူ လူငယ်တစ်ဦး၏ ဘ၀အကြောင်းကို မိနစ် ၂၀ စာ ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။
“မသန်စွမ်းသူတွေမှာ သူတို့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းမရှိ၊ လူထုအပြင်ဘက်ကို ရောက်နေတယ်။ ခန္ဓာကိုယ် ချို့ယွင်းနေတာကို စိတ်ချို့ယွင်းနေသလို ခွဲခြားဆက်ဆံခံနေရတယ်။ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖန်တီးပေးသင့်တယ်ဆိုတာ ရည်ရွယ်ရိုက်ကူးထားတာပါ” ဟု ၎င်းက ပြောကြားသည်။
အရှေ့တောင်အာရှ ထိပ်တန်းမှတ်တမ်းရုပ်ရှင်ငါးကားထဲ ပါဝင်သည့် မြန်မာနိုင်ငံသား နှစ်ဦးသည် မတ်လ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်၌ ပြုလုပ်မည့် Care ရုပ်ရှင်ပွဲတော် ဖိုရမ်သို့ ငါးရက်ကြာ တက်ရောက်ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

3/17/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment